ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၉)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၉)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

 ရန်ကုန်-သြဂုတ် ၂၄



ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (၂၉)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာ စကားပြောကြားသည်။



တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူးနှင့် ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ကလေး-တမူး နယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်းဥက္ကဋ္ဌ၊ မြဝတီ နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရန်အတွက် “ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ”ကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၆ ခုနှစ် အောက်တိုဘာ(၂၄)ရက်တွင် အဖွဲ့ဝင်(၂၀)ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ ယခုဆိုလျှင် သက်တမ်းအားဖြင့် (၃)နှစ်နီးပါး ရှိပြီ ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး / ပြည်နယ်အစိုး ရအဖွဲ့များဖြင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန်အတွက် လုပ်ငန်းကော်မတီ(၅)ရပ်ဖြင့် ဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။



ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိရာ (၂၈)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက် စုစုပေါင်း (၃၅၃)ချက်ကို မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ပြန်ကြားချက်များတွင် လုံးဝပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်များရှိသကဲ့သို့ တချို့အချက်များသည် ရေရှည်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပါကြောင်း။



တချို့ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း လုပ်ငန်း ကော်မတီ(၅)ရပ်က တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ၍ ဆွေးနွေးပွဲ (Public Private Dialogue) များပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသည့်အခန်းကဏ္ဍတွင်တည်ရှိပြီး နှစ်စဉ်ကုန်သွယ် မှုပမာဏ တိုးတက်အောင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများမှ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်နေသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ဩဂုတ် ၉ ရက်အထိ) ကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ( ၃၀ ဒသမ ၀၃၈ ) ဘီလီယံရှိခဲ့ပြီး ၎င်းကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်နိုင်မှုသည် အမေရိကန်ဒေါ်လာ (၂၅ ဒသမ ၁၉၆)ဘီလီယံ ပါဝင်သည့်အတွက် (၈၄)ရာခိုင်နှုန်း အထိ ဆောင်ရွက်နိုင်သည်ကို တွေ့ရပါကြောင်း။



မကြာသေးခင်က ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ ကြောင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ပြီး ဖျက်ဆီးခံခဲ့ရသည့် တံတားများကို လည်း တပ်မတော်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ပြည်သူများ သွားလာမှု အဆင်ပြေစေရန် အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့သည့်အတွက် ၅ရက်အတွင်း ပြန်လည်ဖြတ်သန်း၍ ရရှိခဲ့ပါကြောင်း၊ နယ်စပ်ကုန်သွယ်မှုများ အနည်းငယ်ထိခိုက်ခဲ့ သော် လည်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တစ်ဆင့်ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရန် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။



နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ် နိုင်ရေးအတွက် အထူးအဖွဲ့ များဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအထိ ဖမ်းဆီးအရေးယူမှု (၇၆၃)ကြိမ်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂ ဒသမ ၉၈၉ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း။



ယခုအခါတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင် ကုန်သွယ်မှုအခြေအနေ ညွှန်းကိန်းမြင့်တက်လာမှုကို လျှော့ချနိုင်ရေး နိုင်ငံအဆင့်နှင့်ဌာန အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ”ကို ဖွဲ့စည်းခဲ့ပြီး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုလည်း ယခုလ (၁၆) ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ပါကြောင်း၊ ယင်းကော်မတီတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး / ပြည်နယ်အားလုံးက စီးပွားရေးဝန်ကြီးတစ်ဦးစီ ထည့်သွင်းဖွဲ့စည်းထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားမဝင်ကုန်သွယ်မှုများ ကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ ဆောင်ရွက်ရာတွင်လည်း တရားမဝင်ကုန်သွယ်မှု၏ အန္တရာယ်ကြီးမားလာမှု များကို ပြည်သူများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကကဏ္ဍများမှသိရှိကာ ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြား လိုပါကြောင်း။



ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ကုန်အထိခွင့်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်သည် ၁၇၇၉ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၁ဒသမ၂၄၉ ဘီလီယံ၊ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှု လုပ်ငန်းအရေအတွက်သည် ၁၆၀၅ ခု ၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၀ဒသမ ၃၅၂ ဘီလီယံ အပါအဝင် ငွေကျပ် ၁၉ဒသမ ၀၄၉ ထရီလီယံ ဖြစ်ပါကြောင်း။



ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့် ဆွေးနွေး မည့်ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့အသင်းအဖွဲ့များ၏ တွေ့ကြုံ နေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။



ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့်က ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း များ အခက်အခဲဖြစ်ပေါ်နေမှုအခြေအနေနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရေး အတွက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။



ယင်းနောက် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးစိုးဝင်းက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းရည်နှင့် ဈေးကွက် ညှိနှိုင်း ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ Project Bank တည်ထောင်ထားရှိမှု အခြေအနေနှင့် PPP Center ဖွဲ့စည်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။



ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နယ်စပ် ကုန်သွယ်ရေးမှ ကုန်ကြမ်းများ တင်သွင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပြည်တွင်းထုတ်ကုန်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ လယ်ယာထွက်ကုန်ဆိုင်ရာ ဓာတ်ခွဲခန်းထူထောင်မည့်ကိစ္စအပေါ် ဆောင်ရွက် ပေးနိုင်မည့် အခြေအနေနှင့် စက်မှုလက်မှုကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။



ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ယခင် အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ပုဂ္ဂလိကကဏ္ဍ ဖွံံဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမည့် ဆွေးနွေး ပွဲများ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။



ထို့နောက် ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်၊ မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဦးကိုကိုကြီးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက်တွေ့ကြုံနေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။



အကြံပြု တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။