နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို နီပေါနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်ဆိုင်ရာ သတင်းထုတ်ပြန်ချက်

Printer-friendly versionSend by email

 

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နင့် ဇနီး ဒေါ်ချိုချို နီပေါနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်ဆိုင်ရာ သတင်းထုတ်ပြန်ချက်

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၏ ဖိတ်ကြားချက်အရ ၂ဝ၁၈ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် နီပေါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ဩဂုတ်လ ၃ဝ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် ကတ္တမန္ဒူးမြို့ ၌ ကျင်းပသည့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်) (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation-BIMSTEC) ထိပ်သီးအစည်းအဝေးသို့ ဆက်လက် တက်ရောက်ခဲ့သည်။

 

ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းခံယူ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ် အဖွဲ့အား ကတ္တမန္ဒူးမြို့ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ အစ်ရှဝါ ပိုကာရယ်၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန အကြီးအကဲ၊ နီပေါနိုင်ငံမှ တာဝန်ရှိသူများနှင့် နီပေါနိုင်ငံ၊ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။

 

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ၊ ဇနီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကတ္တမန္ဒူးမြို့ရှိ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်ခဲ့ကြသည်။ သံရုံးတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်း၊ မြန်မာသံရုံးဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများက ကြိုဆိုခဲ့ကြသည်။ နိုင်ငံတော်သမ္မတသည် မြန်မာသံရုံးတွင် နီပေါ-မြန်မာ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ မစ္စတာ ရှီဗာ ကူမား အက်ဂရာဝါလ် နှင့် အဖွဲ့ဝင်များ၊ နီပေါ-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ မစ္စတာ ရှန်ကာ ဂီမီရီ နှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က သံအမတ်ကြီး၊ သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့အား သံအမတ်ကြီးမှ ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။

 

ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လုမ္ဗိနီဥယျာဉ်သို့ လေကြောင်းဖြင့်သွားရောက်ခဲ့ရာ လုမ္ဗိနီဥယျာဉ်ရှိ မယ်တော်မာယာဒေဝီကျောင်းတော်သို့ ရောက်ရှိခဲ့ပြီး ဗုဒ္ဓဖွားမြင်တော်မူရာ သာသနိကနယ်မြေအား လှည့်လည်ဖူးမြော်ကာ လုမ္ဗိနီဥယျာဉ်တွင်းရှိ ပဏ္ဍိတာရာမအပြည်ပြည်ဆိုင်ရာသာသနာ့ရိပ်သာနှင့် မြန်မာရွှေကျောင်း တော်ကြီးသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

ဆုတောင်းမိန့်ခွန်းများ အပြန်အလှန်ပြောကြား

နိုင်ငံတော်သမ္မတသည် ယင်းနေ့ ညနေပိုင်းတွင် ကတ္တမန္ဒူးမြို့ရှိ Soaltee Crowne Plaza ဟိုတယ်၊ Malshree ခန်းမ၌ နီပေါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီ အား သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ တိုးမြှင့်ဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် နီပေါနိုင်ငံသမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီအား သမ္မတနန်းတော်သို့ သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မြဲရေး၊ နှစ်နိုင်ငံ ပြည်သူများ အကြား ပိုမိုထိတွေ့ဆက်ဆံရေး၊ ဘုရားဖူးခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နီပေါနိုင်ငံသမ္မတမှ နိုင်ငံတော်သမ္မတ၊ ဇနီးနှင့် ကိုယ်စားလှယ်အဖွဲ့အား သမ္မတနန်းတော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ ဂုဏ်ပြုညစာစားပွဲတွင် နိုင်ငံတော်သမ္မတနှင့် နီပေါနိုင်ငံ သမ္မတ တို့မှ ဆုတောင်းမိန့်ခွန်းများ အပြန်အလှန် ပြောကြားခဲ့ကြသည်။

 

နိုင်ငံတော်သမ္မတသည် သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတ နိုင်ငံ၊ သမ္မတ မစ္စတာ မိုင်သရီပါလ ဆီရိစီနာအား ဩဂုတ်လ ၃ဝ ရက်နေ့ တွင် Soaltee Crowne Plaza ဟိုတယ်၊Boardroom ခန်းမ၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးပျံသန်းနိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ မြန်မာ-သီရိလင်္ကာ ဝန်ကြီးအဆင့်ပူးတွဲကော်မရှင် အစည်းအဝေး ပြန်လည်ကျင်းပရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ တို့တွင် ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး စသည်တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထိုသို့ တွေ့ဆုံစဉ် သီရိလင်္ကာသမ္မတက နိုင်ငံတော်သမ္မတအား သီရိလင်္ကာနိုင်ငံသို့ တရားဝင်ခရီး အလည်အပတ် လာရောက်ရန် ဖိတ်ကြားခဲ့သည်။

 

နိုင်ငံတော်သမ္မတသည် ဩဂုတ်လ ၃ဝ ရက်၊ မွန်းလွဲပိုင်းတွင် အခြား ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့်အတူ နီပေါနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ အား သမ္မတအိမ်တော်သို့ သွားရောက်၍ စုပေါင်းတွေ့ဆုံခဲ့ပြီး၊ နီပေါနိုင်ငံသမ္မတမှ တည်ခင်းသော နေ့လယ်စာစားပွဲသို့ တက်ရောက် ခဲ့သည်။

 

ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးတက်ရောက်

ယင်းနေ့ ညနေ ၁၅းဝဝ နာရီတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ''ငြိမ်းချမ်းသာယာဝပြော၍ ရေရှည်တည်တံ့ခိုင်မြဲသော ဘင်္ဂလားပင်လယ်အော်ဒေသ'' ခေါင်းစဉ်ဖြင့် ကျင်းပသော စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ခဲ့သည်။ အစည်းအဝေးကို နီပေါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ ဘူတန်နိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့ ၏ အကြံပေးအရာရှိချုပ် ဒါရှိုရှာရင်းဝမ်ချွတ်၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာမိုဒီ၊ သီရိလင်္ကာနိုင်ငံသမ္မတ မိုင်သရီပါလ ဆီရိစီနာ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း) တို့လည်း တက်ရောက်ခဲ့ ကြသည်။

 

အစည်းအဝေး၌ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ နိုင်ငံ ခေါင်းဆောင်များက မိန့်ခွန်းများ ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာတွင် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု ၁၉၉၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့ချိန်မှ ယခုအချိန်အထိ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုများနှင့် စိန်ခေါ်မှုများကို ပြန်လည် သုံးသပ်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိသည့် စိုက်ပျိုးရေးကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုထိရောက်၍ ရလဒ်ရှေးရှုသော အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် အတွက် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်း နှိမ်နင်းရေးကဏ္ဍများတွင် တက်ၾ<ြကစွာပူးပေါင်းဆောင်ရွက်သွားရေး၊ ဘင်းမ်စတက်၏ အခြား အရေးကြီးသည့်ကဏ္ဍများ၌လည်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ထည့်သွင်း ပြောကြား ခဲ့သည်။

ထပ်လောင်း ကတိကဝတ်များပြု

ထိပ်သီးအစည်းအဝေးအတွင်း တက်ရောက်လာကြသော ဘင်းမ်စတက် နိုင်ငံခေါင်းဆောင်များမှ မိန့်ခွန်းများအသီးသီးပြောကြားကြရာတွင် ကမ္ဘာ့ လူဦးရေ၏ ၂၂ ရာခိုင်နှုန်းနေထိုင်ပြီး စုစုပေါင်း ဂျီဒီပီ အမေရိကန်ဒေါ်လာ ၂.၈ ထရီလီယံနှင့် ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းရှိသည့် ဘင်းမ်စတက် ဒေသသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အလားအလာ ကောင်းများ ပိုင်ဆိုင်ထားကြောင်း၊ သာယာဝပြောမှုကို အတူတကွ မျှဝေခံစားနိုင်ရန် ဘင်းမ်စတက်အဖွဲ့ကြီးအား ပိုမိုခိုင်မာ တောင့်တင်းအောင် ဆောင်ရွက်ရန် ထပ်လောင်းကတိကဝတ်များပြုကြောင်း၊ ထို့ပြင် ခေါင်းဆောင်များမှ အခြေခံအဆောက်အဦ၊ ကုန်သွယ်မှု၊ စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလာမှု၊ စွမ်းအင်၊ လမ်းနှင့် ပေါင်းစည်းဆက်သွယ်မှုကဏ္ဍများအပါအဝင် ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားရန်လိုအပ်ကြောင်း၊ ဘင်းမ်စတက် ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍများကို ပိုမိုထိရောက်မှုရှိစေရန် ပေါင်းစည်းဆက်သွယ်ရေး၊ ကုန်သွယ်မှု၊ ပြည်သူအချင်းချင်းဆက်သွယ်မှု၊ လုံခြုံရေး၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍများကို အထူးဦးစားပေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

 

အလွတ်သဘော အမြင်ချင်းဖလှယ်

ထို့နောက် ဩဂုတ်လ ၃ဝ ရက်၊ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတသည် နီပေါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီမှ ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့များအား ဂုဏ်ပြုတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ ညစာစားပွဲတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ယဉ်ကျေးမှုအကအဖွဲ့များက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။

 

ဩဂုတ်လ ၃၁ ရက်၊ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတသည် အခြား ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့်အတူ နံနက်စာ သုံးဆောင်ရင်းကျင်းပသည့် အလွတ်သဘော အစည်းအဝေး (Retreat) သို့ ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များသည် ပေါင်းစည်း ဆက်နွှယ်မှု မြှင့်တင်ရေး၊ ဘုရားဖူးခရီးသွားလုပ်ငန်းများ မြှင့်တင် ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကိစ္စ၊ ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ ပိုမိုထိရောက်မှု ရှိစေရန် ပြုပြင်ပြောင်းလဲရေး၊ ဘင်းမ်စတက် ပဋိညာဉ်စာတမ်းရေးဆွဲရေး လုပ်ငန်းစဉ်များအပေါ် အလွတ်သဘော အမြင်ချင်းဖလှယ်ခဲ့ကြသည်။

 

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသည့်အခမ်းအနားတက်ရောက်

 

ဆက်လက်၍ ခေါင်းဆောင်များသည် စတုတ္ထအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ထို့နောက် Memorandum of Understanding for Establishment of the BIMSTEC Grid Interconnection နားလည်မှုစာချွန်လွှာကို အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများက လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်သည် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအကြား လျှပ်စစ်ဓာတ်အားလိုင်းများချိတ်ဆက်၍ စွမ်းအင် ရောင်းဝယ်ရေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအခြေခံ ရမည့် မူဘောင်တစ်ရပ်ဖြစ်သည်။ ဆက်လက်၍ နီပေါနိုင်ငံဝန်ကြီးချုပ်မှ သီရိလင်္ကာနိုင်ငံသမ္မတထံသို့ ဘင်းမ်စတက်အဖွဲ့၏ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်း ပေးအပ်ခဲ့သည်။

 

အစည်းအဝေးတွင် ဘင်းမ်စတက်ခေါင်းဆောင်များက စတုတ္ထ အကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးကြေညာစာတမ်းကို အတည်ပြုချမှတ်ခဲ့သည်။ ထိပ်သီးအစည်းအဝေး ကြေညာစာတမ်းတွင် သိသာထင်ရှားသောရလဒ်များ ထွက်ပေါ်လာနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု ဧရိယာများအား ပြုပြင်ဖွဲ့စည်းမှုများ ပြုလုပ်ရန်၊ ဘင်းမ်စတက် အတွင်းရေးမှူးရုံး၏ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများအား ကြီးကြပ် ကွပ်ကဲရန်အတွက် ''ဘင်းမ်စတက် အမြဲတမ်းလုပ်ငန်းကော်မတီ'' ဖွဲ့စည်း သွားရန်၊ ဖွဲ့စည်းမှုဆိုင်ရာ မူဘောင်များအဖြစ် လုပ်ထုံးလုပ်နည်းစည်းမျဉ်းများနှင့် ပဋိညာဉ်စာတမ်း ရေးဆွဲသွားရန်၊ ဘင်းမ်စတက် အတွင်းရေးမှူးရုံးအား အင်အားဖြည့်တင်းသည့်အနေဖြင့် လက်ရှိညွှန်ကြားရေးမှူး (၃)ဦးမှ (၇) ဦးအထိ တိုးချဲ့ခန့်အပ်သွားရန်၊ အကြမ်းဖက်မှုနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန်၊ ၂ဝ၁၉ ခုနှစ်တွင် ဘင်းမ်စတက်၏ ပထမဆုံးအကြိမ် စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံ၌ လက်ခံကျင်းပရန် အဆိုပြုချက်အား ကြိုဆိုခြင်းတို့ ပါဝင်ခဲ့သည်။

 

နိုင်ငံတော်သမ္မတသည် ဩဂုတ်လ ၃၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှရီနာရန်ဒရာမိုဒီနှင့် တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံအကြား ကာလ ရှည်ကြာ အစဉ်အလာမပျက် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးတက်ခိုင်မြဲစေရေး၊ ဒီမိုကရေစီအပြည့်အဝ ဖော်ဆောင် ကျင့်သုံးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းစဉ်ဖော်ဆောင်မှုတွင် ကူညီပံ့ပိုးရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆက်လက်ကူညီပံ့ပိုးရေးကိစ္စ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ဆက်လက်၍ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။

 

နိုင်ငံတော်သမ္မတသည် ဆက်လက်၍ ဘူတန်နိုင်ငံ ကြားဖြတ်အစိုးရ အဖွဲ့၏ အကြံပေးအရာရှိချုပ် ဒါရှို ရှာရင်း ဝမ်ချွတ်နှင့် တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ပေါင်းစည်းဆက်နွှယ်မှု၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ တို့တွင် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတသည် နီပေါကုန်သည်ကြီးများအသင်း (Nepal Chamber of Commerce) မှ ဥက္ကဋ္ဌ မစ္စတာ ရာဂျစ်ရှ် ကာဂျီ ရှရက်စ်သာ နှင့် တာဝန်ရှိသူများအား လက်ခံ တွေ့ဆုံကာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု အပြန်အလှန်မြှင့်တင်ရေး၊ နီပေါလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လာရောက် ပြုလုပ်ရေး၊ ယခုနှစ် အောက်တိုဘာလအတွင်း ကတ္တမန္ဒူးမြို့၌ ကျင်းပပြုလုပ် မည့် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ပြသရေးကိစ္စများအတွက် ဆွေးနွေး ခဲ့သည်။

 

ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုသည် ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ဗန်ကောက်ကြေညာစာတမ်းနှင့်အတူ BIST-EC အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ သည်။ မြန်မာနိုင်ငံမှ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့ပြီး နောက် BIMSTEC ဟု အမည်ပြောင်းလဲခဲ့သည်။ ၂ဝဝ၄ ခုနှစ် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ကျင်းပပြုလုပ်သော (၆)ကြိမ်မြောက် ဘင်းမ်စတက်ဝန်ကြီးအဆင့်အစည်းအဝေးတွင် ဘူတန်နိုင်ငံနှင့် နီပေါနိုင်ငံ တို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သည်။ ဘင်းမ်စတက်တွင် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ(၁၄)ခုနှင့် အထူး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ(၂)ခုတို့ ပါဝင်သည်။

 

ထိပ်သီးအစည်းအဝေးအပြီး ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိများ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အထူးလေယာဉ် ဖြင့် ကတ္တမန္ဒူးမြို့မှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်