နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း(၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက်)

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက်)

ယနေ့အခမ်းအနားသို့ ကြွရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယ ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များနဲ့ လုပ်ငန်းကော်မတီဝင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း/ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။

ယခုလို မင်္ဂလာရှိလှတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားမှာ စကားပြောကြားခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဟာ ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်ကို ကာကွယ်နိုင်ဖို့အတွက် ကမ္ဘာလုံး ဆိုင်ရာ အသိပညာပေးရေး ဆောင်ရွက်ချက်များကို အားပေးနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အရေးပါတဲ့ နေ့ရက်တစ်ရက်အဖြစ် ဆောင်ရွက်လာခဲ့တာဟာ ၁၉၇၄ ခုနှစ်ကတည်း ကပင် ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ ဒီလိုအရေးကြီးတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံများနဲ့အတူ မြန်မာနိုင်ငံမှာလည်းပဲ နှစ်စဉ်အလေးထား ကျင်းပရတာ ဖြစ်ပါတယ်။

ဧည့်သည်တော်ကြီးများခင်ဗျား-

ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားမှာ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးသက်ရောက်မှုနဲ့အတူ သဘာဝသယံဇာတများ လျော့နည်းဆုံးရှုံးလာခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ ဂေဟစနစ်များပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ လေထုနဲ့ ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း စတဲ့ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ဒီလို ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ တွေမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကလည်း တစ်ခုအပါအဝင် ဖြစ်လာပြီး ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးပေါ်မှာ အလေးထား ဖြေရှင်း ဆောင်ရွက်ရမယ့် ကိစ္စရပ်တစ်ခု ဖြစ်လာပါတယ်။

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်ရဲ့ လေ့လာဆန်းစစ် တွေ့ရှိမှုတွေအရ ကမ္ဘာပေါ်မှာ ပလတ်စတစ်အိတ် ၅၀၀ ဘီလီယံခန့်ကို နှစ်စဉ် အသုံးပြုလျက်ရှိပြီး ၅၀ ရာခိုင်နှုန်းခန့်ဟာ တစ်ခါသုံးပလတ်စတစ်အိတ်များ ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ နေ့စဉ်စွန့်ပစ်လျက်ရှိတဲ့ စွန့်ပစ်ပစ္စည်းအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းဟာ ပလတ်စတစ်များဖြစ်ပြီး ပင်လယ်၊ သမုဒ္ဒရာများ အတွင်းကို နှစ်စဉ်ရောက်ရှိသွားတဲ့ ပလတ်စတစ်ပမာဏဟာ အနည်းဆုံးတန်ချိန် ၈ သန်းခန့် ရှိနေပါတယ်။ ပင်လယ်၊ သမုဒ္ဒရာများအတွင်း စွန့်ပစ်ပလတ်စတစ်များ ရောက်ရှိနေမှုကို ကမ္ဘာ့ နိုင်ငံများအနေနဲ့ ထိန်းချုပ်ဆောင်ရွက်မှုမရှိခဲ့ရင် ၂၀၅၀ ပြည့်နှစ်အရောက်မှာ ပင်လယ်၊ သမုဒ္ဒရာတွေ အတွင်းမှာရှိနေတဲ့ ရေနေသတ္တဝါမျိုးစိတ်ပမာဏထက် ပလတ်စတစ်ပမာဏက ပိုရှိနေလိမ့်မယ်လို့လည်း လေ့လာဆန်းစစ်ထားတာ တွေ့ရပါတယ်။ ဒီလေ့လာတွေ့ရှိချက် တွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးအနေနဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းစေနိုင်မှု၊ လူသားတွေရဲ့ ကျန်းမာရေး အပေါ် ထိခိုက်စေနိုင်မှု၊ ပင်လယ်သမုဒ္ဒရာများကို ညစ်ညမ်းစေနိုင်မှု၊ အဏ္ဏဝါ သက်ရှိများကို ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေနိုင်တဲ့အပြင် လူသားများရဲ့ အစားအစာ အရင်းအမြစ်ကို ခြိမ်းခြောက်နေတဲ့ပြဿနာ၊ လူသားများရဲ့ ကျန်းမာရေးကို တိုက်ရိုက် ထိခိုက်နိုင်တဲ့ ပြဿနာ ဖြစ်တဲ့အတွက် အလေးထား ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်ဆိုတာ သတိပေးနေခြင်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ် အဖြစ် “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့” “Beat Plastic Pollution” လို့ သတ်မှတ်ထားပါတယ်။ ဆောင်ပုဒ်ရဲ့ရည်ရွယ်ချက်ကတော့ ပင်လယ်၊ သမုဒ္ဒရာများကို ညစ်ညမ်းစေပြီး အဏ္ဏဝါသက်ရှိများရဲ့ အသက်ရှင်နေထိုင်မှုနဲ့ လူသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချဖို့၊ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းတည်တံ့စေမယ့် အခြားနည်းလမ်းများကို အချင်းချင်းမျှဝေပြီး အတူတကွ ပူးပေါင်းရှာဖွေဖော်ထုတ် ဆောင်ရွက်ကြဖို့၊ အစိုးရများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်သူအစုအဖွဲ့များနဲ့ တစ်ဦးချင်းစီကို တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတိုင်း၊ နိုင်ငံသားတိုင်း အနေနဲ့ ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြဖို့အတွက် အလေးထား ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။

ဧည့်သည်တော်ကြီးများခင်ဗျား-

ယခုအခါ လူဦးရေများပြားလာပြီးတော့ မြို့ပြနဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုး လာတာနဲ့အတူ စွန့်ပစ်ပစ္စည်းထွက်ရှိမှု ပိုမိုများပြားလာတာတွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို နိုင်ငံတကာမှာ အောင်မြင်နေတဲ့ နည်းပညာ၊ အရင်းအမြစ်များအပေါ် အခြေခံပြီး စနစ်တကျ စီမံဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းများ စုဆောင်း၊ စွန့်ပစ်ခြင်းတို့ကို မှန်ကန်ထိရောက်တဲ့ နည်းလမ်းများနဲ့ စနစ်တကျ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် အစိုးရအနေနဲ့ကလည်း ပြောင်းလဲကျင့်သုံးနေတဲ့ နည်းပညာနဲ့ အခြေအနေအရပ်ရပ်နဲ့ ကိုက်ညီအောင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြန်လည်ပြင်ဆင်ရေးဆွဲရမှာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်ခါသုံးပလတ်စတစ်အသုံးပြုမှု လျှော့ချရေး၊ ပြန်လည်ပြုပြင် သုံးစွဲနိုင်တဲ့ ပစ္စည်းများကို ပိုမိုသုံးစွဲရေးစတဲ့ အမူအကျင့်ကောင်းများ ဖွံ့ဖြိုး တိုးတက် စေရေးကို တိုက်တွန်း အားပေးဖို့နဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကို တားမြစ်နိုင်ရေး တို့အတွက် လိုအပ်တဲ့ မူဝါဒများကို ပြောင်းလဲချမှတ် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတတဲ့ ပတ်ဝန်းကျင်ဖြစ်လာအောင် ဖော်ဆောင်သွားနိုင်ဖို့အတွက် မျှော်မှန်းပြီး အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ လုပ်ငန်းအစီအစဉ် (၂၀၁၇-၂၀၃၀)ကို ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ဒီမဟာဗျူဟာနဲ့ လုပ်ငန်းအစီအစဉ်အရ ထိရောက်တဲ့ စွန့်ပစ်ပစ္စည်းသိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ဖို့၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနဲ့ စက်မှုလုပ်ငန်းများမှ ထွက်ရှိလာတဲ့ စွန့်ပစ် ပစ္စည်းများအတွက် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေတဲ့ စီမံခန့်ခွဲမှုစနစ်ကို တိုးမြှင့် ဆောင်ရွက်ဖို့၊ 3 R actions လို့ခေါ်တဲ့ ထွက်ရှိမှု လျှော့ချခြင်း (Reduce)၊ ပြန်လည် သုံးစွဲခြင်း (Reuse)၊ ပြန်လည်ပြုပြင်သုံးစွဲခြင်း (Recycle) နည်းစဉ်များဖြင့် ဆောင်ရွက်ဖို့၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် အစဉ်လည်ပတ်နေမယ့် ရန်ပုံငွေ ထားရှိစေဖို့၊ စွမ်းဆောင်ရည်နဲ့ အသိပညာမြှင့်တင်ဖို့၊ လေ့ကျင့်သင်ကြားပေးဖို့၊ သတ်မှတ်ချက်များနဲ့အညီ စောင့်ကြည့် ကြပ်မတ် လိုက်နာဆောင်ရွက်စေဖို့စတဲ့ ပန်းတိုင်များ ရရှိအောင် အမျိုးသားအဆင့်၊ မြို့တော်အဆင့်၊ မြို့နယ်အဆင့် အဆင့်ဆင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

အခုအခါမှာ ဒီမဟာဗျူဟာအပေါ်အခြေခံပြီး မြို့တော်အဆင့်အနေနဲ့ ပြောရရင် မန္တလေးမြို့တော်ကို အနာဂတ်မျိုးဆက်များအတွက် စိမ်းလန်းစိုပြေပြီး သန့်ရှင်းလှပတဲ့ မြို့တော်ဖြစ်ရေးကို ရေရှည်မျှော်မှန်းပြီး မန္တလေးမြို့တော် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနဲ့ လုပ်ငန်းစီမံချက် (၂၀၁၇-၂၀၃၀) ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ရေးဆွဲထုတ်ပြန်နိုင်ခဲ့ပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပြီဖြစ်သလို အခြားမြို့ကြီး၊ မြို့နယ်တွေမှာလည်းပဲ စွန့်ပစ်ပစ္စည်းဆိုင်ရာ အစီအမံတွေ မိမိတို့ဒေသ၊ မြို့ရွာနှင့်လျော်ညီအောင် ရေးဆွဲအကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုပါတယ်။ တစ်ဆက်တည်းမှာပဲ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့်ထိ လွှမ်းခြုံမိတဲ့ စီမံချက်ကိုလည်း ရေးဆွဲပြုစုလျက် ရှိပါတယ်။

ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်စေတဲ့ ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းတွေဟာ ယနေ့ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံအများစုမှာ နည်းပညာတွေကို အသုံးပြုပြီးတော့ စွန့်ပစ်ပစ္စည်းဟာ အရင်းအမြစ်တစ်ရပ် “Waste is a resource” ဆိုတဲ့ အချက်ကို လက်ကိုင်ပြုပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းအပါအဝင် အခြားစွန့်ပစ် ပစ္စည်းတွေကို အသုံးပြုပြီး လူသုံးကုန် ပစ္စည်းအသစ်များအဖြစ် ပြန်လည်ထုတ်လုပ်နေတာ လေ့လာ တွေ့ရှိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး ပန်းတိုင်ကို ရောက်ရှိဖို့ အထောက်အပံ့ တစ်ခုအနေနဲ့ စွန့်ပစ် ပစ္စည်းတွေကနေ လူသုံးကုန်ပစ္စည်းတွေ ပြန်လည်ထုတ်လုပ် သုံးစွဲနိုင်မယ့် နည်းလမ်းကိုလည်း စဉ်းစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပလတ်စတစ်ပစ္စည်းများအစား ပြန်လည်အသုံးပြုနိုင်တဲ့ အရင်းအမြစ်များကို သုံးစွဲခဲ့ကြတဲ့ အလေ့အထကောင်းများ ရှိနေဆဲဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် သောက်ရေကို မြေအိုးထဲ ထည့်သုံးခြင်း၊ စျေးဝယ်ရာမှာ ကြိမ်ခြင်းကို အသုံးပြုခြင်းနဲ့ ဖက်ရွက်များကို အသုံးပြု ထုပ်ပိုးခြင်း၊ မြန်မာ့လက်မှုပညာနဲ့ ပြုလုပ်ထားတဲ့ ကြိမ်ကုလားထိုင်၊ ဝါးကုလားထိုင် စတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုခြင်းတို့ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ နိုင်ငံသူနိုင်ငံသားတိုင်းအနေနဲ့ အဲ့ဒီလို ဓလေ့ထုံးစံ အလေ့အကျင့်ကောင်းများကို ဆက်လက်ကျင့်သုံးခြင်းဟာလည်း ကျွန်တော်တို့ရဲ့ ဆက်လက် ဆောင်ရွက်သွားမယ့် ပလတ်စတစ် သုံးစွဲမှုလျှော့ချခြင်း လုပ်ငန်းတွေကို များစွာ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်တွင်းက ပလတ်စတစ် စွန့်ပစ်ပစ္စည်းအပါအဝင် စွန့်ပစ် ပစ္စည်းများကို လျှော့ချဖို့၊ တတ်နိုင်သမျှ ပြန်လည်ပြုပြင်သုံးစွဲနိုင်ဖို့နဲ့ စွန့်ပစ်ပစ္စည်း များကို ပြန်လည်ပြုပြင် ထုတ်လုပ်နိုင်ဖို့အတွက် ပြည်တွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းတွေကိုလည်း အားပေးဆောင်ရွက် သွားကြရမှာဖြစ်ပြီး နိုင်ငံသူနိုင်ငံသားတွေ အတွက် ပတ်ဝန်းကျင်ဆိုင်ရာနဲ့ လူမှုစီးပွားဆိုင်ရာ အကျိုးရလဒ်ကောင်းများ ချက်ချင်း ရရှိလာမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မိမိနိုင်ငံအတွင်း ပြည်ပနိုင်ငံများမှ စွန့်ပစ်ပစ္စည်းများ တင်သွင်းစုပုံလာမှု မရှိစေရေးကိုလည်း အမြဲအလေးဂရုပြုပြီး စီစဉ် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

ဧည့်သည်တော်ကြီးများခင်ဗျား-

“ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုတာ ကျွန်တော်တို့ရဲ့ ဘိုးဘေး ဘီဘင် တွေက လက်ဆင့်ကမ်းပေးလိုက်တဲ့ အမွေအနှစ်ဖြစ်ပြီး ကျွန်တော်တို့ကလည်း အနာဂတ် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးရမယ့် အမွေအနှစ်ဖြစ်ပါတယ်။” ဒါ့ကြောင့်မို့ နိုင်ငံလူဦးရေ တိုးတက်လာတာနဲ့အမျှ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ရေရှည်စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများကို ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပေါင်းစပ် ဆောင်ရွက်ဖို့ ပြောလိုပါတယ်။

ဒါ့ကြောင့် ကဏ္ဍအသီးသီးမှာ ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံများကို စနစ်တကျ ပေါင်းစပ် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မဟာဗျူဟာနဲ့ လုပ်ငန်းအစီအစဉ်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လွှမ်းခြုံစီမံချက်၊ အစိမ်းရောင် စီးပွားရေးဆိုင်ရာ မူဝါဒမူဘောင်ကို ရေးဆွဲပြီး ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ အဖွဲ့အစည်းများအားလုံး အနေနဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်နဲ့ သဘာဝသယံဇာတများ၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိဖို့နဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အတူတကွ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေဖို့နဲ့ ယိုယွင်းပျက်စီးမှုများ မဖြစ်စေဖို့ ကာကွယ်ထိန်းသိမ်းရာမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနဲ့အတူ အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့ အစည်းတွေ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် ကြမှသာ သာယာဝပြောတဲ့ အနာဂတ်ကို ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေ ရရှိ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စပ်လျဉ်းပြီး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု တွေကို ပြောရမယ်ဆိုရင် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်၊ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း၊ ဘာဆယ် ကွန်ဗင်းရှင်း၊ စတော့ဟုမ်းကွန်ဗင်းရှင်းစတဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေမှာ လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မိမိနိုင်ငံအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ပေါင်းစပ် အကောင်အထည် ဖော်တဲ့နေရာမှာ လူ့စွမ်းအားအရင်းအမြစ် အကန့် အသတ်ရှိမှု၊ နည်းပညာ လိုအပ်မှုတွေ ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အာဆီယံနိုင်ငံ များနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ယခုထက်မက တိုးမြှင့် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

ပစ္စုပ္ပန် အတွက်ရော၊ အနာဂတ်မှာပါ လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းကဏ္ဍတစ်ရပ် ဖြစ်တဲ့အတွက် တက်ရောက် လာကြတဲ့ ဧည့်သည်တော်များနဲ့ နိုင်ငံသူနိုင်ငံသား အားလုံးအနေနဲ့ တစ်ဦးချင်းတာဝန် သိစိတ်များနဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ မဖြစ်လာအောင် ဝိုင်းဝန်းထမ်းရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်။ ယနေ့ အခမ်းအနား က သိရှိလိုက်တဲ့ သတင်းအချက်အလက်များကို အသုံးပြုပြီး "Beat Plastic Pollution" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကမ္ဘာမြေကြီးရဲ့ ဂေဟစနစ်တွေ ဟန်ချက်ညီစွာ နေထိုင်ရင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ကိုရရှိစေဖို့ ကြိုးပမ်းရာမှာ အထောက်အကူပြုမှာ ယုံကြည်ပါကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။