နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့၏ ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး၊ (၈)ကြိမ်မြောက် အက်မက်စ်ထိပ်သီး အစည်းအဝေးနှင့် (၉)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်ခဲ့သည့် သတင်းထုတ်ပြန်ချက်

Printer-friendly versionSend by email

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း) ၏ ဖိတ်ကြားချက်အရ ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ဗန်ကောက်မြို့၌ ကျင်းပသည့် (၈)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးနှင့် (၉)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ၁၄-၆-၂ဝ၁၈ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)က အစိုးရအိမ်တော်၌ ပြုလုပ်သည့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်ရေး ကိစ္စ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကူညီပံ့ပိုးရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လမ်းစဉ်ဖော်ဆောင်မှုနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ တွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)က မြန်မာအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ၊ ဒီမိုကရေစီ ဖော်ဆောင်မှုများအပေါ် ဆက်လက် ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် ယခုနှစ်တွင် ကျရောက်မည့် မြန်မာ-ထိုင်း သံတမန်ဆက်သွယ်မှု စတင်သည့် နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် အခမ်းအနားကို နှစ်နိုင်ငံလုံးတွင် ကျင်းပမည့်ကိစ္စ၊ မြန်မာနှင့် ထိုင်းနိုင်ငံ တို့အကြား ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် နယ်စပ်ဖြတ်ကျော်မှုအပါအဝင် နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်မှုများ မြှင့်တင်ရေးကိစ္စ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကိစ္စ၊ ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် နေရပ် စွန့်ခွာသူ မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်နေမှုများနှင့် အက်မက်စ်လုပ်ငန်းစဉ်မူဘောင်အောက်မှ ပူးပေါင်းဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ပါသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား များအား ထိုက်သင့်သည့် ရပိုင်ခွင့်ရရှိရေးနှင့် အလုပ်သမားအခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ပေးရေး အတွက် ကူညီပံ့ပိုးပေးရေးကိုလည်း ထိုင်းအစိုးရအား မေတ္တာရပ်ခံပြောကြားခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂ဝ၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံမှ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့်အပေါ် ကြိုဆိုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆွေးနွေးပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံ ဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြပါသည်။

နိုင်ငံတော်သမ္မတသည် ၁၄-၆-၂ဝ၁၈ ရက်နေ့၊ ညနေပိုင်းတွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)မှ နိုင်ငံတော်သမ္မတနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား အစိုးရအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ နံနက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် တို့နှင့်အတူ “Connecting the Future: Enhancing ACMECS Cooperation and Integration” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ACMECS CEO Forum ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါဖိုရမ်ကို ACMECS အဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ အစိုးရ၊ ပုဂ္ဂလိက နှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများအကြား သတင်းအချက်အလက်များ၊ အတွေ့အကြုံများ၊ အတွေးအမြင်များ ဖလှယ်ရန်နှင့် ACMECS ပူးပေါင်း ဆောင်ရွက်ရေးမူဘောင်အောက်ရှိ ပေါင်းစည်းဆက်သွယ်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ရည်ရွယ်၍ကျင်းပခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတသည် ACMECS ပူးပေါင်းဆောင်ရွက်မှုတွင် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပါဝင်မှု၏ အရေးပါမှုနှင့်စပ်လျဉ်း၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။

ညစာစားပွဲတက်ရောက်

ဇွန်လ ၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)မှ ACMECS ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များအား ဂုဏ်ပြုတည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

ဇွန်လ ၁၆ ရက်နေ့၊ နံနက်တွင် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၈)ကြိမ်မြောက်ACMECS ထိပ်သီးအစည်း အဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ယင်းနောက်ACMECS အဖွဲ့ဝင်နိုင်ငံများ၏ အားသာချက်၊ အနာဂတ်အလားအလာကောင်းများကို ထင်ဟပ်ပြသထားသည့် ACMECS ပြခန်း(Exhibition)သို့ လှည့်လည် ကြည့်ရှုခဲ့ပါသည်။

အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

ထို့နောက် နိုင်ငံတော်သမ္မတသည် ''ပေါင်းစည်းဆက်နွှယ်မှုရှိသည့် မဲခေါင် အသိုက်အဝန်းတစ်ခု တည်ထောင်ရေး'' ခေါင်းစဉ်ဖြင့်ကျင်းပသည့် (၈)ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့သည်။ အစည်းအဝေးကို ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)မှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတနှင့်အတူ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ လာအိုနိုင်ငံဝန်ကြီးချုပ် ထောင်လွန်းဆီ ဆုလစ်၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင်စွန်ဖု တို့လည်းတက်ရောက်ခဲ့ ကြပါသည်။ နိုင်ငံတော်သမ္မတသည် အစည်းအဝေး၌ ACMECS ပူးပေါင်း ဆောင်ရွက်ရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ပြီး ACMECS လုပ်ငန်းစီမံချက် (၂ဝ၁၉-၂ဝ၂၃) ပါ အခြေခံအဆောက်အအုံနှင့် အဖွဲ့အစည်းဆိုင်ရာ ပေါင်းစည်းဆက်သွယ်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး စသည့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ပြောကြား ခဲ့ပါသည်။ ထိပ်သီးအစည်းအဝေး၌ACMECS လုပ်ငန်းစီမံချက် (၂ဝ၁၉-၂ဝ၂၃)နှင့် ဗန်ကောက်ကြေညာစာတမ်းတို့ကို ထုတ်ပြန်ကြေညာခဲ့ ပါသည်။ ACMECS လုပ်ငန်းစီမံချက်အသစ်အရ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံအကြား ကုန်းလမ်းဆက်သွယ်မှုတိုးမြှင့်ရန်၊ မဲခေါင်နိုင်ငံများအကြား ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အခြေအနေကောင်းများဖန်တီးပေးရန်နှင့် မဲခေါင်နိုင်ငံများအကြား ကမ္ဘာလှည့်ခရီးသွားများ ခရီးသွားလာမှု ပိုမို လွယ်ကူစေရေးအတွက် အစီအစဉ်များချမှတ်ဆောင်ရွက်သွားရန်တို့ ပါဝင် သည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ''စီးပွားရေး ပေါင်းစည်းမှုနှင့် ဆက်သွယ်ချိတ်ဆက်မှု ပိုမိုမြှင့်တင်ရေးသို့'' ခေါင်းစဉ်ဖြင့်ကျင်းပသည့် (၉)ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးကို ဆက်လက် တက်ရောက်ခဲ့သည်။ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်က သဘာပတိအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော် သမ္မတနှင့်အတူ လာအိုနိုင်ငံ ဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့မှ ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် CLMV ပူးပေါင်းဆောင်ရွက်ရေး၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သုံးသပ်ခဲ့ပြီး အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးတို့အပါအဝင် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ အစည်းအဝေး၌ ပူးတွဲကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ CLMV ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံအကြား ဆက်သွယ်မည့် ကားလမ်းဖောက်လုပ်ရေး အတွက် ဖြစ်နိုင်ခြေ လေ့လာရေး လုပ်ငန်းဆောင်ရွက်သွားရန် စီမံချက်လည်း ပါဝင်သည်။

ပုဂ္ဂလိကကဏ္ဍမြင့်တင်ရန်ရည်ရွယ်

ထို့နောက် နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်မှ တည်ခင်း ဧည့်ခံသည့် နေ့လယ်စာစားပွဲ (Interactive Luncheon) သို့ တက်ရောက်ခဲ့ သည်။ အဆိုပါ နေ့လယ်စာစားပွဲကို ACMECS နိုင်ငံခေါင်းဆောင်များနှင့် ACMECS အဖွဲ့ဝင်နိုင်ငံများရှိ စီးပွားရေးလုပ်ငန်းကြီးများမှ CEO များအကြား တိုက်ရိုက်ထိတွေ့ဆွေးနွေးနိုင်ရန်နှင့် ACMECS ပူးပေါင်း ဆောင်ရွက်ရေးတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်မှုကို မြှင့်တင်ပေးရန်ရည်ရွယ်၍ စီစဉ်ခြင်းဖြစ်သည်။

ACMECS (ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ)သည် ၂ဝဝ၃ ခုနှစ်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ စတင်ခဲ့သော ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် ပူးပေါင်းဆောင်ရွက် ရေး)သည် ၂ဝဝ၄ ခုနှစ်တွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ စတင်ခဲ့သော ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများ အဖွဲ့ဝင်အဖြစ်ပါဝင်သည်။

ထိုင်းနိုင်ငံခရီးစဉ်သို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို တို့နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့်အတူ အဆင့်မြင့်အရာရှိများ လိုက်ပါသွားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၁၆ ရက်