ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ဒေသများအတွက် ရေယာဉ်လှူဒါန်းခြင်း အခမ်းအနားသို့တက်ရောက်

Printer-friendly versionSend by email

နေပြည်တော် သြဂုတ် ၂၁

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်၁၁နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဒုတိယသမ္မတ ဦးစီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ရေဘေးသင့်ဒေသ များအတွက် ရေယာဉ် (၁) စီးပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ဒေါက်တာမြင့်ထွေးနှင့် နိုင်သက်လွင်၊ ဒုတိယ၀န်ကြီးများ ဖြစ်ကြသည့် ဦးစိုးအောင်နှင့်ဦးလှမော်ဦး၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတကရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ယနေ့ကမ္ဘာတွင် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ခံစားနေကြရ ပါကြောင်း၊ ဘေးအန္တရာယ်လျော့ပါးစေရေးအတွက် ကြိုတင်ကာကွယ်ခြင်း၊ ဘေးတွေ့စဉ် ဝိုင်းဝန်း ကူညီကယ်ဆယ်စောင့်ရှောက်ခြင်းနှင့် သဘာဝဘေးဖြစ်ပွားပြီး နောက်ပြန်လည် ထူထောင်ပေးခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိရာအသေအပျောက် အပျက်အစီးနည်း ပါးစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိနေကြပါကြောင်း။

သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ကြရသည့်အခါဘေးအန္တရာယ်ဇုန်အတွင်းရှိ လူနှင့်တိရိစ္ဆာန်များ ပြင်းထန်စွာထိခိုက်ခံစားနေကြရသည့်ကာလအတွင်း အန္တရာယ်ဇုန် ပြင်ပမှ လာရောက်ကူညီကယ်ဆယ်စောင့်ရှောက်မှုများသည် အလွန်အရေးပါသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူနှစ်စဉ်သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင် ကျော်လွှားနေရသည့် ကာလတွင်အစိုးရသာမကပြည်သူများ၊ လုပ်ငန်းရှင်များနှင့် လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်သည့်အလေ့အထ ပိုမိုအားကောင်းလာ သည်နှင့်အမျှ ဘေးအန္တရာယ်ခံစားရသူများအတွက် ပိုမိုကောင်းမွန်သည့် ကူညီစောင့် ရှောက်မှုများ ပေးနိုင်လာသည်ကိုတွေ့ရှိရပါကြောင်း။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်ရေကြီးခြင်းနှင့်မြေပြိုခြင်းဘေးအန္တရာယ်များ ကြုံတွေ့နေရချိန်တွင် နယ်လှည့်ကျန်းမာရေး ကူညီစောင့်ရှောက်မှုပေးနိုင်ရေး အတွက် ရေယာဉ်တစ်စီးလှူဒါန်းသည့်အတွက် ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုအားတက်ဖွယ်ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားသည့် အဆင့်တစ်ရပ်သို့ တက်လှမ်း လာနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။

သဘာဝဘေးဒဏ်သင့်ပြည်သူများကို ပဲ့ချိတ်စက်လှေများ၊ ဖိုင်ဘာလှေများဖြင့် ကယ်ဆယ်ပြီးသက်ဆိုင်ရာ ဆေးရုံသို့ မပို့ဆောင်မီကာလအတွင်း ရေယာဉ်ပေါ်တွင် လုံခြုံစိတ်ချစွာ ကျန်းမာရေးပြုစုစောင့်ရှောက်ကုသမှုအချိန်နှင့် တစ်ပြေးညီဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် သဘာဝဘေးခံစားနေကြရသူများကိုယ်စား၊ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ကိုယ်စားကျေးဇူးတင် အသိအမှတ်ပြု ပါကြောင်း။

ယခုလှူဒါန်းလာသည့် ရေယာဉ်ပေါ်တွင် လိုအပ်သည့် ဆေးဝါး၊ကျန်းမာရေးဝန်ထမ်း နှင့်အခြားဖြည့်ဆည်းပေးရန် လိုအပ်သည်များကိုလည်း သက်ဆိုင်ရာဌာနများအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း။

သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့လာချိန်တွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်အစိုးရနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန်ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် TINT TINT MYANMAR GROUP OF COMPANIES ,ဥက္ကဋ္ဌဒေါ်တင့်တင့်လွင် က ရေယာဉ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ TINT TINT MYANMAR GROUP OF COMPANIES ,ဥက္ကဋ္ဌက ရေယာဉ်ဆိုင်ရာစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ဒုတိယသမ္မတက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

အဆိုပါ ရေယာဉ်ကို၂၀၁၇ခုနှစ်တွင်ပြည်တွင်း၌ တည်ဆောက်ခဲ့ပြီး အလျား၁၀၅ပေ၊ အနံ၁၈ပေနှင့် အနက်၆ပေရှိကာ NISSAN RH (10) 200063 E (410)BHP အင်ဂျင် အမျိုးအစားကို အသုံးပြုထားကြောင်း၊ ရေယာဉ်ပေါ်တွင် အရေးပေါ်ခွဲစိတ်ခန်းသုံး ပစ္စည်း များ၊ အောက်ဆီဂျင်ဗူးများ၊အရေးပေါ်ကယ်ဆယ်ရေးဆေး ပစ္စည်းများပါရှိပြီးလူနာ ခုတင် ၆ လုံးမှ ၁၀ လုံး အထိတပ်ဆင်၍ Mobile Clinic အဖြစ်အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။