ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့အား ပြည်သူ့စစ်အဖွဲ့ဟု သုံးစွဲခြင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ကျောင်းကုန်းမြို့အနီး၌ လက်နက်မျိုးစုံအပါအဝင် မူးယစ်ဆေးဝါးများ ဖမ်းမိခြင်းမှာ KPDF နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ရှင်းလင်း

Printer-friendly versionSend by email

မော်လမြိုင် နိုဝင်ဘာ ၁

 

ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ (KPDF) ကို ပြည်သူ့စစ်အဖွဲ့ဟု သုံးစွဲခြင်းမှာ မှန်ကန်မှု မရှိကြောင်း နှင့်ကျောင်းကုန်းမြို့အနီး၌ လက်နက်မျိုးစုံအပါအဝင် မူးယစ်ဆေးဝါးများ ဖမ်းမိခြင်းမှာ KPDFနှင့် သက်ဆိုင်ခြင်းမရှိဟု KPDF ဥက္ကဋ္ဌ စောကျော်ကျော်ထက်က မီဒီယာများအား ရှင်းလင်း ပွဲပြုလုပ်စဉ် ပြောကြားလိုက်သည်။

 

အဆိုပါ ရှင်းလင်းပွဲကို မော်လမြိုင်မြို့ရှိ KPDF၏ ဗဟိုစီးပွားရေးနှင့် ဆက်ဆံရေးဌာန၌ အောက်တိုဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ရှင်းလင်းပွဲတွင် KPDF ဥက္ကဋ္ဌ စောကျော်ကျော်ထက်က “လက်နက်မျိုးစုံအပါအဝင် မူးယစ်ဆေးဝါးနဲ့ ဖမ်းမိတဲ့ စောမူကြီးကိစ္စနဲ့ ပတ်သက်ရင် သူက ပဲခူးတိုင်းဒေသကြီး သုံးဆယ်သား၊ အရပ်သား စောမူကြီးကို သူ့အမျိုးသမီးနဲ့ ပတ်သက်ပြီး သိရတာကိုးလလောက်ပဲ ရှိသေးတယ်။ အခုကိစ္စကို ကျောင်းကုန်းက ဒုမြို့နယ်မှူး အိမ်လာမေးတယ်။ ကျွန်တော် ရှင်းပြတယ်။ ဒီကိစ္စကျွန်တော် မသိဘူး။ ရွှေတောင်မှာ သူက အမှုနှစ်ခုရှိတယ်တဲ့။ ဖိုးတွမ်တီးနဲ့ ရိုက်နှက်မှုဆိုပြီး ဒုမြို့နယ်မှူး ပြောပြမှသိရတာ။ သူက အဖွဲ့အတွက် စားဝတ်နေရေး ဆန်၊ ဆီ၊ ဆားတွေ ရှာပေးမယ်ဆိုပြီး ဝင်လာတာ။ နောက် ပြည်သူ့စစ်ဖွဲ့ဖို့ဆိုတာ ကျွန်တော်တို့ လူကြီးတွေကို တင်ပြထားတာပဲ ရှိတယ်။ ဘာမှအကြောင်းပြန်တာ မရသေးဘူး။ ပြည်သူ့စစ် မဟုတ်သေးတာကို ပြည်သူ့စစ်လို့သုံးတယ်။ သူလွတ်ရာလွတ်ကြောင်းရှာပြီး သုံးတဲ့စကားကို ရေးတဲ့ သူတွေအနေနဲ့လည်း သေချာအောင် ကျွန်တော်တို့ဆီ ပြန်မေးသင့်တယ်။ စောမူကြီးကိစ္စကတော့ ရဲက သူ့အလုပ်သူ ဆက်လုပ်မှာပါ” ဟု ပြောကြားသည်။

 

စောမူကြီးကို ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အနီး၌ အောက်တိုဘာ ၄ ရက်က လိုင်စင်မဲ့ယာဉ်၊ လက်နက်မျိုးစုံနှင့်မူးယစ်ဆေးဝါး ၁၆၀၀၀ ကျော်တို့နှင့်ဖမ်းဆီးရမိခြင်းဖြစ်ပြီး ၎င်းက KPDF မှ ဒုတိယဗိုလ်မှူးကြီး စောမူဂျီ(ခ) စောမူကြီး ဖြစ်ကြောင်း ထွက်ဆိုထားခြင်းဖြစ်သည်။

 

စောကျော်ကျော်ထက်က “လက်နက်ခဲယမ်းရောင်းဝယ်တယ်။ မူးယစ်ဆေးဝါးရောင်းတယ်ဆို လက်ခံလို့ မရဘူး။ စစ်တပ်ကို ဆန့်ကျင်ရင်လည်း သူပုန်ပဲ။ ကျွန်တော်တို့က စီးပွားလည်း မရှာတတ်ဘူး။ စီးပွားလည်း မရှိဘူး။ အာဏာပိုင်တွေ အကုန်သိတယ် အစိုးရသစ်လက်ထက်မှာ ကျွန်တော်တို့ရဲ့ လိုအပ်ချက်ကို တောင်းဆိုချင်တယ်။ စားနပ်ရိက္ခာအတွက် အနည်းဆုံး လယ်တော့ စိုက်ချင်တယ်။ မွေးမြူရေးခြံတွေ ဘာတွေရရင်တော့မပူမပင်ရတော့ဘူးပေါ့။ အလင်းဝင်တာ ၃၆ ယောက်။ နှင်းဆုံမှာအိမ်ထောင်စု လူဦးရေရာကျော်ရှိတယ်။ တပ်မတော်ကိုယုံတယ်” ဟု ပြောကြားသည်။

 

ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ (KPDF) သည် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၆ ရက်က လူအင်အား ၃၆ ယောက်။ လက်နက် ၁၄ လက်ဖြင့်အလင်းဝင်ခဲ့ခြင်း ဖြစ်သည်။ KPDF ၏ တပ်ကြပ်ကြီး အဆင့်ရှိသူ အသက် ၄၆ နှစ်အရွယ် စောသန်းထွန်းက “ကလေး လေးယောက်ရှိတယ်။ အကြီးဆုံးက ၁၈ နှစ်။ ရှမ်းပြည်မှာ အလုပ်သွား လုပ်တယ်။ ကျန်တာကကျောင်းသားတွေ။ ခြံခုတ်တယ်၊ ဒီလိုပဲ လုပ်စားတယ်။ ပုံမှန် လစာမရှိဘူး။ ဗိုလ်မှူးက တစ်ခါတလေ ရှာလို့ရတာလေးတွေ ထောက်ပံ့တာ လည်းရှိတယ်။ နှင်းဆုံမှာပဲနေတယ်။ နိုင်ငံတော်အေးအေးချမ်းချမ်းနဲ့ ကျွန်တော်တို့ သားသမီးတွေ လူတော သူတောဝင်ဆံ့ဖို့ပဲ မျှော်လင့်တယ်။ ပညာရေးတိုးတက်စေချင်တယ်။”

 

KPDF ၏ ဘားအံစီးပွားရေးတာဝန်ခံ စောဖော့ကေက “ကျွန်တော်တို့ အလင်းဝင်လာတဲ့ သူတွေက မြို့မှာ စီးပွားရေး မလုပ်တတ်ဘူး။ အဲဒီမှာ မြို့ကသူတွေက ကျွန်တော်တို့ဆီ ရောက်လာပြီး စီးပွားရေး လုပ်ပေးမယ်ဆိုပြီး တစ်သိန်းလောက်ပေး၊ အမည်ခံပြီး လုပ်စားတာ။ ကျွန်တော်တို့မှာ စည်းကမ်းချက်၊ မူ ၅ မူရှိတယ်။ လက်နက် ခဲယမ်းနဲ့ မူးယစ်ဆေးဆို လုံးဝပဲ” ဟုပြောကြားသည်။

 

ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ (KPDF) သည် ၂၀၁၁ ခုနှစ်ကတည်းက ပြည်သူ့စစ်အဖြစ် လျှောက်ထားခဲ့သော်လည်း ယနေ့အထိ ခွင့်ပြုထားခြင်းမရှိသေးပေ။ KPDF သည် လက်ရှိတွင် အလင်းမဝင်ခင်ကတည်းက နေထိုင်သည့် မွန်ပြည်နယ် ရေးမြို့နယ်ရှိ နှင်းဆုံကျေးရွာ၌ အခြေပြု နေထိုင်လျက်ရှိသည်။