နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ၂၀၁၈ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား

Printer-friendly versionSend by email

နိုင်ငံသူနိုင်ငံသားများခင်ဗျား -

နှစ်သစ်မင်္ဂလာအခါသမယမှာ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကို၊ မောင်နှမ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

နိုင်ငံသူနိုင်ငံသားများခင်ဗျား-

နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့တာ၀န်ယူခဲ့တဲ့ အချိန်ကစပြီး တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားတဲ့ မူဝါဒတွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေး၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀များ မြင့်မားတိုးတက်ရေးတို့အတွက် တစ်စိုက်မတ်မတ် အလေးထားကြိုးပမ်းအားထုတ်ခဲ့ရာမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

နိုင်ငံသူနိုင်ငံသားများခင်ဗျား-

အခုအခါမှာလည်း (၂၁)ရာစုပင်လုံညီလာခံရဲ့ အစည်းအဝေးအဆင့်ဆင့်တွေ ကျင်းပပြီး တိုင်းရင်းသားပြည်သူတွေလိုလားတောင့်တတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အစိုးရ၊ ပြည်သူ၊ လွှတ်တော် ၊ တပ်မတော် ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အတူတကွ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။

တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်ရာမှာ စိန်ခေါ်မှုတွေ အခက်အခဲတွေကြုံတွေ့ရမှာ သဘာဝပဲဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ပြည်သူတစ်ရပ်လုံးက အားအင်အပြည့်နဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကို မောင်နှမများနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ အားလုံးပြည့်ဝနိုင်ကြပါစေ။