နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် ညစာစားပွဲအခ

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား



နေပြည်တော် ဇူလိုင် ၂၃



ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ ဂုဏ်ပြုအမှာ စကားပြောကြားကြသည်။



အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သံအမတ်ကြီးများ၊ ပြည်တွင်းပြည်ပမှပညာရှင်များ၊ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊  ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။



အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က မြန်မာနိုင်ငံသည် ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝပြီး ယင်းယဉ်ကျေးမှု အမွေအနှစ်များမှာ ရှေးယခင်ကတည်းက မြန်မာနိုင်ငံ၏အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ မြင့်မားထည်ဝါမှုကို ဖော်ညွှန်းပြသနေပါကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များဟုဆိုရာတွင် ဗိသုကာလက်ရာ အရည်အသွေးမြင့်မားသည့် ဘုရား၊ စေတီ၊ ပုထိုး၊ ကျောင်း၊ တန်ဆောင်း၊ အထိမ်းအမှတ် အဆောက်အအုံများနှင့် မြို့ပြနန်းတော် စသည့် ဒြပ်ရှိယဉ်ကျေးမှုများနှင့် မြန်မာနိုင်ငံအတွင်း  မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေများစသည့် ဒြပ်မဲ့ယဉ်ကျေးမှုများလည်း ပါဝင်ပါကြောင်း၊ ပုဂံဒေသရှိ စေတီပုထိုးများတွင် ယဉ်ကျေးမှုမြင့်မားသည့် နံရံဆေးရေးပန်းချီများ၊ တန်ဖိုးမဖြတ်နိုင်သည့် အနုသုခုမလက်ရာများကို တွေ့ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပုဂံဒေသသည် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အံ့ဖွယ်ဒေသဖြစ်ပါကြောင်း၊ ယင်းယဉ်ကျေးမှု အမွေအနှစ်များ၏ ဆွဲဆောင်မှုများကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက ခရီးသွားဧည့်သည်များလည်း လာရောက်လည်ပတ်နေကြသည်ကို တွေ့မြင်နိုင်ပါကြောင်း။



မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဒေသများထဲမှ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့် ပျူရှေးဟောင်းမြို့များကို ၂၀၁၄ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသားအားလုံး၏ နှလုံးသားထဲတွင် အထင်ကရ ရှိသည့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်တွင်ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အောင်မြင်စွာ သတ်မှတ်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် နိုင်ငံသူ နိုင်ငံသားများအားလုံး အထူး ဂုဏ်ယူဝမ်းမြောက်ကြရပါကြောင်း၊ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာက သိရှိခွင့်ရပြီးကမ္ဘာတွင် မြန်မာ၏ဂုဏ်သိက္ခာ မြင့်တက်လာပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဒေသများဖြစ်သည့် မြောက်ဦး ရှေးဟောင်း ဒေသ၊ ရွှေတိဂုံစေတီတော်နှင့် ပြဒါးလင်းဂူအစရှိသည့် ရှေးဟောင်းနေရာဒေသ များကိုလည်း မြန်မာ့အမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရအောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။



ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ဆောင်ရွက်သည့် နေရာတွင် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ၊ နေရာများကိုသာမကဘဲ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အလားအလာများကိုလည်း ထည့်သွင်း စဉ်းစားပြီး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခင်က ရေးဆွဲခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကိုလည်း ဒေသခံပြည်သူ များ၏ ပူးပေါင်းပါဝင်နိုင်မှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု စသည့်အချက်များကို အလေးထား ထည့်သွင်းရေးဆွဲကာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ခေတ်ကာလ အခြေအနေနှင့်အညီ အသစ်ပြန်လည် ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း။



ထို့အတူ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတွင်ရှိသည့် အဆင့်အတန်းအလွန် မြင့်မားသည့် ယဉ်ကျေးမှုအမွေအနှစ်များ၏ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးအစီအစဉ်များ၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ မြို့ပြလူမှုဘဝဖွံ့ဖြိုးမှု အစီအစဉ်များ စသည့် အစီအမံများကို ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် စီမံခန့်ခွဲမှု နည်းစနစ် တစ်ခုကိုလည်း ဥပဒေနှင့်အညီ ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါကြောင်း။



ထို့ပြင် မြန်မာနိုင်ငံ ပုဂံဒေသတွင်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံကသာမက ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မည် ဖြစ်ပါကြောင်း၊ သို့မှသာ ပုဂံယဉ်ကျေးမှုအမွေအနှစ်များကို နောင်မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပုဂံဒေသကို လူသိပိုများလာပြီး နိုင်ငံတကာမှ ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဖြစ်ပါကြောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ ဒေသခံပြည်သူများ စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကို မြတ်နိုးကြပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံဒေသအား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေးအမြင်ဖြင့် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ကိုယ်စီရှိကြပါကြောင်း။



ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီးနောက်ပိုင်း နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (ICOMOS) က မေးမြန်း ထားသည့် အချက်အလက်များကို BAGAN COM အဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ပေါင်းစပ်ညှိနှိုင်းပြီး ရေရှည်၊ ရေတိုစီမံကိန်းများ၊ နည်းဗျူဟာများ ပေါင်းစပ်ညှိနှိုင်းမှုများ၊ ဖြေလျှော့ဆောင်ရွက်မှုများနှင့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်ညှိနှိုင်းမှုများနှင့် အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။



ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်တင်သွင်းနိုင်ရေး ဆောင်ရွက်ရာတွင်  ပါဝင်ခဲ့သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ပြည်တွင်း၊ ပြည်ပမှပညာရှင်များ၊ ပုဂံဒေသခံပြည်သူများ၊ အသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရာတွင် ကြိုးပမ်းအားထုတ် ပူးပေါင်းပါဝင် ပံ့ပိုးကူညီခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။



ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီနေ့ပုဂံယဉ်ကျေးမှု ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုဖြစ်ဖို့အတွက် ကူညီတဲ့သူများ အားလုံးကို ကျေးဇူးတင်ခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ အမွေအနှစ် ဆိုတာဟာ ကျွန်မတို့ နောင်လာနောက်သားများအတွက် ချန်ခဲ့သင့်တဲ့ အရာတွေလို့ ပြောလို့ရပါတယ်။ ကမ္ဘာ့အမွေအနှစ်ဆိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ နောင်မျိုးဆက်တွေ အတွက် ချန်ခဲ့သင့်တဲ့ကိစ္စ၊ ချန်ခဲ့ထိုက်တဲ့ကိစ္စဆိုပြီး ဒီလိုမှတ်ယူလို့ရပါတယ်။



ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှုဒေသတစ်ခုဟာ ကမ္ဘာသူ၊ ကမ္ဘာသားများ အားလုံးအတွက် ထိုက်တန်တဲ့ အမွေအနှစ်ဆိုပြီး သတ်မှတ်ခြင်းခံရတာ ဂုဏ်ယူစရာဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒီလိုကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်လိုက်တဲ့အခါမှာ ကျွန်မတို့နိုင်ငံ တစ်ခုတည်းအတွက်သာ မဟုတ်ပါဘူး၊ ကမ္ဘာ့လူသားအားလုံးအတွက် ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဒီလို ကမ္ဘာ့အမွေအနှစ်အဖြစ် ရွေးချယ်သတ်မှတ်တဲ့အခါမှာ လူသားများ အားလုံးအတွက် တန်ဖိုးရှိတာတွေကို ရွေးတယ်ဆိုတဲ့ မူအပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်ကြပါတယ်။



လူသားများအားလုံး ပိုမိုပြီးတော့ နီးစပ်လာရေးအတွက်ကိုလည်း ဆောင်ရွက်တယ်လို့ သတ်မှတ်တဲ့ အဖွဲ့အစည်းများက ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူသားများ အားလုံးဟာ တူညီတဲ့အရာတွေရှိတယ်၊ တူညီတဲ့အတွေးအခေါ်တွေရှိတယ်။ တူညီတဲ့ အတွေးအခေါ်တွေကို စုပေါင်းပေးခြင်းဟာ ကမ္ဘာတစ်ခုလုံးအတွက် ကျေးဇူးတရား တစ်ခုဖြစ်တယ်၊ ကမ္ဘာတစ်ခုလုံးအတွက် အကျိုးဖြစ်တယ်ဆိုပြီး ယူဆခြင်းပဲဖြစ်ပါတယ်။



ရှေးဟောင်း သုတေသနပညာရှင်တစ်ဦးက ရုပ်ပိုင်းဆိုင်ရာ သက်မဲ့ပစ္စည်းတွေဟာ တစ်ကယ်ပဲ သမိုင်းကို မှန်မှန်ကန်ကန် သက်သေထူတယ်လို့ ဆိုခဲ့ပါတယ်။ ဥပဒေအမြင်အရဆိုရင် သက်မဲ့သက်သေများဟာ သက်ရှိသက်သေများထက် ပိုပြီး အားကိုးရတယ်၊ ပိုပြီးယုံကြည်ရတယ်ဆိုတဲ့အတိုင်း သက်မဲ့ပစ္စည်းအရာဝတ္ထုများဟာ အရင်တုန်းက သမိုင်းဖြစ်ရပ်ကို ဖြစ်ရပ်အတိုင်းကိုပြနေပါတယ်။



ဒါပေမယ့် ဖြစ်ရပ်အတိုင်းကိုပြတယ်ဆိုပေမယ့် ဒီပစ္စည်းတွေကို၊ အရင်တုန်းက အမွေအနှစ်တွေကို ကြည့်ရှုလေ့လာတဲ့သူတိုင်းဟာ ကိုယ့်ရဲ့အတွေးအခေါ်၊ ကိုယ့်ရဲ့ အမြင်လေးနဲ့ ကဗျာဆန်ဆန်နဲ့ ပြန်လည်ပြီး အတိတ်ကိုဖန်တီးနိုင်ပါတယ်။ ဒီလို ဖန်တီးနိုင်ခြင်း စွမ်းအားကိုပေးတဲ့ အမွေအနှစ်တွေဟာ ကျွန်မတို့အတွက် တန်ဖိုးအရှိဆုံးပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နောင်လာနောက်သားများဟာလည်း ပုဂံဒေသကိုကြည့်ခြင်း အားဖြင့်၊ တခြားကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်တွေကို ကြည့်ခြင်းအားဖြင့် အရင်တုန်းက လူသားတွေဟာ ဘယ်လိုရုန်းကန်ခဲ့ရတယ်၊ ဘယ်လိုနေထိုင်ခဲ့တယ်၊ ဘယ်လိုဘဝကို ရင်ဆိုင်ခဲ့တယ်၊ နောင်လည်း ရင်ဆိုင်သွားကြရမယ်၊ ရပ်တည်သွားရမယ် ဆိုတဲ့ အသိဥာဏ်တွေဖြစ်စေပါတယ်။



ကျွန်မတို့ရဲ့လူသားများဟာ တစ်ဦးကိုတစ်ဦး လေးစားဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီလို လေးစားနိုင်ဖို့အတွက် ကမ္ဘာ့အမွေအနှစ်များဟာ ကျွန်မတို့ကို လမ်းပြနေတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့အမွေအနှစ်ဆိုတာဟာ ကမ္ဘာကြီးရဲ့ တစ်နေရာ၊ နှစ်နေရာတင် မဟုတ်ပါဘူး၊ ကမ္ဘာကြီးတစ်ခုလုံးမှာ ပြန့်နှံ့ပြီးတော့ ရှိပါတယ်။ ကျွန်မတို့ နိုင်ငံမှာတင်မက တခြားနိုင်ငံတွေမှာ ရှိပါတယ်။ ဥရောပ၊ အမေရိက၊ အာဖရိက၊ အာရှ စတဲ့ တိုက်ကြီးများအသီးသီးမှာ ကမ္ဘာ့အမွေအနှစ်တွေ ရှိပါတယ်။ လူသားအားလုံးဟာ နောင်လာ နောက်သားတွေအတွက် တန်ဖိုးရှိတဲ့ အမွေအနှစ်တွေကို ထားပစ်ခဲ့နိုင်တယ် ဆိုတာကို သက်သေထူတာလည်းဖြစ်ပါတယ်။



ဒါကြောင့်မို့ ဒီလိုကမ္ဘာ့အမွေအနှစ်များ ရွေးချယ်ပြီး စာရင်းဝင်အောင်၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အောင် လုပ်ပေးတဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ကျွန်မတို့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်တာဟာ ကျွန်မတို့နိုင်ငံအတွက် လုပ်ပေးလို့တင် မဟုတ်ဘူး။ ကျွန်မတို့ကမ္ဘာမှာရှိတဲ့ လူသားများအားလုံး ယဉ်ကျေးမှုအပေါ်မှာ အခြေခံ ပြီးတော့၊ သမိုင်းဖြစ်ရပ်တွေအပေါ်မှာ အခြေခံပြီးတော့ တစ်ဦးအပေါ်တစ်ဦး ပိုပြီး နားလည်မှု ရှိလာဖို့အတွက်၊ နီးစပ်မှုရှိလာဖို့အတွက် ကူညီတယ်လို့မြင်တာကြောင့် ကျေးဇူးတင်တယ်လို့ ပြောချင်တာပါ။



ဘာဖြစ်လို့လဲဆိုတော့ ပုဂံဒေသကိုကြည့်မယ်ဆိုရင် ကျွန်မတို့ဟာ အတိတ်နဲ့ ပစ္စုပ္ပန် ဘယ်လို ဆက်နွယ်နေသလဲဆိုတာ မြင်ရပါတယ်။ ကျွန်မတို့ရဲ့ ပုဂံဒေသဟာ အရင်တုန်းက ဂူပုထိုးတွေ ရှိရုံသာမက အခုလည်း ကျွန်မတို့ရဲ့ပြည်သူများ နေထိုင်နေတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ဒါကိုတော့ ကျွန်မအထူးဂုဏ်ယူပါတယ်။ တချို့ကမ္ဘာ့အမွေအနှစ် နေရာတွေ ဆိုရင် ပြတိုက်သဖွယ် အရင်တုန်းက သမိုင်းကို သက်သေထူပြီး အခုပစ္စုပ္ပန် ဘ၀တွေနဲ့ ဆက်နွယ်မှုနည်းနေတာတွေ တွေ့ရပါတယ်။ ဒါပေမယ့် ပုဂံဒေသဟာဆိုရင် ရှေး အမွေအနှစ်တွေလည်း ရှိတယ်၊ လက်ရှိပြည်သူတွေလည်း နေထိုင်လှုပ်ရှားနေတာကြောင့် ကျွန်မတို့ရဲ့ ယဉ်ကျေးမှုဟာ အဆက်မပြတ်ဘဲနဲ့ ယဉ်ကျေးမှုတည်ခဲ့နိုင်တယ်၊ မြန်မာန်ိုင်ငံ အလယ်ပိုင်းမှာ ပေါက်ဖွားလာတဲ့ ဒီယဉ်ကျေးမှုကြီးဟာ နှစ်ပေါင်းများစွာ ဆက်ကာ၊ ဆက်ကာ အခုခေတ် ကျွန်မတို့ခေတ်အထိ အမွေဆက်ခံခွင့်ပေးခဲ့တယ် ဆိုတာကို ကျွန်မတို့ကို ထောက်ပြနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ ဒီလိုဖြစ်န်ိုင်ဖို့ အတွက် ကမ္ဘာပေါ်မှာ မတူညီတဲ့ယဉ်ကျေးမှုတွေ၊ မတူညီတဲ့လူမျိုးတွေ၊ မတူညီတဲ့ အတွေးအခေါ်တွေကို စုစည်းပေးဖို့အတွက် လုပ်ဆောင်ပေးခဲ့တဲ့ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အောင်လို့ ကူညီပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။



UNESCO, JICA ၊ Would Bank ၊ အလှူရှင်နိုင်ငံများဖြစ်တဲ့ အီတလီ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတန်ိုင်ငံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပုဂံဒေသခံပြည်သူများ၊ အသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ပံ့ပိုး ကူညီပေးခဲ့ကြတဲ့သူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ် ပါတယ်” ဟု ပြောကြားသည်။



ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ခံနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။



ထို့နောက် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရသည့်အတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပြည်ပပညာရှင် များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ရာ နိုင်ငံတော်သမ္မတက ထိုင်းနိုင်ငံမှ Ms. MonitoraUnakul ၊ အင်္ဂလန်နိုင်ငံမှ Ms. Elizabeth Moore ၊ ဩစတြေးလျနိုင်ငံမှ Ms. Charlotte Galloway ၊ UNESCO မှ မြန်မာနိုင်ငံတာဝန်ခံ Ms. Min Jeong Kim ၊ JICA မှ မြန်မာနိုင်ငံတာဝန်ခံ Mr. Masayuki Karasawa နှင့် ကမ္ဘာ့ဘဏ်မှ Mr. GevorgSargsyan တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် သည်။



ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြည်ပပညာရှင်များ၊ အလှူရှင် နိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ကြီးချုပ်များဖြစ်ကြသည့် ဩစတြေးလျနိုင်ငံမှ Mr. Duncan Marshall  ၊ ဆွစ်ဇာလန်နိုင်ငံမှ Mr. Kaiweise ၊ အမေရိကန်နိုင်ငံမှ Mr. Richard Engelhardt ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့ သမ္မတန်ိုင်ငံ ယဉ်ကျေးမှုသံမှူး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။



ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးနှင့် ပြည်တွင်းပညာရှင်များဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ BaganTechanical Expert Team, Advisory Chairman ဒေါက်တာ အောင်မြတ်ကျော်၊ မြန်မာနိုင်ငံ ဗိသုကာအသင်းနာယက ဒေါက်တာကျော်လတ်၊ ရှေးဟောင်း သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးညွန့်ဟန်နှင့် ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစန်းဝင်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။



ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြည်တွင်းပညာရှင်နှင့် လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးအောင်ကြိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးစော၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်နှင့် ဦးမြင့်စိန်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။



ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ နှလုံးသားထဲက ပုဂံဓာတ်ပုံအဖွဲ့နှင့် ပရဟိတအဖွဲ့များကိုယ်စား တာဝန်ရှိသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။



ထို့နောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တာဝန်ရှိသူများ နှင့် တက်ရောက်လာကြသူများသည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြသည်။



ယင်းနောက် ဂုဏ်ပြုမှတ်တမ်းလွှာလက်ခံရရှိသူများကိုယ်စား နှလုံးသားထဲမှ ပုဂံ ဓာတ်ပုံ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။



ထို့နောက် နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တာဝန်ရှိသူများ သည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ခဲ့ခြင်း အတွက် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။



ယင်းနောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ခဲ့ခြင်းအတွက် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသူများနှင့်အတူ ဂုဏ်ပြု ညစာကို အတူတကွ သုံးဆောင်ကြသည်။



ညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက ပုဂံခေတ်ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။