နိုင်ငံတော်သမ္မတရုံး သတင်း ထုတ်ပြန်ချက် အမှတ်၊ ၅ / ၂၀၁၇

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်း ထုတ်ပြန်ချက် အမှတ်၊ ၅ / ၂၀၁၇

၁၃၇၉ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်

( ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်)

ယခုအချိန်တွင် ပြည်သူအချို့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေသဖြင့် ပြည်သူများ၏ စိုးရိမ်မှုများ ပပျောက်စေရေးအတွက် နယ်စပ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို သတင်းထုတ်ပြန်ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့တာဝန်များကို လွှဲပြောင်းရယူပြီးနောက် ၂၀၁၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဌအဖြစ် တာဝန်ယူသော ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ကျင်းပပြုလုပ်ခဲ့သော အဆိုပါ ဗဟိုကော်မတီ၏ ညှိနှိုင်းအစည်းအဝေးများတွင်လည်းကောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ အစည်းအဝေးများတွင်လည်းကောင်း နယ်စပ်ခြံစည်းရိုးကာရံရေး ဦးစားပေး ဆောင်ရွက်ရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး အထူးအလေးပေး ဆောင်ရွက်ရန် လမ်းညွှန်မှုများ ပြုခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၌ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာများကို နိုင်ငံတော်သမ္မတအား ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် နယ်စပ်ခြံစည်းရိုး ပျက်စီးနေသည့်နေရာများအား ပြုပြင်ခြင်း၊ ခြံစည်းရိုးကာရံရန် ကျန်ရှိသည့် နေရာများကို အဆင့်မီ လုံခြုံစွာ အမြန်ဆုံးကာရံခြင်းတို့ကို အချိန်မဆိုင်း ဆောင်ရွက်ရန် နှင့်လိုအပ်သည့်ဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက် ၂၀၀၉-၂၀၁၀ ခုနှစ်မှ ၂၀၁၇-၂၀၁၈ခုနှစ် အထိ ဘဏ္ဍာရေးနှစ်များအတွင်း နှစ်စဉ်မူလခန့်မှန်းခြေ ငွေစာရင်းနှင့် ဖြည့်စွက် ခွင့်ပြုငွေ စုစုပေါင်း ငွေကျပ်ဘီလီယံ ( ၁၉၀ ) ကျော်ကို ပြည်ထဲရေး ဝန်ကြီးဌာနသို့ ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးသို့ လုပ်ငန်း အပ်နှံဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများ အတွက် ငွေကျပ် ( ၆ ) ဘီလီယံကျော်ကို ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ငွေအပ်လုပ်ငန်းအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနသို့ အပ်နှံဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ ထို့အပြင် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ငွေကျပ် ( ၂ ) ဘီလီယံကျော်ကို ထပ်မံသုံးစွဲနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ယခုကာလအတွင်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရေး အတွက် ပထမအဆင့်အနေဖြင့် ငွေကျပ် ( ၂၀ ) ဘီလီယံကို နိုင်ငံတော် အစိုးရက လက်ငင်း ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်းနှင့် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းအား ယခင်ဆောင်ရွက်သည့် အတိုင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရန်ပုံငွေ တင်ပြတောင်းခံ၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားစေမည် ဖြစ်ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း အရေးကြီးသော မေယုတောင်တန်းနှင့်အပြိုင် ဖောက်လုပ်မည့် လမ်းမကြီး(၂)လမ်း၊ မေယုတောင်တန်းကို ဖြတ်ကျော်ဖောက်လုပ်မည့် မေယုတောင်ကျော်လမ်းမကြီး (၂)လမ်းပါဝင်သော မေယုတောင်တန်းလမ်း ကွန်ရက် ဖောက်လုပ်ရေး စီမံကိန်းကို အမြန်ဆုံးဖောက်လုပ်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနအား တာဝန်ပေးအပ်ထားပြီးဖြစ်၍ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် မေယုတောင်တန်းလမ်းကွန်ရက်စီမံကိန်း လုပ်ငန်းများအတွက် လိုအပ်သောဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရက တာဝန်ယူ၍ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း နယ်စပ်လုံခြုံရေးနှင့် မောင်တောဒေသလုံခြုံရေးတို့ကို ပိုမိုထိရောက် ကောင်းမွန်လာစေမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။