မူခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ရက် ၁ဝဝ

Printer-friendly versionSend by email

ပြည်ထဲရေးဝန်ကြီးဌာန၏ ရည်မှန်းချက် တာဝန်များမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးတို့ ဖြစ်သည်။ အစိုးရသစ်ကာလ ရက်ပေါင်း ၁၀၀ အတွင်း ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့နှင့် ဦးစီးဌာနများ၏ ပြည်သူ့အကျိုး ဆောင်ရွက်မည့် အစီအစဉ်များကို တာဝန်ရှိသူများနှင့် မေးမြန်းရေးသား တင်ပြလိုက်ရပါသည်။

 

မေး။ အစိုးရသစ်ကာလ ရက်ပေါင်း ၁ဝဝ အတွင်း ပြည်ထဲရေးဝန်ကြီးဌာနမှာရှိတဲ့ တပ်ဖွဲ့နဲ့ ဦးစီးဌာနတွေအနေနဲ့ ဘာတွေ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ် ဆိုတာ သိပါရစေ။

 

(အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်)

ဖြေ။ရက် ၁ဝဝ ကာလအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနက တပ်ဖွဲ့နဲ့ ဦးစီးဌာနတွေရဲ့ အများပြည်သူ အတွက် ရက် ၁ဝဝ ကာလ အကောင်အထည်ဖော်ဆောင်ရွက် သွားမယ့်လုပ်ငန်းစဉ်တွေကို အကျဉ်းချုပ် ပြောပြပါမယ်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အဓိကကျတဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ မှုခင်းကျဆင်းရေးလုပ်ငန်း တွေ ဆောင်ရွက်သွားပါမယ်။ တစ်ဆက် တစ်စပ်တည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေး စီမံချက်တွေအနေနဲ့ ရန်ကုန်မြို့တော်မှာ ဒဂုံအထူးစီမံချက်နဲ့ မန္တလေးမြို့မှာ ရတနာပုံ အထူးစီမံချက်တွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ အောက်မြန်မာနိုင်ငံ မြို့နဲ့ ကျေးရွာမြေများ နည်းဥပဒေနဲ့အညီ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာရှိတဲ့ မြို့နယ်တွေအလိုက် တစ်မြို့မှာ ကျေးရွာတစ်ရွာကို ကျေးရွာ မြေငှားဂရန် ထုတ်ပေးနိုင်ရေးကို ပြီးစီးအောင် ဆက်လက် ဆောင်ရွက်သွားပါမယ်။ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်တွေ အဆင်ပြေချောမွေ့ နိုင်ဖို့ ပြည်သူ့ဝန်ဆောင်မှုတွေ ဆောင်ရွက် ပေးတဲ့ OSS (ONE STOP SHOP)ရုံး ၃၁၆ ရုံးမှာ ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးမြှင့်ဆောင် ရွက်သွားပါမယ်။

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကတော့ နိုင်ငံတော်ငွေကြေးအလွဲသုံးစားမှုတွေ၊ စီးပွား ရေးဆိုင်ရာ အမှုအခင်းတွေ လျော့နည်း ပပျောက်အောင် အရှိန်အဟုန်မြှင့်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

 

အကျဉ်းဦးစီးဌာနရဲ့ ရက် ၁ဝဝ လှုပ်ရှားမှု အစီအစဉ်အနေနဲ့ ထောင်ဝင်စာတွေ့ဆုံမယ့် ရက်တွေကို အကျဉ်းသား၊ အချုပ်သား တွေ့ဆုံ တဲ့ရက်မခွဲခြားဘဲ သူတို့ရဲ့မိသားစုဝင်တွေ အားလပ်လို့လာတဲ့နေ့မှာ တွေ့ဆုံနိုင်ဖို့ စီစဉ် ပေးတာတွေ၊ ထောင်ဝင်စာတွေ့ဆုံတဲ့ အချိန် ကို အရင်တုန်းက ၁၅ မိနစ်ကနေ မိနစ် ၂ဝ လို့ သတ်မှတ်ထားရာကနေ ဖြေလျှော့ခွင့်ပြုတဲ့ အနေနဲ့ မိနစ် ၂ဝ ကနေ ၂၅ မိနစ်အထိ ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။

 

မီးသတ်ဦးစီးဌာနကတော့ ရက် ၁ဝဝ ကာလအတွင်း တစ်အိမ်တက်ဆင်း မီးဘေး လုံခြုံရေး စစ်ဆေးခြင်း၊ စက်ရုံအလုပ်ရုံတွေ၊ ဈေးတွေ၊ စက်သုံးဆီဆိုင်တွေမှာ မီးဘေးလုံခြုံ ရေး စစ်ဆေးတာတွေ အပါအဝင် သဘာဝဘေး အန္တရာယ်နဲ့ အခြားကိစ္စရပ်တွေ ပေါ်ပေါက်လာရင် ကြိုတင် သတိပေးတာတွေအပြင် အချိန်မီကူညီစောင့်ရှောက်နိုင်ဖို့ကိုလည်း စီမံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

မေး။အစိုးရသစ်ကာလ ရက်ပေါင်း ၁ဝဝ အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံ တစ်ဝန်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေးအစီအမံတွေ ဘယ်လို ဆောင်ရွက်ထားတယ်ဆိုတာ သိလိုပါတယ်။

 

(ရဲမှူးကြီး ဇော်ခင်အောင်)

ဖြေ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တိုင်း ဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေ ထိရောက်အောင် မြင်စေဖို့ အပိုင်းလေးပိုင်းခွဲခြားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အပိုင်း (၁)အနေနဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေနဲ့ တိုင်း ဒေသကြီး/ပြည်နယ် ၁၄ ခုအပါအဝင် အဓိက ကျတဲ့ ရန်ကုန်မြို့တော်နဲ့ မန္တလေးမြို့တော်မှာ မှုခင်းကျဆင်းရေးဆောင်ရွက်မယ်။ အပိုင်း (၂) ကတော့ ရန်ကုန်မြို့တော်နဲ့ မန္တလေး မြို့တော်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဒဂုံအထူးစီမံချက်နဲ့ ရတနာပုံအထူးစီမံချက် တွေ ချမှတ်ဆောင်ရွက်ပါမယ်။

 

အပိုင်း (၃)ကတော့ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြသူတွေ နဲ့ စပ်လျဉ်းတဲ့အမှုတွေကို ရုပ်သိမ်း၊ ပိတ်သိမ်း နိုင်ဖို့ ဆောင်ရွက် ပါမယ်။ အပိုင်း (၄)ကတော့ ဝန်ဆောင်မှုကိုရှေးရှုတဲ့ ရဲလုပ်ငန်းစနစ်အဖြစ် အသွင်သဏ္ဌာန် ပြောင်းလဲခြင်းနဲ့ အနှစ်သာရ တိုးမြင့်အောင်ပြောင်းလဲခြင်းတွေ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

 

အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ မှုခင်း ကျဆင်းရေးအစီအမံ (၅)ရပ်ဖြစ်တဲ့ အသိပညာ ပေးခြင်း၊ ကြိုတင် ကာကွယ်မှုများ ဆောင်ရွက်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ် အကဲဖြတ်ဆန်းစစ်ခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်း စတဲ့လုပ်ငန်းစဉ်တွေအတိုင်း မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ တရားရေးဌာန၊ ဥပဒေရုံး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း တွေနဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

မေး။ လက်နက်နဲ့ မူးယစ်ဆေးဝါးမှုတွေကို ရက်ပေါင်း ၁ဝဝ အတွင်း ဘယ်လိုတားဆီး နှိမ်နင်း ဆောင်ရွက် သွားမလဲဆိုတာကို ဖြေကြား ပေးပါဦးခင်ဗျာ။

 

ဖြေ။ မူးယစ်ဆေးဝါးဆိုတာ မြန်မာနိုင်ငံ သာမက ကမ္ဘာ့လူသားတစ်ရပ်လုံး လူညွန့်တုံး စေနိုင်တဲ့အတွက် အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ပြီး တိုက်ဖျက်ချေမှုန်းလျက်ရှိပါတယ်။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက် တာဝန် (၄)ရပ်ထဲမှာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးကို အရေးကြီးတာဝန် အဖြစ် သတ်မှတ်ထည့်သွင်းဆောင်ရွက်လျက် ရှိပါတယ်။

 

မူးယစ်ဆေးဝါးပြဿနာဟာ နိုင်ငံရေး မတည်ငြိမ်ခြင်း၊ နယ်စပ်ဒေသက တိုင်းရင်းသား ပြည်သူတွေ ဖွံ့ဖြိုးမှု နောက်ကျခြင်းနဲ့ ဆင်းရဲခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားခြင်း၊ အချို့ဒေသ တွေမှာ တရားဥပဒေ လွှမ်းမိုးမှုမရှိခြင်း စတာတွေကို အခွင့်ကောင်း ယူပြီး ပုံစံအမျိုးမျိုးနဲ့ ပျံ့နှံ့နေတဲ့ အတွက် ၂ဝ၁၃ ခုနှစ်မှာ စစ်ဆင်ရေးနှစ်ခု၊ ၂ဝ၁၄ ခုနှစ်မှာ စစ်ဆင်ရေး ငါးခု၊ ၂ဝ၁၅ ခုနှစ်မှာ စစ်ဆင်ရေး ခြောက်ခုနဲ့ တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် သင်္ကြန်ကာလတုန်းက အများပြည်သူတွေ စိုးရိမ်ပူပန်မှုမရှိဘဲ ပျော်ရွှင် ချမ်းမြေ့နိုင်စေဖို့ အသိပညာပေး လုပ်ငန်းတွေနဲ့ နေပြည်တော်ကောင်စီနယ်မြေမှာ ပေါင်းလောင်း စစ်ဆင်ရေး (၃)၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ်တွေမှာ စစ်ဆင်ရေး အသွင်နဲ့ မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းဝယ်ခြင်းတွေကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူခဲ့ပါတယ်။ ဒီလိုစစ်ဆင်ရေးတွေနဲ့ တားဆီးနှိမ် နင်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့တဲ့အတွက် လက်နက်နဲ့ မူးယစ် ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွေကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေကို အများပြည်သူတွေသိရှိစေဖို့ နေ့စဉ်ထုတ် သတင်းစာတွေမှာ ဖော်ပြလျက် ရှိပါတယ်။

 

နိုင်ငံတော်ရဲ့ ရက် ၁ဝဝ စီမံချက်ကာလ အတွင်းမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ အသိပညာ ပေးခြင်း၊ တားဆီးနှိမ်နင်း ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက် ခြင်းတွေ ပြုလုပ်လျက် ရှိပါတယ်။ ဒါ့အပြင် ရန်ကုန်နဲ့ မန္တလေးအတွက် ''ဒဂုံအထူး စီမံချက်''၊ ''ရတနာပုံ အထူးစီမံချက်''နဲ့ ပြည်သူတွေ မူးယစ်ဆေးဝါးအန္တရာယ်က ရှောင်ရှား နိုင်ဖို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းအသိပညာပေး တာတွေ ဆောင်ရွက်နေသလို မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတွေကို မိတ်ဖက် အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်း ဖော်ထုတ်လျက်ရှိပါတယ်။

 

သတင်း ဖလှယ်ခြင်း၊ စောင့်ကြည့်ပစ်မှတ် တွေကို ဖော်ထုတ်ဖမ်းဆီးခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းတွေ ပိတ်ဆို့ စစ်ဆေးရှာဖွေခြင်းနဲ့ မူးယစ်တရားခံပြေးတွေ ဖော်ထုတ် ဖမ်းဆီးခြင်း စတာတွေကိုလည်း ဆောင်ရွက်နေပါတယ်။

 

မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချနိုင်ဖို့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ထိန်းချုပ် ဓာတုပစ္စည်း (Precur- sor) တွေ တရားမဝင် ဝင်ရောက်မှုတွေကို စစ်ဆေးကြပ်မတ်လျက် ရှိပါတယ်။

 

မူးယစ်ဆေးဝါးဟာ နယ်မြေတည်ငြိမ် အေးချမ်းမှုမရှိတဲ့ အရပ်ဒေသတွေမှာ ထုတ်လုပ်နိုင်တာမို့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မူးယစ်ဆေးဝါးပြဿနာကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်ဖို့ ဦးတည် ဆောင်ရွက်လျက်ရှိပါတယ်။

 

မေး။ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အမှု ရင်ဆိုင်နေရသူတွေနဲ့ စပ်လျဉ်းတဲ့အမှုတွေကို ရုပ်သိမ်း၊ ပိတ်သိမ်း နိုင်ရေး ဆောင်ရွက်ပြီးစီးမှု အပါအဝင် ဆက်လက်ဆောင်ရွက်သွားမယ့် အစီအမံတွေ ကို ရှင်းလင်းဖြေကြားပေးစေလိုပါတယ်။

 

ဖြေ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ရဲ့ ၂ဝ၁၆ ခုနှစ်၊ ဧပြီ ၇ ရက် ရက်စွဲပါကြေညာ စာအမှတ် (၁/၂ဝ၁၆) အရ နိုင်ငံရေးအကျဉ်းသား တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ် အမှုရင်ဆိုင် နေကြရသူတွေကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ (က) အရ တရားရုံးရှေ့ ရုပ်သိမ်းခြင်း၊ ရဲစစ်ဆေးဆဲ အမှုတွေကို ပြည်ထောင်စုရှေ့နေချုပ်ရုံး နည်းဥပဒေပုဒ်မ-၉၆အရ ပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ရာမှာ ဒီနေ့အထိ ပိတ်သိမ်းပြီး အမှု ၂၅၆ မှု၊ တရားခံအမျိုးသား ၃၆၆ ဦး၊ အမျိုးသမီး ၇၂ ဦး၊ ကလေး နှစ်ဦး စုစုပေါင်း ၄၄ဝ ကို အမှုပိတ်သိမ်းပြီး အချုပ်ကနေ လွှတ်ပေးခဲ့ပါတယ်။ ကျန်ရှိတဲ့ အမှု ၁၁ မှုက အမျိုးသားတရားခံ ၁၃ ဦးကိုလည်း သက်ဆိုင် ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတွေက သက်ဆိုင်ရာ တရားရုံးတွေ၊ ဥပဒေရုံးတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပြီး ရက်ပေါင်း ၁ဝဝ အတွင်း ပြီးပြတ်အောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

မေး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူ့ဝန်ဆောင်မှုကိုရှေးရှုတဲ့ ရဲလုပ်ငန်း စနစ်ကို ပြောင်းလဲ နေတယ်ဆိုတာ သိရပါ တယ်။ ဒီလုပ်ငန်းအောင်မြင်ဖို့ ဘယ်လို စီမံဆောင်ရွက်နေတယ်ဆိုတာ သိပါရစေ။

 

ဖြေ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဝန်ဆောင်မှုကိုရှေးရှုတဲ့ ရဲလုပ်ငန်းစနစ်ကို ပြောင်းလဲဆောင်ရွက်တဲ့ နေရာမှာ ကဏ္ဍ (၂) ရပ်ဖြစ်တဲ့ အသွင်သဏ္ဌာန်ပြောင်းလဲခြင်းနဲ့ အနှစ်သာရ တိုးတက်အောင် မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။ အသွင်သဏ္ဌာန်အားဖြင့် လက်ရှိ ရဲတပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ချိန်ဝတ်စုံကို တိုက်ခိုက်ရေး အသွင်သဏ္ဌာန်ဖြစ်တဲ့ ဖိုက်ဘာ ဦးထုပ်၊ ပခုံးသိုင်းကြိုး၊ ခါးပတ်ကြီးတွေ ဝတ်ဆင်လျက် ရှိရာကနေ ဝန်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်းစနစ်ကို အသွင်သဏ္ဌာန် ပြောင်းလဲနိုင်စေဖို့အတွက် အရာရှိ၊ အခြား အဆင့်အားလုံး ဘယ်ရီကတ်(နက်ပြာရောင်)ဦးထုပ်၊ ခါးပတ်ကြီးတွေနဲ့ ရဲ အသုံး အဆောင် တွေဖြစ်တဲ့ လက်နက်၊ လက်ထိပ်၊ ဆက်သွယ် ရေးစက်တွေ တပ်ဆင် တာဝန်ထမ်းဆောင်စေ ပါမယ်။

 

အနှစ်သာရ တိုးတက်အောင် မြှင့်တင် ဆောင်ရွက်ဖို့အတွက် ဝန်ဆောင်မှုကိုရှေးရှုတဲ့ ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေးအစီအစဉ် ဗဟိုအဆင့်ဆောင်ရွက်ခြင်းကို ၂ဝ၁၆ ခုနှစ် မတ် ၁၄ ရက်နဲ့ ၁၅ ရက်တွေက နေပြည်တော် Royal ACE ဟိုတယ်မှာ ဆောင်ရွက်ခဲ့ပါ တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် (Aweareness) ဆောင်ရွက်ခြင်းကို ၂ဝ၁၆ ခုနှစ် မေ ၁ ရက်ကနေ ၁၆ ရက်အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ က အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်၊NGO၊ INGOနဲ့ သတင်း မီဒီယာတွေကို ဖိတ်ခေါ် ကျင်းပခဲ့ပါတယ်။ မြို့နယ်အဆင့်ဝန်ဆောင်မှု ကို ရှေးရှုတဲ့ ရဲလုပ်ငန်းစနစ် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူးတွေရဲ့ ကြပ်မတ်မှုနဲ့ မြို့နယ်တွေ အလိုက် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

မေး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အလိုက် ကျေးရွာတွေကို ကျေးရွာမြေငှားဂရန် ဘယ်လို ထုတ်ပေးသွားမယ်ဆိုတာကို ရှင်းပြ ပေးစေချင်ပါတယ်။

 

(ညွှန်ကြားရေးမှူး ဦးရဲနိုင်)

ဖြေ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရှိတဲ့ မြို့နယ်တွေမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကျေးရွာ အမည်စာရင်း ပေါက်ပြီး မြေယာ အရှုပ်အရှင်းကင်းတဲ့ ကျေးရွာတွေကို နည်း ဥပဒေတွေနဲ့အညီ စိစစ်ပြီး ကျေးရွာမြေငှား ဂရန်ထုတ်ပေးရေးလုပ်ငန်းတွေကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အရင်က မြို့တွေမှာနေထိုင်တဲ့ သူတွေသာ မြေငှားဂရန် လျှောက်ထားခြင်း၊ စိစစ်ထုတ်ပေးခြင်း တွေ ဆောင်ရွက်ခဲ့ရာ ခိုင်မာတဲ့ တရားဝင်အထောက်အထား (Legal Document) မြေငှားဂရန် (Lease) ရရှိခြင်းကြောင့် ကျေးရွာနေပြည်သူလူထုရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ပိုမိုရရှိပြီး နိုင်ငံတော် အနေနဲ့လည်း ရသင့်ရထိုက်တဲ့အခွန်ငွေတွေ ရရှိလာစေဖို့အတွက် ယခင်အစိုးရ လက်ထက် ကတည်းက ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးကို စီမံချက်ချမှတ်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင် သာယာရေးနယ်နိမိတ်အတွင်း မှာရှိတဲ့ မြို့နယ်တွေမှအပ ကျန်တိုင်း ဒေသကြီး နဲ့ ပြည်နယ်တွေမှာရှိတဲ့ မြို့နယ် ၂၈၃ မြို့နယ် က ဖွံ့ဖြိုးတိုးတက်လာတဲ့ ကျေးရွာပေါင်း ၂၈၃ ရွာကို ကျေးရွာမြေငှားဂရန် ၅၈၆၈ဝ ခု ထုတ် ပေးဖို့ သတ်မှတ်လျာထားဆောင်ရွက်ခဲ့ရာမှာ မြေ ဂရန် ၃၈၄၇၂ ခုကို ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

 

ယခုရက် ၁ဝဝ အတွင်းမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ မြို့နယ်တွေက ဖွံ့ဖြိုး တိုးတက်လာတဲ့ ကျေးရွာတွေကို မြေငှားဂရန်ထုတ်ပေးရေး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

မေး။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ OSS (one stop shop) လုပ်ငန်းတွေမှာ ဘယ်လောက်အထိ အောင်မြင်မှုရရှိ နေပါသလဲ။ ဘယ်လိုဆက်လက်ဆောင်ရွက် သွားမလဲဆိုတာကို သိချင်ပါတယ်။

 

ဖြေ။ နိုင်ငံတစ်ဝန်းမှာ ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံး ၃၁၆ ရုံးအထိ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခြေခံလိုအပ် ချက်တွေဖြစ်တဲ့ မွေးဖွားမှုနဲ့ သေဆုံးမှု မှတ်ပုံ တင် ပြုလုပ်ခြင်း၊ အိမ်ထောင်စု လူဦးရေ ပြောင်းဝင်၊ ပြောင်းထွက်စာရင်းတွေ ဆောင် ရွက်ခြင်း၊ မီးဘေးလုံခြုံမှုရှိ/မရှိ ထောက်ခံပေး ခြင်း၊ အလုပ်သမားမှတ်ပုံတင်တွေ ပြုလုပ်ပေး ခြင်း၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက် တွေ ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားခြင်း၊ အခွန်အခများ ပေးသွင်းခြင်း၊ မြေဂရန်လျှောက်ထားခြင်း၊ ပွဲမိန့်လျှောက်ထားခြင်း၊ ပထမသတင်းပေး တိုင်ကြားချက် ပေးခြင်း စတဲ့ ကိစ္စတွေကို ဝန်ဆောင်မှုပေးနေပါတယ်။ အဲဒီလုပ်ငန်းတွေရဲ့ လုပ်ငန်းစဉ်တစ်ခုစီအတွက် ဆောင်ရွက်မှု အဆင့်ဆင့်တွေကို တစ်ချိန်တည်း တစ်နေရာ တည်းမှာပဲ ဆောင်ရွက်နိုင်ခြင်း၊ မိမိဆောင် ရွက်လိုတဲ့ လုပ်ငန်းတွေကို တစ်နေရာတည်းမှာ လုပ်ငန်းတစ်မျိုးတည်းသာမက ပိုမို ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အပြင် အခြားသိလိုတဲ့ ကိစ္စရပ်တွေကို စုံစမ်းမေးမြန်းနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရမှာဖြစ်ပါတယ်။

 

မေး။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တွေဖွဲ့စည်းခြင်း၊ မှတ်ပုံတင်ခြင်းနဲ့ပတ်သက်လို့ ဖြေလျှော့မှုတွေ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီလိုဖြေလျှော့ပေးလိုက်တဲ့အတွက် ဘယ်လိုကွာခြားမှုတွေ ရှိပါသလဲ။ ဘယ်လိုအကျိုးအမြတ်တွေရရှိပါသလဲ။

 

ဖြေ။ မှတ်ပုံတင်ရေး အဖွဲ့တွေဟာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ ဆန္ဒအလျောက် လျှောက်ထားလာတဲ့ ပြည်တွင်းလူမှုရေးအသင်း အဖွဲ့ (NGO) တွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအသင်းအဖွဲ့ (INGO) တွေကို မှတ်ပုံ တင်ခွင့်ပြုပေးလျက်ရှိပါတယ်။ ဖြေလျှော့မှုတွေကတော့ မြို့နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအဆင့်တွေမှာ မှတ်ပုံတင်ကြေး ပေးဆောင်ဖို့မလိုအပ်ဘဲ လိုအပ်တဲ့အထောက်အထားတွေကို (OSS) ရုံး တွေမှာ ရယူ ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။

 

တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ နေပြည်တော် ကောင်စီအဆင့်တွေမှာ မှတ်ပုံတင်ကြေးအနေနဲ့ ကျပ် ၃ဝဝဝဝ နဲ့ ပြည်ထောင်စုအဆင့်မှာ ကျပ် ၁ဝဝဝဝဝ အထိ လျှော့ချပေးထားပါတယ်။

 

အရင် ဥပဒေမှာ မှတ်ပုံတင်ရရှိဖို့အတွက် ကာလသတ်မှတ်ချက်မရှိပေမယ့် ယခုဥပဒေ အရ ၇ ရက် အတွင်း (အစိုးရရုံးပိတ်ရက်များ မပါ) ယာယီမှတ်ပုံတင်လက်မှတ်တွေ ထုတ် ပေးခြင်း၊ သတ်မှတ်ချက် တွေနဲ့အညီ စိစစ်ပြီး ပြည်ထောင်စုအဆင့်မှာ ရက် ၉ဝ၊ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အဆင့်မှာ ရက် ၆ဝ နဲ့ ခရိုင်နဲ့ မြို့နယ်အဆင့်တွေမှာ ရက် ၃ဝ အတွင်း မှတ်ပုံတင်လက်မှတ်ထုတ်ပေးနေပြီဖြစ်ပါတယ်။

 

မေး။ အကျဉ်းဦးစီးဌာနအနေနဲ့ အကျဉ်းသားတွေ၊ အချုပ်သားတွေနဲ့ပတ်သက်လို့ ဖြေလျှော့မှုတွေ ဘယ်လိုလုပ်ထားတယ်ဆိုတာ နဲ့ ဘယ်လောက်အတိုင်းအတာအထိ ဖြေ လျှော့ပေးထားတယ်ဆိုတာ သိပါရစေ။

 

(ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး )

ဖြေ။ အကျဉ်းဦးစီးဌာနအနေနဲ့ အကျဉ်းသား၊ အချုပ်သားတွေနဲ့ပတ်သက်လို့ ဥပဒေ လုပ်ထုံး၊ လုပ်နည်း တွေနဲ့အညီ ဖြေလျှော့မှု တွေကို ရက်ပေါင်း ၁ဝဝ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

အကျဉ်းသား၊ အချုပ်သားတွေ ထောင် ဝင်စာတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အကျဉ်းထောင် လက်စွဲ ဥပဒေ အပိုဒ်-၇၈၄၊ အပိုဒ်ခွဲ (၅)အရ ''သာမန်အားဖြင့် ဧည့်တွေ့ခြင်းအတွက် ခွင့်ပြု ချိန်အား မိနစ် ၂ဝ ထက် မကျော်လွန်စေရ'' လို့ ပြဋ္ဌာန်းထားပါတယ်။ အကျဉ်းဦးစီးဌာန အနေနဲ့ အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသား၊ အချုပ်သားဦးရေ၊ ဧည့်တွေ့ဦးရေနဲ့ ဧည့်တွေ့ နေရာထိုင်ခင်းတွေအပေါ်မူတည်ပြီး ထောင် ဝင်စာ ဧည့်တွေ့ချိန်ကို ၂၅ မိနစ်၊ မိနစ် ၃ဝ အထိ အချိန်တိုးမြှင့်ခြင်းဖြေလျှော့မှုကို ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။

 

အရင်က ဧည့်တွေ့လူဦးရေများပြားတဲ့ အတွက် အကျဉ်းသား၊ အချုပ်သားတွေကို ဧည့်တွေ့လာတဲ့ မိဘ ပြည်သူတွေ အဆင်ပြေစွာ ဧည့်တွေ့နိုင်ဖို့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေကို အကျဉ်းသား ဧည့်တွေ့နေ့အဖြစ်သတ်မှတ်ပြီး သောကြာ၊ စနေ နေ့တွေကို အချုပ်သားဧည့်တွေ့နေ့အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ ဧည့်တွေ့ရက် မသိဘဲ ဝေးလံတဲ့နယ်ကလာတဲ့ ဧည့်တွေ့တွေ အတွက် အခက်အခဲမဖြစ်စေဖို့ သတ်မှတ်ရက် မဟုတ်ပေမယ့် ဧည့်တွေ့လက်ခံပေးခြင်း ဆောင်ရွက်ခဲ့ပါတယ်။

ယခုအခါ အကျဉ်းသား၊ အချုပ်သား တွေနဲ့ပတ်သက်ပြီး ဧည့်တွေ့ရက် ခွဲခြားသတ် မှတ်ခြင်းမရှိဘဲ ဧည့်တွေ့ခွင့်တွေကို တနင်္လာ နေ့ကနေ စနေနေ့အထိ အကျဉ်းသားတစ်လှည့်၊ အချုပ်သားတစ်လှည့် နေ့စဉ်ဧည့်တွေ့ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။

 

အကျဉ်းသားတွေအတွက် အကျဉ်းထောင် လက်စွဲဥပဒေ အပိုဒ်- ၇၈ဝ အရ တစ်လ ဧည့်တွေ့ကြိမ် တစ်ကြိမ်(သို့) နှစ်ကြိမ် တွေ့ဆုံ ပေးခဲ့တာကနေ အကြောင်းအရင်းခိုင်မာမှု၊ ဧည့်တွေ့လာရောက်မယ့် မိဘ ပြည်သူတွေရဲ့ အခက်အခဲအခြေအနေ၊ ပြစ်ဒဏ်ကျခံလျက် ရှိတဲ့ အကျဉ်းသားရဲ့ စည်းကမ်းသေဝပ်မှု အခြေအနေ၊ လုံခြုံရေးကျိုးပေါက်မှုနဲ့ အကျဉ်း ထောင်စည်းကမ်းသေဝပ်မှုကို မထိခိုက်ဘူး လို့ ယူဆနိုင်ရင် အကျဉ်းသား၊ အချုပ်သား ဧည့်တွေ့ကြိမ်ကို တစ်လ (၄)ကြိမ် တွေ့ဆုံ ပေးနိုင်ရေး စီစဉ် ဆောင်ရွက် ပေးသွားမှာဖြစ် ပါတယ်။

 

အကျဉ်းသား၊ အချုပ်သားတွေအတွက် အကျဉ်းဦးစီးဌာနက ရက်ပေါင်း ၁ဝဝ အတွင်း ဖြေလျှော့ ဆောင်ရွက်မှုအနေနဲ့ အကျဉ်းထောင် အသီးသီးမှာ ထောင်ဝင်စာဧည့်တွေ့ချိန်တွေ ကို တစ်ပြေးညီ အနိမ့်ဆုံးမိနစ် ၃ဝ သတ်မှတ် သွားမှာဖြစ်ပြီး ရက် ၁ဝဝ စီမံချက်ကာလ အတွင်း ပြင်ဆင်ရေးဆွဲနေတဲ့ အကျဉ်းထောင် ဥပဒေမူကြမ်းမှာ ထည့်သွင်းရေးဆွဲပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ကို တင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

မေး။ ၂ဝ၁၆ ခုနှစ်အတွင်း အစိုးရသစ် ကာလ ရက် ၁ဝဝ စီမံချက်မှာ မီးသတ်ဦးစီး ဌာနက ဆောင်ရွက် သွားမယ့် အစီအမံတွေကို ရှင်းပြပေးစေလိုပါတယ်။

 

(ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းကျော်ကျော်)

ဖြေ။ မီးဘေးလုံခြုံရေးနဲ့ ပတ်သက်ပြီး မီးဘေးသတိမူရေး၊ မီးဘေးကာကွယ်ရေးနဲ့ မီးငြှိမ်းသတ်ရေး ဆိုပြီး အပိုင်း (၃)ပိုင်း ခွဲခြား ဆောင်ရွက်သွားပါမယ်။

မီးဘေးကြိုတင်ကာကွယ်တားဆီးရေးနဲ့ မီးငြှိမ်းသတ်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ အဓိက ကျတဲ့ မီးသတ်လုပ်ငန်းစဉ် (၇) ရပ်ကို လျာထားချက်တွေနဲ့ စီစဉ်ဆောင်ရွက်ခြင်းတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

 

မီးငြှိမ်းသတ်ရာမှာ ရေလုံလောက်စွာရရှိဖို့ ဒေသအလိုက် စီမံချက်ရေးဆွဲထားရှိခြင်း၊ ရေ ရရှိနိုင်တဲ့ နေရာ တွေကို စစ်ဆေးမှတ်တမ်းပြုခြင်း၊ အခါမလပ် စစ်ဆေးဆောင်ရွက်ခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်တွေ နယ်‌မြေ ကျွမ်းကျင်မှုရှိစေဖို့ နယ်မြေအလိုက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ နယ်မြေအတွင်းမှာရှိတဲ့ လမ်းတွေရဲ့ အခြေအနေ၊ မီးသတ်ကား ဝင်/ထွက်နိုင် ခြင်း ရှိ/မရှိ စတဲ့အခြေအနေတွေနဲ့ ကွင်းဆင်း လေ့လာခြင်း၊ မီးသတ်ယာဉ်နဲ့ မီးသတ်ပစ္စည်း ကိရိယာတွေကို လိုအပ်ချိန်မှာ အမြဲစွမ်းအား အပြည့် အသုံးချနိုင်ဖို့အတွက် မျက်ခြည်မပြတ် ထိန်းသိမ်းမှုနဲ့ အသင့်ထားရှိခြင်းတို့ကို ကြပ်မတ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

 

မေး။ မီးသတ်ဦးစီးဌာနအနေနဲ့ အယ်နီညို စီမံချက်နဲ့ ပတ်သက်တဲ့ ဆောင်ရွက်ထားရှိမှုတွေကို သိရှိလိုပါတယ်။

 

ဖြေ။ အယ်နီညိုရာသီဥတုရဲ့ ပူပြင်းတဲ့ အရှိန်ကြောင့် မီးလောင်မှုကြီးတွေ ဖြစ်ပွားခြင်းနဲ့ သောက်သုံးရေ ရှားပါးမှုပြဿနာတွေ ဖြစ် ပွားနိုင်လို့ မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ် စခန်းတွေအလိုက် အယ်နီညို တုံ့ပြန်ရေးစီမံ ချက်တွေကို ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။

 

အဲဒီစီမံချက်မှာ မီးလောင်မှုအကြိမ်ရေ လျော့နည်းစေရေး၊ မီးငြှိမ်းသတ်ရာတွင် ရေ လုံလောက်စွာ ရရှိရေးနှင့် ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။

 

နိုင်ငံတွင်းအရေးအရာများ ဆောင်ရွက် ရာ၌ ပြည်ထဲရေးဝန်ကြီးဌာနသည် အရေးပါ သည့် အခန်းကဏ္ဍ တစ်ရပ်အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ ပြည်သူ့အရေးသည် နိုင်ငံ့အရေး၊ နိုင်ငံ့အရေးသည် ပြည်သူ့အရေးပင် ဖြစ်သည်။ တရားဥပဒေဘောင်အတွင်းရှိ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ချမ်းသာ စေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသာမက ကျန်ဝန်ကြီးဌာနများအနေဖြင့်လည်း သက်ဆိုင်ရာ အခန်း ကဏ္ဍများ အလိုက် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ရက် ၁ဝဝ လှုပ်ရှားမှု အစီအစဉ်များသည် ပြည်သူများ ကိုယ်စိတ်နှစ်ပါးချမ်းသာရေး အတွက် ရည်ရွယ် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။ ။