နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

Printer-friendly versionSend by email

နေပြည်တော် အောက်တိုဘာ ၂၄

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး အဆင့် အစည်းအဝေးကို အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး Mr. Asaduzzaman Khan ၊ အမြဲတမ်းအတွင်းဝန်များ၊ ရဲချုပ်၊ နယ်ခြားစောင့် တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ စုစုပေါင်း ၄၅ ဦး တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင် ဖွင့်လှစ်ခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် လူဝင်၊ လူထွက်မှုများ စိစစ်ခြင်းနှင့် နိုင်ငံသားစိစစ်လက်ခံမှုများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စသည့် ကဏ္ဍတို့တွင် အဆင့်လိုက် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာဘက်မှ ရောက်ရှိနေသူများအား နိုင်ငံသားစိစစ်မှုများပြုလုပ်ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ စနစ်တကျ ပြန်လည်လက်ခံနိုင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ၁၀ ချက်ကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။

 

ဝန်ကြီးအဆင့် အစည်းအဝေးအပြီးတွင် လုံခြုံရေးကဏ္ဍဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန၊ အတွင်းဝန် Mr. Mostafa Kamal တို့ကလည်းကောင်း၊ မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ် ဆက်ဆံရေးရုံးများ(Border Liaison Offices) ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြည်ထဲရေးဝန်ကြီးဌာနကိုယ်စား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်စား နယ်ခြားစောင့်ရဲတပ်ဖွဲ့ Additional Director General Brigadier General Abul Hasnat Mohammad Khairaul Bashar တို့ကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။