ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဖွဲ့စည်းခြင်း ( အမိန့်ကြော်ငြာစာ အမှတ်၊ ၈၆/၂၀၁၇)

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၈၆/၂၀၁၇

၁၃၇၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်

(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်)

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဖွဲ့စည်းခြင်း

 

၁။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်မည့် ကဏ္ဍစုံလုပ်ငန်းစဉ်များတွင် နိုင်ငံတော် အစိုးရ၊ ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း NGO နှင့် CSO များ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGO များ ပူးပေါင်းပါဝင်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် “ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine)ကော်မတီ” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

 

 

(က)

ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

ဥက္ကဋ္ဌ

 

(ခ)

ဒေါက်တာဝင်းမြတ်အေး     

ပြည်ထောင်စုဝန်ကြီး

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန

ဒုတိယဥက္ကဋ္ဌ

 

(ဂ)

ဒေါက်တာအောင်ထွန်းသက်

ညှိနှိုင်းရေးမှူးချုပ်

 

(ဃ)

ဦးကျော်မြိုင်

သတင်းနှင့်ဆက်သွယ်ရေး

ဒါရိုက်တာ

 

၂။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

 

(က)

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး ဆောင်ရွက်ရန်၊

 

(ခ)

ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊

 

(ဂ)

ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေးဆောင်ရွက်ရန်၊

 

(ဃ)

ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ပံ့ပိုးမှုအပြင် ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ ကူညီထောက်ပံ့ငွေများဖြင့် ဆောင်ရွက်မည်ဖြစ်သဖြင့် ကော်မတီ၏ ဘဏ္ဍာရေးကိစ္စကို ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံး၏ စစ်ဆေးမှုအပြင် နိုင်ငံတကာ စာရင်းစစ်ကုမ္ပဏီတစ်ခုကိုလည်း ငှားရမ်း၍ အစစ်ဆေးခံနိုင်ရေးဆောင်ရွက်ရန်။

၃။ ဥက္ကဋ္ဌအနေဖြင့် အတိုင်ပင်ခံအဖွဲ့ကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်ရန်ဖြစ်သည်။

 

၄။ လိုအပ်သည့် ကော်မတီရုံးအဖွဲ့ ဖွဲ့စည်းရန်နှင့်အုပ်ချုပ်မှုကိစ္စရပ်များကို ညှိနှိုင်းရေးမှူးချုပ်က ဥက္ကဋ္ဌထံ တင်ပြဆောင်ရွက်ရန်ဖြစ်သည်။

 

၅။ ကော်မတီ၏ အုပ်ချုပ်မှုကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။

                                 (ပုံ) ထင်ကျော်                                                                        

                          နိုင်ငံတော်သမ္မတ                                                                    

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်