ကာလတန်ဖိုး ကျပ် ၄၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

နေပြည်တော် မေ ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ကောင်းခါး-ကွတ်ခိုင်လမ်း ယူကလစ်တောတွင် သတင်းအရ ယာဉ်မောင်း အောင်အောင်(ခ) ယေစောင့်တဲ့ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆာလာအိတ် ၁၀၅ အိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၂၁၀ ဒသမ ၅ သိန်း (ကာလတန်ဖိုး ကျပ်သိန်း ၄၂၁၀၀၀) အား မေ ၂၈ တွင် သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့ များမှ လုံခြုံရေး၊ တရားဥပေဒစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရက် ၁၀၀ စီမံချက် ချမှတ်အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ မေ ၂၈ ရက်က မူးယစ်တပ်ဖွဲစု (၂၂) မူဆယ်မှတပ်ဖွဲ့ဝင်များ၊ ကွတ်ခိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောင်းခါး-ကွတ်ခိုင်လမ်းရှိ ယူကလစ်တောတွင် သတင်းအရ ယာဉ်မောင်း အောင်အောင် (ခ) ယေစောင့်တဲ့ မောင်းနှင်လာသည့် ၆ခ/... နံပါတ်ပါ ၁၂ ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းစီပါ ဆာလာအိတ် ၁၀၀၊ ၂ ဒသမ ၁ သိန်းပါ ဆာလာအိတ်ငါးအိတ် စုစုပေါင်း ဆာလာအိတ် ၁၀၅ အိတ်ဖြင့်ထည့်ထားသော စိတ်ကြွ ရူးသွပ်ဆေးပြားပေါင်း ၂၁၀ ဒသမ ၅ သိန်း (ကာလ တန်ဖိုးငွေကျပ် သိန်း ၄၂၁၀၀၀) ကို သိမ်းဆည်းရမိခဲ့သည်။

 

ကွင်းဆက်ဖော်ထုတ်ရာ လျိုဇီရှောင်က အောင်ဆန်းကို အောင်အောင် (ခ)ယေစောင့်တဲ့ မောင်းသည့် (၁၂) ဘီးယာဉ်ဖြင့် ဟိုနမ့်ရွာအနီးမှ စိတ်ကြွဆေးပြားများ တင်ဆောင်၍ မန္တလေးသို့ပို့ရန် ခိုင်းစေ ခဲ့သဖြင့် သယ်ဆောင်ခဲ့ကြောင်း၊ အောင်ဆန်းမှာ မတ်တူး အဖြူရောင်ဖြင့် ရှေ့ပြေး ကြိုတင် ထွက်ခွာသွားကြောင်း၊ လျိုဇီရှောင်သည် မတ် ၅ ရက်က မန္တလေးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၇ ဒသမ ၀၇၈ သိန်း၊ အိုက် ၈၂ ကီလို၊ ဘိန်းဆီခဲ ၁၅ ဒသမ ၀၂ ကီလို၊ ဘိန်းဖြူ ၂၄ ဒသမ ၃၇ ကီလိုနှင့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှု၏ အဓိကပြစ်မှုကျူးလွန်သူဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်ကြောင်း၊ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အောင်အောင် (ခ) ယေစောင့်တဲ့၊ အောင်ဆန်း (ဖမ်းမမိသေး)၊ လျိုဇီရှောင် (ခ) ကျော်ကျော် (ခ) အိုက်ပေါင် (ဖမ်းမမိသေး) တို့သုံးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။