နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယတွင် ပြောကြားသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

Printer-friendly versionSend by email

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယတွင် ပြောကြားသည့်  နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

(မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့)

(၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်)

 

ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူနိုင်ငံသားအားလုံး ကာယစိတ္တ နှစ်ဖြာသောသုခနဲ့ ပြည့်စုံ ကြပါစေကြောင်း နှစ်သစ်မင်္ဂလာအခါသမယမှာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူနိုင်ငံသားများ ခင်ဗျား-

နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ပြည်ထောင်စုအစိုးရ အနေနဲ့ ဦးစားပေးဆောင်ရွက်သွားမယ့် ရည်မှန်းချက်ပန်းတိုင်တွေကို ထုတ်ဖော်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်သူများအနေနဲ့ မျှော်လင့်ချက်တွေ မြင့်မားလာခဲ့ကြသလို ဒီရည်မှန်းချက် ပန်းတိုင်တွေကို ဘယ်ပုံဘယ်နည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာလဲ ဆိုတာကိုလည်း သိလိုစိတ်ပြင်းပြ နေကြတာကိုလည်း ကျွန်တော် ကြားသိရပါတယ်။ အခုလို အခါအခွင့်သင့်ခိုက်မှာ မိဘပြည်သူများကို အလေးအမြတ်ပြုပြီး ရှင်းလင်းတင်ပြပေးမှာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုနှောင့်နှေးနေတဲ့ဌာနတွေကို ကြပ်မတ်ရာမှာ ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ ဖွံ့ဖြိုးတိုးတက်မှုမူဝါဒတွေကို ဌာနဆိုင်ရာတွေက ဦးစားပေးအလိုက် အကောင်အထည် ဖော်ကြရပါမယ်။ နိုင်ငံသူနိုင်ငံသားတွေရဲ့ အခြေခံလိုအပ်ချက် (၃) ခုဖြစ်တဲ့ စားဝတ်နေရေးဆိုတဲ့ အချက် (၃) ချက်ထဲမှာ ပြည်သူတွေအတွက် နေရေးသည် အဓိကလိုအပ်ချက်ဖြစ်တာကို တွေ့ရှိရပါတယ်။ နေအိမ်မရှိလို့ ဖြစ်သလိုနေထိုင်ကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခများကိုလည်း ကျွန်တော်တို့ သတိပြုမိပါတယ်။ ပြည်သူ့ဝန်ထမ်းတွေ အနေနဲ့လည်း လက်ရှိတာဝန် ထမ်းဆောင်စဉ်ကာလမှာ ဝန်ထမ်းအိမ်ရာမရှိလို့ အခက်အခဲဖြစ်နေသူ တွေရှိသလို အငြိမ်းစားယူသွားပြီးတဲ့အချိန်မှာလည်း နေထိုင်စရာ အိမ်မရှိလို့ အတိဒုက္ခရောက်ကြရတဲ့ဝန်ထမ်းများ အများကြီးရှိနေတာကို သတိပြုမိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ဝန်ထမ်းတွေ အငြိမ်းစားယူသွားချိန်မှာ ကိုယ်ပိုင်နေအိမ် ကိုယ်ပိုင် တိုက်ခန်းများနဲ့ သိက္ခာရှိရှိနေသွားနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

ယခုအစိုးရသစ်လက်ထက်မှာ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ဝန်ထမ်းများအတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာ ဝန်ထမ်းအိမ်ရာ (၄၆၂၇) ခန်း တည်ဆောက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျန် ၃ နှစ် တာကာလမှာလည်း အခန်း (၇၀၀၀) ကျော်ကို ဝန်ထမ်းအိမ်ရာအဖြစ် တည်ဆောက် ပေးသွားရန် စီမံထားရှိပြီးဖြစ်ပါတယ်။ ဒီလိုအစီအစဉ်ကို တိုးချဲ့ခြင်းဖြင့် လာမည့်နှစ်များအတွင်း အခန်းပေါင်း (၁) သောင်းကျော် တည်ဆောက်ပြီး ဝန်ထမ်းတွေအတွက် လစဉ်အရစ်ကျ ငွေချေစနစ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်သမားတစ်ဦးရဲ့ တစ်နေ့အတွက် အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်နှုန်းနဲ့ လိုက်လျောညီထွေဖြစ်စေရန် အမှုထမ်းလစာများအားလုံးကို (၂၀) ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး အရာထမ်း လစာများကို (၁၀) ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ စီစဉ်တွက်ချက်ပြီး ဖြစ်ပါတယ်။ ယင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ် အထိ တိုးမြှင့်သွားမှာဖြစ်ပြီး အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာမှာ ၅၀၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ တိုးမြှင့်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ဝန်ထမ်းတွေအတွက် ယခုလို စီမံဆောင်ရွက် ပေးမှုကို တုံ့ပြန်သောအားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဝန်ထမ်းတွေ ကလည်း တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အထူးသတိပြုစေလိုပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်မီးတိုးမြှင့်ရရှိရေးအတွက် ယခုလက်ရှိထုတ်လုပ်မှု မဂ္ဂါဝပ် ၃၀၀၀ မှ လာမည့် (၃) နှစ်အတွင်း နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ ထပ်မံတိုးမြှင့်၍ စုစုပေါင်းမဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးတွင် လက်ရှိသုံးစွဲနေတဲ့ (230) KV လိုင်း အပြင် နောက်ထပ် (500) KV လိုင်းကိုလည်း (၃) နှစ်အတွင်း တိုးချဲ့ပြီး ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လာမယ့် (၁) နှစ်အတွင်း လမ်းမကြီးအတွက် မိုင်ပေါင်း (၁၀၀) အသစ်ဖောက်လုပ်မှာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ကျောက်လမ်းများထဲမှ မိုင်(၂၀၀) ကို ကတ္တရာခင်းခြင်း သို့မဟုတ် ကွန်ကရစ်ခင်းခြင်း ပြုလုပ်ပေးမည်ဖြစ်ပါတယ်။ ကျေးလက် လမ်းများ အနေနဲ့လည်း မိုင်ပေါင်း (၆၀၀) ခန့် ကျေးလက်လမ်းအသစ် ဖောက်လုပ်ပေး မှာဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ ကျေးလက်လမ်းများထဲမှ မိုင် (၁၀၀၀) ခန့်ကို ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် ခင်းပေးမှာ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်မှု ချောမွေ့ရေးနှင့် ပြည်သူများ အသက် အန္တရာယ်ကင်းရှင်းစေရေးအတွက် တစ်နိုင်ငံလုံးရှိ ကြိုးတံတား (၂၉) စင်းကိုလည်း (၃) လအတွင်း နိုင်ငံခြားပညာရှင်များနှင့်အတူ အသေးစိတ်စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ ယင်းတို့အထဲမှ အန္တရာယ် ရှိနိုင်တဲ့ ကြိုးတံတားများကို (၆) လအတွင်း ဦးစားပေးအစီအစဉ်ဖြင့် ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။

အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေထုတ်ချေးရာတွင် မြန်ဆန်လွယ်ကူစေရန် ဒီလုပ်ငန်းတွေရဲ့ ယုံကြည်စိတ်ချရမှုကို သတင်းအချက်အလက်စုဆောင်းတဲ့အဖွဲ့အစည်း (Credit Bureau) ထူထောင်နိုင်ရေးအတွက် ခွင့်ပြုချက်ကို တစ်လအတွင်း ခွင့်ပြုပေးမှာဖြစ်ပါတယ်။

ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ဖို့ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများနှင့်တွေ့ဆုံပြီး တရားရုံးအသီးသီးအား တရားသူကြီး အဆင့်ဆင့်က တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ကြီးကြပ်ကွပ်ကဲကြရန် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့နဲ့ တရားဥပဒေ စိုးမိုးရေးစင်တာတွေဟာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါတယ်။ ဘက်မလိုက်တဲ့ လွတ်လပ်တဲ့ တရားမျှတမှုနဲ့ ဆင်ခြင်တုံတရားကို ချိန်ခွင်လျှာထိန်းညှိနိုင်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဖြစ်အောင် ကြိုးပမ်းရပါလိမ့်မယ်။ ဥပဒေ၏ရှေ့မှောက်တွင် အားလုံးအညီအမျှဖြစ်ရေး၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရပါမယ်။

ဌာနဆိုင်ရာအတော်များများရဲ့ ဓလေ့သဖွယ် စွဲကပ်နေတဲ့ အဂတိလိုက်စားမှုတွေကို ပိုမို တိုက်ဖျက်ရာမှာ ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးနဲ့ တာဝန်ကို ဘက်ညီမျှတအောင် ပြန်လည် သုံးသပ်ပြီး ဌာနဆိုင်ရာတစ်ခုချင်းက တာဝန်ခံပြီး အသီးသီးဆောင်ရွက်ကြရပါလိမ့်မယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မီဒီယာနဲ့ ပြည်သူတွေက မှန်ကန်စွာ ရှာဖွေဖော်ထုတ်ရေးကို ဆောင်ရွက်ပေးကြရပါလိမ့်မယ်။ လုပ်ပိုင်ခွင့်အာဏာ အရှိန်အဝါရှိသူများရဲ့ ပါဝင်ပတ်သက်မှု၊ ဝင်ရောက်စွက်ဖက်မှုတွေကို တိကျခိုင်လုံတဲ့ အချက်အလက်အထောက်အထားတွေနဲ့ တိုင်ကြား ကြရန် အထူးလိုအပ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာ အရှိန်အဟုန်မြင့်မားစေဖို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စီမံချက်ချမှတ်၍ ယခင်ကထက် ပိုမိုကြိုးပမ်း ဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းနှိုးဆော်ပြီး ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူနိုင်ငံသားများ ခင်ဗျား-

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြှင့်တင်ကာကွယ်ပေးနိုင်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့ CBO တွေ၊ CSO တွေ၊ မီဒီယာ၊ ပြည်သူတွေနဲ့ပူးပေါင်းပြီး အရှိန်အဟုန်နဲ့ မြှင့်တင်ဖော်ဆောင်မှာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦး၏ဥပဒေအရ အခြေခံရပိုင်ခွင့်တွေ၊ နိုင်ငံသားများ၏ မူလအခြေခံ အခွင့်အရေးတွေ၊ နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် လုံခြုံမှုတွေကို စစ်ကြောရေးစခန်း၊ ရဲစခန်းအချုပ်၊ တရားရုံးအချုပ်၊ အကျဉ်းထောင်၊ ရဲဘက်စခန်း စသည့် နေရာဒေသမရွေး လူ့အခွင့်အရေးကော်မရှင်က ကာကွယ်ပေးနိုင်အောင် စွမ်းဆောင်ကြရန်ဖြစ်ပါတယ်။ နိုင်ငံသားများရဲ့ မွေးရာပါအခွင့်အရေး တစ်နည်းအားဖြင့် နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေ မဆုံးရှုံးကြရအောင် လူ့အခွင့်အရေးကော်မရှင်နှင့်လည်း တွေ့ဆုံပြောကြားပြီး ဖြစ်ပါတယ်။ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများကိုယ်တိုင်ကလည်း မည်သူ့အခြေခံအခွင့်အရေး၊ လူသားဂုဏ်သိက္ခာကိုမျှ မထိပါးစေဘဲ ဥပဒေနဲ့အညီ မျှတမှန်ကန်စွာ ဆောင်ရွက်ဖို့ အလေးထားရပါမယ်။

မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနိုင်ဖို့ အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်တဲ့ လက်ကြီးသမား တွေကို ဦးစားပေးနှိမ်နင်းရန်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ဖောဖောသီသီ ရောင်းဝယ်ဖောက်ကားနေတာတွေကို မသိချင်ယောင်ဆောင်ထားတဲ့၊ သိလျက်နဲ့ လွှတ်ထားတဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်လာရင်လည်း အဓိကတာဝန်ရှိသူကို ဦးစားပေးပြီး အရေးယူမှုတွေ ပြုလုပ်ရမှာဖြစ်သလို ကွင်းဆက်ပျောက်သွားတဲ့၊ ပိုင်ရှင်မဲ့ဖြစ်သွားတဲ့ မူးယစ်ဆေးဖမ်းဆီးရမှု တွေကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရပါလိမ့်မယ်။ မူးယစ်ရဲတွေရဲ့လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးပြီး တစ်ဖက်မှာလည်း ဆုပေးဒဏ်ပေးစနစ်ကို ထိထိရောက်ရောက်ဖြစ်အောင် ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ အခြေအနေအရ လိုအပ်ပါက ဗဟိုတွင် လျှပ်တစ်ပြက်ဖမ်းဆီးနိုင်တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ တစ်ဖွဲ့ထားရှိပြီး ဆောင်ရွက်ရပါမယ်။

ပြည်သူ့ဘဏ္ဍာတွေ အလေအလွင်ါမရှိအောင် စီမံခန့်ခွဲနိုင်ဖို့အတွက် စီမံကိန်းရဲ့ကုန်ကျစရိတ်ကို အနီးစပ်ဆုံး တိကျမှန်ကန်စွာ ခန့်မှန်းတွက်ချက်တင်ပြနိုင်ရန်၊ ဒေသရဲ့ ကာလပေါက်ဈေးနဲ့အညီ တွက်ချက်နိုင်ရန် ဆောင်ရွက်ရပါလိမ့်မယ်။ ဒါ့အပြင် တင်သွင်းတောင်းဆိုထားတဲ့ ဘတ်ဂျက်များ ကိုလည်း အချိန်မီ အမှန်တကယ်သုံးစွဲခြင်းမပြုဘဲထားတဲ့ လုပ်နည်းလုပ်ဟန်တွေ ပြောင်းလဲရပါလိမ့်မယ်။ ဘတ်ဂျက်ပမာဏကြီးကြီး စိုက်ထုတ်သုံးစွဲရမယ့် စီမံကိန်းကြီးတွေကို ထိထိရောက်ရောက် စိစစ်နိုင်တဲ့ အရည်အချင်းတွေကို စီမံကိန်းစိစစ်ရေးနဲ့ တိုးတက်မှုအစီရင်ခံရေးနယ်ပယ်မှာ အမြန်ဆုံး မြှင့်တင် ပေးရပါလိမ့်မယ်။ လုပ်ငန်းစီမံကိန်းများမပြီးစီးဘဲ အပြီးပြတဲ့ အဆင့်ဆင့်သော တာဝန်ရှိပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်ကချမှတ်ထားတဲ့ တင်ဒါလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်တဲ့ တင်ဒါခေါ်ယူမှုတွေ၊ တင်ဒါ စည်းမျဉ်းထဲကပဲ လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူ ရပါလိမ့်မယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအပြင် ဌာနတိုင်းမှာ ဖွဲ့စည်းထားတဲ့ စာရင်းစစ်ကော်မတီတွေ အနေနဲ့လည်း ဘက်လိုက်မှုမရှိ၊ အဂတိကင်းကင်းနဲ့ တိတိကျကျဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူနိုင်ငံသားများ ခင်ဗျား-

ဥပဒေမဲ့သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ လျော်ကြေး နစ်နာကြေး ရရှိရေးတို့ကို ဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ ပြည်သူ့ကိုယ်စားလှယ်များပါဝင်တဲ့ လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်ရဲ့ စစ်ဆေးတွေ့ရှိချက် သဘောထားမှတ်ချက် များအပေါ်အခြေခံ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေနဲ့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက် မှာဖြစ်ပါတယ်။ အလားတူ ဗဟိုကပဲဆောင်ရွက်နိုင်တဲ့ကိစ္စရပ်တွေမှာ တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ သဘောထားတွေကိုရယူပြီး မြန်မြန်ဆန်ဆန် ဆုံးဖြတ်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းမှာဖြစ်ပါတယ်။ စွန့်လွှတ်ပြီးသော သိမ်းဆည်းခံလယ်ယာခြံမြေများကို မူလပိုင်ရှင်များထံ အမြန်ဆုံး ပြန်လည်အပ်နှံ ကြရန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မစွန့်လွှတ်ရသေးတဲ့ သိမ်းဆည်းခံလယ်ယာခြံမြေများနှင့် စပ်လျဉ်း၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းမှ ပြန်လည်စိစစ်ရေးကော်မတီ အသီးသီးက အမြန်ဆုံး စိစစ်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့နှင့်ညှိနှိုင်း၍ စွန့်လွှတ်မြေများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

တောင်သူလယ်သမားများရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေး ဆောင်ရွက်ရာမှာ တောင်သူ လယ်သမားတွေရဲ့ မြေပိုင်ဆိုင်ခွင့်လက်မှတ်တွေ တစ်နိုင်ငံလုံး တစ်နှစ်အတွင်းရရှိဖို့ အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ စိုက်ပျိုးစရိတ်ချေးငွေများကိုလည်း နှော့်နှေးကြန့်ကြာမှုမရှိစေဘဲ စိုက်ပျိုး ရာသီအမီရရှိရေး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဓါတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ လယ်ယာသုံး စက်ကိရိယာ စတဲ့ လယ်ယာမြေသွင်းအားစုတွေ အခွန်ကင်းလွတ်ခွင့် ပေးမှာဖြစ်ပါတယ်။ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီးရရှိရေးနဲ့ လမ်းပန်းဆက်သွယ်ရေးရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အလုပ်သမားများရဲ့ဘဝ စိုပြေသာယာရေးအတွက် ရေတိုကာလမှာ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးရန်ပုံငွေတွေကို အလုပ်သမားတွေအတွက် ထိထိရောက်ရောက် စီမံပေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်ပါမယ်။ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မြင့်မားလာအောင် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေး နိုင်ငံတကာကိုဖိတ်ခေါ်သွားပါမယ်။ ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လုံခြုံ ဘေးကင်းမှု၊ အခွင့်အရေး ရရှိခံစားနိုင်မှုတို့ကိုလည်း နိုင်ငံချင်း သဘောတူညီချက်တွေကို အခြေခံပြီး မြှင့်တင်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေးအတွက် ပညာသင်စရိတ် ထောက်ပံ့မှုတွေကို တိုးမြှင့်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်မှာဖြစ်သလို အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုတွေ မြင့်မားလာအောင် ဦးတည်ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ဝင်ငွေနည်းမိသားစု၊ ဆင်းရဲ နွမ်းပါးတဲ့မိသားစုက ကျောင်းသားလူငယ်တွေ အဆင့်မြင့်ပညာဆည်းပူးခွင့်ရရှိရေးဟာ နိုင်ငံတော်အတွက် အရေးကြီးတဲ့မူဝါဒတစ်ရပ် ဖြစ်လာမှာဖြစ်ပါတယ်။ အရည်အချင်းရှိတဲ့လူငယ်တွေ သူတို့နဲ့ထိုက်တန်တဲ့ ပညာရပ်တွေကို ဆည်းပူးခွင့်ရရှိပြီး သူတို့နဲ့ထိုက်တန်တဲ့နေရာတွေ ရရှိနိုင်ဖို့ နိုင်ငံတကာပညာသင် အခွင့်အလမ်းတွေ၊ ပြည်တွင်းအခွင့်အလမ်းတွေကို အလေးထားပြီး မြှင့်တင် ပေးရမှာ ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူနိုင်ငံသားများ ခင်ဗျား-

ပြည်ထောင်စုအစိုးရ ရှေ့ဆက်လက်လျှောက်လှမ်းမယ့် ပြုပြင်ပြောင်းလဲရေးကို အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုနဲ့နီးစပ်တဲ့ အောက်ခြေက စတင်မှာဖြစ်ပါတယ်။ ပြည်သူနဲ့ အတူ၊ စုပေါင်းအင်အားဆိုတဲ့ သဘောတရားနဲ့ ပြုပြင်ပြောင်းလဲရေးကို ချဉ်းကပ်ရမှာ ဖြစ်ပါတယ်။ ပြည်သူနဲ့အတူဆိုရာမှာ ပြည်သူရဲ့အသံကို နားထောင်ရုံသာမကဘဲ ပြည်သူတွေရဲ့ဆန္ဒသဘောထား တွေကို အလေးအနက်ထားပြီး စုပေါင်းအင်အားကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုနဲ့ အံမဝင်ခွင်မကျတဲ့နေရာတွေမှာ သွက်လက်ထက်မြက်ပြီး အရည်အသွေး ရှိတဲ့ လူစားလဲမှုတွေ လုပ်သင့်ရင်လည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အနာဂတ်မှာ ပေါ်ထွန်း လာမယ့် ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်အတွက် ကြိုတင်စီမံဆောင်ရွက်တဲ့အနေနဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ တင်ပြချက်တွေကို အခြေခံပြီး ပြောင်းလဲ သင့်တာတွေ ပြောင်းလဲဖို့လည်းရှိပါတယ်။

ဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ကျွန်တော်တို့လိုက်နာရမယ့် အခြေခံမူကတော့ “တည်ငြိမ်မှု ကိုလည်းမထိခိုက်စေ၊ အပြောင်းအလဲတွေလည်းဖြစ်ပေါ်စေ”တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု အဆင့်ဆင့်ရှိရေးဆိုတဲ့ စံနှုန်းကိုအခြေခံပြီး ပြုပြင်ပြောင်းလဲမှုတွေကို ပြည်ထောင်စုအစိုးရ၊ အခြားသောမဏ္ဍိုင်ကြီးတွေ၊ တတ်သိပညာရှင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့ ပြည်သူတွေရဲ့ စုပေါင်းအင်အားနဲ့ ကြိုးပမ်း ဆောင်ရွက်မှာဖြစ်ကြောင်း တင်ပြလိုပါတယ်။

ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံသူနိုင်ငံသားများ ခင်ဗျား-

ကျွန်တော့်အနေနဲ့ မိဘပြည်သူတွေ မျှော်လင့်နေတဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ဖို့ ကိုယ်ရောစိတ်ပါမြှုပ်နှံပြီး ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ စုပေါင်းအင်အားသစ်တွေ တည်ဆောက်နိုင်ကြမယ်ဆိုရင် တူညီတဲ့ ရည်ရွယ်ချက်၊ မျှော်မှန်းထားကြတဲ့ ပန်းတိုင်ကို အမြန်ဆုံးမြင်တွေ့ကြရမယ်ဆိုတာကို အလေးအနက် ယုံကြည်ထားပါတယ်။

ယခုလို မြန်မာတို့ရဲ့ မင်္ဂလာအပေါင်းခညောင်းတဲ့ နှစ်သစ်အခါသမယမှာ နိုင်ငံသူနိုင်ငံသား အားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး ငြိမ်းချမ်း သာယာဖွံ့ဖြိုးတိုးတက်ပါစေ။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ နိုင်ငံသူ နိုင်ငံသားအားလုံး ကျရာကဏ္ဍအသီးသီးကနေ ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။