နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြား

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြား



နေပြည်တော် မေ ၂၄

 



နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီ၊ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံပြီး လမ်းညွှန် အမှာစကားပြောကြားသည်။



တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးဟန်ဇော် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



နိုင်ငံတော်သမ္မတက လမ်းညွှန်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံပွဲ ပြုလုပ်ရခြင်းသည် မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို ပိုမိုတိုးမြှင့်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ အန္တိမရည်ရွယ်ချက်မှာ နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်မည်ဆိုသည့် သိန္နိဋ္ဌာန်ဖြစ်ပါကြောင်း။



မိမိတို့နိုင်ငံကိုဒီမိုကရက်တစ်နိုင်ငံတည်ဆောက်နိုင်မှ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်ပါကြောင်း၊  မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်း ထားသည့်နိုင်ငံဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအားလုံးပါဝင်မှ ပြည်ထောင်စုနိုင်ငံ၊ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်၍ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးနှင့် နိုင်ငံသူနိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှ အောင်မြင်မည် ဖြစ်ပါကြောင်း။



လောကနိယာမ သဘောတရားအရ ပြုပြင်ပြောင်းလဲမှုသည် အချိန်နှင့်အမျှ ပြောင်းလဲ နေပါကြောင်း၊  ပြုပြင်ပြောင်းလဲမှုရေစီးကြောင်းတွင် လိုက်ပါနိုင်မှ မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်ကြီးလည်း ငြိမ်းချမ်းသာယာ၀ပြောလာမည် ဖြစ်ပါကြောင်း။



တချို့က ပြုပြင်ပြောင်းလဲမှုကိုစိုးရိမ်နေကြပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် စိုးရိမ်စရာ မဟုတ်ပါကြောင်း၊  မိမိတို့နိုင်ငံအတွက် မိတ်ကောင်းဆွေကောင်းဖြစ်ပါကြောင်း၊ ပြုပြင် ပြောင်းလဲမှုသည် ခြိမ်းခြောက်မှုမဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသူ နိုင်ငံသားများ၏ သားစဉ်မြေးဆက် ပျော်ရွှင်ချမ်းမြေ့မှုအတွက် အခွင့်ကောင်းအခါကောင်း ဖြစ်ပါကြောင်း။



မည်သည့်နိုင်ငံ၊ မည်သည့်ခေတ်၊ မည်သည့်စနစ်တွင်မဆို ပြုပြင်ပြောင်းလဲမှုမရှိဘဲနှင့် ဖွံ့ဖြိုး တိုးတက်မှုမရနိုင်ပါကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် အခြေအနေအချိန်အခါအရ ဖြစ်ပေါ်နေသည့် ရေစီးကြောင်းတွင်လိုက်ပါန်ိုင်မှ အမျိုးသားအကျိုးစီးပွား ရေရှည် တည်တံ့မှု ရှင်သန်လာမည်ဖြစ်ပါကြောင်း။



ဒီမိုကရေစီစနစ်သည် ဖက်ဒရယ်ပြည်ထောင်စုအတွက် အထောက်အပံ့ဖြစ်ပြီး ဖယ်ဒရယ် ပြည်ထောင်စုသည် ဒီမိုကရေစီခိုင်မြဲရေးကိုအားပေးပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဟု  သန္နိဋ္ဌာန်ချထားခြင်းဖြစ်ပါကြောင်း။



မိမိတို့လိုချင်သည့်  အုပ်ချုပ်ရေးသည် အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး၊  လွတ်လပ်ရေး ဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့်အုပ်ချုပ်ရေးပုံစံမျိုးဖြစ်ပါကြောင်း၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ တရားမျှတမှုရှိရန်ဖြစ်ကြောင်း၊  လူ့အဖွဲ့အစည်းအသီးသီးတွင် တရားမျှတမှုရှိမှ ဒီမိုကရေစီ အခြေခံအုတ်မြစ် ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ တရားမျှတမှုမရှိ၍ ဒီမိုကရေစီအခြေခံအုတ်မြစ် မခိုင်မြဲပါက နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့်ငြိမ်းချမ်းသာယာ၀ပြောသည့်နိုင်ငံကို တည်ဆောက်ရန် မလွယ်ပါကြောင်း။



နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ တရားမျှတမှုဆိုသည်မှာ အားလုံးတန်းတူညီတူ အခွင့်အရေးရရှိခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံသားများအားလုံး၊ အဖွဲ့အစည်းများ အားလုံး အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ ဥပဒေအရာတွင်  ညီမျှမှုဖြစ်စေ လိုပါကြောင်း၊ အားလုံးသည် ဥပဒေ၏ရှေ့မှောက်တွင် အညီအမျှဖြစ်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဥပဒေ၏အထက်တွင် မည်သူမျှမရှိရပါကြောင်း။



မိမိတို့နိုင်ငံကို ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ခြင်းသည်  ခေတ်ဟောင်း စနစ်ဟောင်းကနေ ခေတ်သစ်စနစ်သစ်ကို ပြောင်းလဲလာခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ပြောင်းလဲရာတွင် လမ်းရိုးလမ်းဟောင်းမှ  ခေတ်စနစ်နှင့်အညီ လမ်းသစ်ကိုထွင်ပြီး လုပ်ရမည်ဖြစ်ပါကြောင်း၊ ယခင်ကအတိုင်း အတွေးအခေါ် အပြုအမူများနှင့် ဆောင်ရွက်မည်ဆိုလျှင် ပြုပြင်ပြောင်းလဲမှုခရီးမရောက်နိုင်ပါကြောင်း။



ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကိုယ်တိုင် မပြုပြင် မပြောင်းလဲဘဲ တစ်ခြားသူကို ပြုပြင်ပြောင်းလဲနိုင်မည်မဟုတ်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်တာဝန် ထမ်းဆောင်ရာတွင် အနာဂတ်မျိုးဆက်အတွက် တာဝန်ကျေအောင် ထမ်းဆောင်ရန် လိုကြောင်း၊ သမိုင်းကပေးသည့် တာဝန်၊ နိုင်ငံတော်ကပေးသည့်တာဝန်ကို မိမိတို့မည်မျှ စွမ်းဆောင်နိုင်ခဲ့သည်ဆိုသည့်အပေါ် မူတည်ပြီး နောင်မျိုးဆက်က အဆုံးအဖြတ် ပေးကြမည် ဖြစ်ပါကြောင်း၊ မိမိကျရာတာဝန်ကို အကောင်းဆုံး၊ အသေသပ်ဆုံး ဥပဒေနှင့်အညီ စည်းကမ်းနည်းလမ်းတကျ လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း။



မိမိတို့တာဝန်ထမ်းဆောင်ရာတွင် အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကို အကောင်းဆုံး ဖန်တီးစေချင်ပါကြောင်း၊ မိမိတို့တာဝန်ယူသည့်ကာလတွင် ပြုပြင်ပြောင်းလဲပြီး ဒီမိုကရေစီ မျိုးစေ့ကို ချသွားနိုင်မှ နိုင်ငံတော် ငြိမ်းချမ်းသာယာ၀ပြောပြီး နိုင်ငံသားများ ညီတူညီမျှ အခွင့်အရေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများမှာ စားဝတ်နေရေး အခက်အခဲ၊ အကြပ်အတည်းရှိသည်ကို နားလည်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မိမိ အခက်အခဲအတွက် ပြည်သူပြည်သားများကိုဖိစီးခြင်း၊ နှိပ်စက်ခြင်း၊ အာဏာပါဝါပြခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းများကို မဖြစ်စေလိုပါကြောင်း။



ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်၊ တည်ဆဲဥပဒေများကိုလေးစားလိုက်နာရမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ဗဟိုဦးစီးစနစ်ကို ဖြေလျှော့ပြီး ဒီမိုကရေစီထွန်းကားရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ဆောင်နေပါကြောင်း။



ဒီမိုကရေစီစနစ်တွင် အပြန်အလှန်ထိန်းကျောင်းခြင်းရှိပါကြောင်း၊ ချစ်ခြင်း၊ မုန်းခြင်းအပေါ် မူမတည်ဘဲ အပြန်အလှန် ထိန်းကျောင်းမှုပေးခြင်းသည် ဒီမိုကရေစီ၏ အားသာချက် ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးအပိုင်းက ဆောင်ရွက်ချက်များကို ဥပဒေပြုရေးအပိုင်းမှ ကိုယ်စားလှယ်များက ထိန်းကျောင်းရမည်ဖြစ်ကြောင်း၊ သို့သော်လည်းအုပ်ချုပ်ရေးအပိုင်းကို ဝင်ရောက် စွက်ဖက်ခြင်းမျိုးမဖြစ်ရန် လိုပါကြောင်း၊ ထို့အတူအုပ်ချုပ်ရေး အပိုင်းမှလည်း တရားစီရင်ရေးအပိုင်းကို ဝင်ရောက်စွက်ဖက်၍ မရပါကြောင်း၊ တရားစီရင်ရေး အပိုင်းမှလည်း ဥပဒေပြုရေးအပိုင်းကို ဝင်ရောက် စွက်ဖက်၍မရပါကြောင်း။



လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းနှင့် အဆိုများတင်သည့်အခါတွင် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်းမေးခွန်း၊ အဆိုနှင့် ပတ်သက်သည့် ကန့်သတ်ချက်၊ စည်းကမ်းချက်များနှင့်အညီသာတင်သွင်းရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် အဆိုနှင့်မေးခွန်းများသည် နိုင်ငံတော်အတွက်နောင်အကျိုးဆက်ကို ကြည့်ရမည်ဖြစ်ပါကြောင်း။  



မေးခွန်းများမေးမြန်းရာတွင် မေးသင့်မေးထိုက်သည်ကို မေးရမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး အပိုင်းကလည်း သေသေချာချာကျကျနန ဖြေပေးရမည်ဖြစ်ပါကြောင်း၊ ယင်းသည် အပြန်အလှန်နားလည်မှုနှင့် အပြန်အလှန်လေးစားမှုပင် ဖြစ်ပါကြောင်း၊ လွှတ်တော်နှင့် အုပ်ချုပ်ရေးအပိုင်း အပြန်အလှန် ယုံကြည်မှုပေး၍ အပြန်အလှန် ထိန်းကျောင်းရမည် ဖြစ်ပါကြောင်း။



လွှတ်တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ ဒေသဖွံ့ဖြိုးရေးနှင့် စီမံကိန်းများတွင် အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းကအလေးထားတိုင်ပင်ရမည့် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း ကိုယ့်ဒေသ၊ ကိုယ့်မဲဆန္ဒနယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ညှိနှိုင်းသင့်ပါကြောင်း၊



ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်လည်း မိမိအဖွဲ့အစည်း၊ မိမိလုပ်ပိုင်ခွင့်နှင့် မိမိလုပ်ရမည့် ကိစ္စကိုမှန်မှန်ကန်ကန် နားလည်ကျေညက်အောင် လေ့လာ သုံးသပ်ပြီး လုပ်စေလိုပါကြောင်း၊   တရားစီရင်ရေးသည် လွတ်လပ်သည့် တရားစီရင်ရေး ဖြစ်စေ လိုပါကြောင်း၊ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် တရားစီရင်စေလိုပါကြောင်း၊ ပြောလိုသည်မှာ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ တရားမကျင့်ထုံး ဥပဒေ၊ တရားရုံးလက်စွဲ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေစသည်ဖြင့် တရားစီရင်ရေးနှင့်ပတ်သက်သည့် ဥပဒေများအတိုင်းသာဆောင်ရွက်စေလိုပါကြောင်း။



မိမိတို့သည် တရားဥပဒေစိုးမိုးရန် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊   တရားဥပဒေစိုးမိုးရေး ရှိမှ ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရားဖြစ်မြောက်မည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေး ယန္တရားမရှိပါက ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်လုပ်၍ မရပါကြောင်း၊ ထို့ကြောင့် မိမိတို့ လိုလားသည့် တရားစီရင်ရေးသည် ဘက်မလိုက်သော တရားစီရင်ရေးဖြစ်ပါကြောင်း။



ထို့ပြင် မိမိတို့လိုချင်သည့် အုပ်ချုပ်ရေးယန္တရားသည် တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ဖြစ်သည့် အုပ်ချုပ်ရေးယန္တရားသာ ဖြစ်စေလိုပါကြောင်း၊ ပြည်သူကိုလွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုပေးသည့် အုပ်ချုပ်ရေးစနစ်သာဖြစ်စေလိုပါကြောင်း၊ သို့မှသာ တရားဥပဒေ စိုးမိုးမှုကို တည်ဆောက်၍ရမည်ဖြစ်ကြောင်း၊ မိမိတို့အားလုံးက ပြုပြင်ပြောင်းလဲရေးအတွက် ကိုယ့်အတ္တကို မကြည့်ဘဲ လုပ်ရမည်ဖြစ်ပါကြောင်း၊ ကိုယ့်အတ္တကို ဗဟိုပြုပြီး လုပ်မည်ဆိုပါက အောင်မြင်နိုင်မည် မဟုတ်ပါကြောင်း၊ ပရဟိတကို ဗဟိုပြုပြီးလုပ်မည်ဆိုပါက ကိုယ်လုပ်သည့် အလုပ်အောင်မြင်ပြီး ကိုယ်လည်းသိက္ခာရှိ၊ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသူ နိုင်ငံသားများအားလုံးနှင့် နိုင်ငံတော်ကြီး ငြိမ်းချမ်း သာယာ၀ပြောရန်အတွက် ကြွရောက်လာကြသူအားလုံးက ယခုအချိန်ကစပြီး စိတ်အား ထက်သန်စွာဖြင့် တက်ညီလက်ညီပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ကို ယခုထက် တိုးမြှင့် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်းပြောကြားသည်။



ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု၊ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကိုရှင်းလင်းတင်ပြသည်။



တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတကနေပြည်တော်ကောင်စီအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် လုပ်ငန်းများ အရည်အသွေး ပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်သွားရန် လိုကြောင်း။



နေပြည်တော်ကောင်စီအနေဖြင့် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ရာတွင် အရည်အသွေး ပြည့်မီမှု ရှိ၊မရှိကိုသေချာစွာ စိစစ်ဆောင်ရွက်ရန် လိုအပ်ပြီး ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိတာဝန်ကို သေချာစွာကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးကိစ္စကို အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကိစ္စနှင့်စပ်လျဉ်းပြီး တာဝန်ရှိသူများအနေဖြင့် မျက်ကွယ် မပြုကြစေလိုကြောင်း၊ သတင်းရရှိလျှင် ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ပူးပေါင်း ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဆောင်ရွက် နေပါကြောင်း၊ ဝန်ကြီးဌာနများတွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ခွဲများ ဖွဲ့စည်း ဆောင်ရွက်နေပါကြောင်း၊ မန္တလေးနှင့်ရန်ကုန်မြို့ကြီးများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ရုံးခွဲများကို ဖွင့်လှစ်ထားရှိပြီးဖြစ်သကဲ့သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ကူညီပေးကြစေလိုပါကြောင်း။



စီမံကိန်းများဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရန် သေချာ စိစစ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း စီမံကိ်န်း တန်ဖိုးများမှန်၊ မမှန်နှင့်ဒေသလိုအပ်ချက် ရှိ၊ မရှိကိုဝိုင်းဝန်း စိစစ်ပေးကြရန် လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကိုသုံးစွဲရာတွင် ပြည်သူ့အကျိုးငှာအရည်အချင်းရှိသည့် ဘဏ္ဍာစိုးသဖွယ် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီအသုံးပြုကြရန် လိုအပ်ကြောင်း။



လယ်ယာမြေကိစ္စများ ဖြေရှင်းဆောင်ရွက်ရန် မူဝါဒကို မျှမျှတတ ချမှတ်ထားပါကြောင်း၊ ချမှတ်ထားသည့် မူဝါဒများနှင့်အညီလွှတ်တော်ကိုယ်စားလှယ်များ၊ လယ်ယာမြေ စိစစ်ရေး အဖွဲ့များအနေဖြင့် အမှုတွဲများကို ဆောလျှင်စွာ ပြီးပြတ်စေရေး စနစ်တကျ စိစစ် ဆောင်ရွက်ကြစေလိုကြောင်း။



ဒီမိုကရေစီကိုလိုလားပါက မိမိတို့ကိုယ်တိုင် ဥပဒေလေးစားလိုက်နာခြင်း၊ စည်းကမ်း လိုက်နာခြင်း၊ တရားမျှတခြင်း၊ သဘောထားကြီးခြင်း၊ သည်းခံ ခွင့်လွှတ်ခြင်းတို့ ရှိရမည် ဖြစ်ပါကြောင်း၊ ဒီမိုကရက်တစ်အုပ်ချုပ်ရေးစနစ်ကောင်းဖြစ်အောင် ဆောင်ရွက်မည်ဆိုလျှင် တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ ကြိုတင် မျှော်မှန်းနိုင်မှု အားလုံးပူးပေါင်းပါဝင်နိုင်မှုတို့ ရှိရန်လိုအပ်ကြောင်း၊ ဒါမှသာ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။



ပြည်ထောင်စုအစိုးရကချမှတ်သောလုပ်ငန်းစဉ်များမူဝါဒများကိုနေပြည်တော်ကောင်စီကလက်တွေ့ အကောင်အထည်ဖော်ကြရမည် ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ၏ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်များမှန်ကန်မှု၊ မြန်ဆန်မှုရှိမှသာ လုပ်ငန်းများ အောင်မြင် နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများအားလုံးက နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးခရီးတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ မိမိတို့ တတ်ကျွမ်းသည့်ပညာဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေတွင်ရှိသည့် ဒေသခံပြည်သူများ အေးချမ်းသာယာပြီး စိတ်နှလုံးချမ်းမြေ့စွာ နေထိုင်နိုင်သည့် မြို့တော်ဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း လမ်းညွှန်မှာကြားသည်။ 



တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။



ထို့နောက် နိုင်ငံတော်သမ္မတသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် သီးခြားတွေ့ဆုံပြီး နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးလမ်းညွှန်မှာကြားသည်။