ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဇန်နဝါရီ ၄

 ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးထင်ကျော် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။

ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်စုစုလွင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတဦးမြင့်ဆွေနှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး၊ ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ဒုတိယဝန်ကြီးများ၊ ဘွဲ့တံဆိပ်ရရှိကြ သူများနှင့် မိသားစုဝင်များ တက်ရောက် ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက "အခမ်းအနားကို ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိလူကြီးမင်းများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာ အပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

" ဒီကနေ့ဟာ ကျွန်တော်တို့မြန်မာနိုင်ငံတော်အတွက် မမေ့အပ်တဲ့ လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်ဖြစ်သလို နိုင်ငံတော် တည်ဆောက်ရာမှာ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားစွာနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ပုဂ္ဂိုလ်များ၊ မိမိကိုယ်ကျိုးကို မငဲ့ကွက်ဘဲ နိုင်ငံတော်အကျိုးအတွက် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့် အပ်နှင်းမယ့် ထူးခြားလေးနက်တဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။

 

" ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းများကို ယခုကဲ့သို့လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်မှာ ပေးအပ်ချီးမြှင့်ခဲ့တဲ့အစဉ်အလာများရှိ ခဲ့ပါတယ်။ ဒီကနေ့ဟာ ကျွန်တော်တို့ ပြည်ထောင်စုသား အားလုံးအတွက် ကျက်သရေ မင်္ဂလာအပေါင်း ခညောင်းပြည့်စုံတဲ့ နေ့ထူးနေမြတ်ဖြစ်တာကြောင့် နိုင်ငံတော်အတွက် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များကို အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းတာပဲဖြစ်ပါတယ်။

 

" ကျွန်တော်တို့ရဲ့ မိဘ ဘိုးဘွားများလက်ထက်မှာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကြိုးပမ်းထိန်းသိမ်း ကာကွယ်စောင့်ရှောက် ခဲ့ကြပေမယ့် ကြိုးပမ်းမှုမအောင်မြင်ခဲ့လို့ နိုင်ငံလွတ်လပ်ရေး ဆုံးရှုံးခဲ့ရပါတယ်၊ ကိုလိုနီနိုင်ငံတစ်ခုအဖြစ်ကနေ လွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ ကြိုးပမ်းခဲ့ရာမှာ လွယ်လင့်တကူ ရရှိခဲ့တာမဟုတ်ပါဘူး။ တိုင်းရင်းသား တွေ စည်းလုံးညီညွတ်မှုရလာအောင် ကြိုးပမ်းတည်ဆောက်ပြီး နှစ်ပေါင်းများစွာ ခက်ခဲပင်ပမ်းစွာ ကြိုးပမ်းခဲ့ကြရတာဖြစ်ပါတယ်။

 

" ဒီလိုခက်ခဲစွာရယူခဲ့ရတဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာဟာ ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံးရဲ့ နှလုံးသည်းပွတ် ပမာဖြစ်တာကြောင့် လွတ်လပ်ရေးနဲ့ အချုပ်အခြာတည်တံ့ခိုင်မြဲနေမှသာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာနိုင်မှာပဲ ဖြစ်ပါတယ်။

 

" လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် ပေါ်ထွန်းလာခြင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုအောက်မှာ နိုင်ငံသူနိုင်ငံသားအားလုံး ဇွဲ၊ လုံ့လ၊ သတ္တိ၊ ညီညွတ်မှုအင်အားတို့ဖြင့် ဆွတ်ခူးရယူနိုင်ခဲ့တဲ့ လွတ်လပ်ရေးအောင်ပန်းဖြစ်ပါတယ်။ အဲဒီလို အမျိုးသားခေါင်းဆောင်ကြီးများနဲ့ မိဘဘိုးဘွားများ စွန့်စားအားထုတ်ကြိုးပမ်းရယူခဲ့ရတဲ့ လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ အစဉ်ထာဝရ တည်တံ့စေဖို့အတွက် ရှေးအစဉ်အလာအတိုင်း ယနေ့ မျက်မှောက်ကာလမှာ ကျွန်တော်တို့ဟာ ညီညီညွတ်ညွတ် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့နိုင်ငံတော်ကြီး တည်ငြိမ် အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်ရမယ့်တာဝန်ဟာလည်း ကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံးရဲ့ တာဝန် သာဖြစ်ပါတယ်။

 

" ဒါ့ကြောင့်လည်း အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်လာစေဖို့ ရည်မှန်းပြီး နိုင်ငံတော် အချုပ်အခြာအာဏာတွေဖြစ်တဲ့ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲပြီး အချင်းချင်းအပြန်အလှန်ထိန်းကြောင်းကာ ဘက်စုံထောင့်စုံကနေ ကြိုးပမ်း တည်ဆောက်လျှက်ရှိပါတယ်။

 

" အဲဒီလို တည်ဆောက်လျှက်ရှိရာမှာ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာ ယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် မိမိအသက်နဲ့ခန္ဓာကို ပဓာနမထားဘဲ ကြံ့ခိုင်တဲ့စိတ်ဓာတ် ၊ စံတင်ထိုက်တဲ့စွမ်းရည်၊ ဂုဏ်ယူထိုက်တဲ့ အံ့ချီးဖွယ်စွန့်စားခြင်း မျိုးနဲ့ အများနဲ့မတူ ထူးကဲမွန်မြတ်စွာ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းဖို့အတွက် ယခုလို ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်။ စိစစ်ရေးအဖွဲ့ရဲ့ ထောက်ခံတင်ပြချက်အရ ဒီကနေ့မှာ သူရဘွဲ့ တံဆိပ်ရရှိသူ (၅) ဦးတို့ကို ဂုဏ်ယူစွာနဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါ တယ်။

 

" ယခုပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့များနဲ့ ဂုဏ်ထူးဆောင်တံဆိပ်များဟာ မိမိတို့ ဖြတ်သန်းခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြတဲ့ စွမ်းဆောင်ရည်သင်္ကေတ အမှတ်အသားတစ်ခုအဖြစ် နိုင်ငံတော်က မှတ်ကျောက်တင် ခြင်းဖြစ်ပါတယ်။ အခုလို ချီးမြှင့်ဂုဏ်ပြုခြင်းဟာ မိမိတို့ရဲ့ သားစဉ်မြေးဆက်တိုင် ဂုဏ်ယူဖွယ်ရာ အထိမ်းအမှတ်တစ်ခု ဖြစ်ရုံသာမက နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းတည်ဆောက်ရေးအတွက်လည်း တွန်းအားတစ်ရပ်ဖြစ် မယ်လို့လည်း ယုံကြည်ပါတယ်။ အခုလိုဂုဏ်ပြုချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းဟာ မင်္ဂလာတရားတော်နဲ့ ညီညွတ်တဲ့ အပြင် တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအတွက် ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်ခြင်း လည်းဖြစ်ပါတယ်။

 

"နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ကျွန်တော်တို့နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် လာရေးအတွက် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်္ဆင်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင် ကူညီကြပါ။

 

" ဒေသစွဲလူမျိုးစွဲ ဘာသာစွဲဝါဒစွဲ စသည်ဖြင့် စိတ်ဝမ်းမကွဲကြဘဲ သမိုင်းအစဉ် အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရင်း နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြပါ။ မိမိတို့ရဲ့ သားစဉ်မြေးဆက်များကိုပါ မိမိတို့ကဲ့သို့ ကြိုးပမ်းဆောင်ရွက်စေဖို့ စံနမူနာကောင်းများပြကြပါလို့ နိုင်ငံသူနိုင်ငံသားအားလုံးကို တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်အပ်ပါတယ် " ဟု ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက ၂၀၁၇ခုနှစ်အတွက် ချီးမြှင့်အပ်နှင်းခဲ့သော တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ အမှတ် (၃၈၆) ခြေမြန်တပ်ရင်းမှ ကြည်း- ၃၂၃၄၀ ဒုတိယဗိုလ်မှူးကြီး ဇော်လွင်စိုး၊ အမှတ် (၃၄) ဗုံးကြဲ လေယာဉ်အုပ်မှ လေ-၃၀၉၃ ဗိုလ်မှူး ဇေယျာထွန်း၊ အမှတ် (၃၈၆) ခြေမြန်တပ်ရင်း မှ တ/၄၃၂၀၅၈ တပ်ကြပ်ရဲနွမ် (ကျဆုံး) ကိုယ်စား အကိုဖြစ်သူ ဦးဟန်ကောင်း၊ အမှတ် (၃၈၆) ခြေမြန်တပ်ရင်းမှ တ/၄၅၁၁၀၉ ဒုတပ်ကြပ်မျိုးချစ် (ကျဆုံး) ကိုယ်စား ဖခင်ဖြစ်သူ ဦးဘိုသိန်းနှင့် အမှတ် (၃၈၆) ခြေမြန်တပ်ရင်းမှ တ/၄၅၁၁၁၇ ဒုတိယတပ်ကြပ်ထွန်းထွန်း တို့အား ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ သည် သူရဘွဲ့ရရှိသူများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။