ဒုတိယသမ္မတ ဦးမြင့်ဆွေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၁၆



တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကားပြောကြားသည်။



ညှိနှိုင်းအစည်းအဝေးသို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံ၏ တရားမဝင်ကုန်သွယ်မှုများ ကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှုအခြေအနေညွှန်းကိန်း မြင့်တက်လာမှုနှင့် စပ်လျဉ်း၍ နိုင်ငံအဆင့်၌ ဌာနအချင်းချင်းအကြား ပူးပေါင်းမှုမြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၇၉/၂၀၁၉ ဖြင့် “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ” ကို အဖွဲ့ဝင် (၃၉)ဦးဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန် (၁၃)ရပ် ချမှတ်ပေးခဲ့ပါကြောင်း၊ ဦးဆောင် ကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။



ယနေ့အစည်းအဝေးတွင် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်နိုင်ရေး အတွက် ချမှတ်ထားသည့် လုပ်ငန်းတာဝန် (၁၃)ရပ်ကို လုပ်ငန်းကဏ္ဍအလိုက် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဝိုင်းဝန်းပူးပေါင်း အကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း၊ မိမိတို့ ဦးဆောင်ကော်မတီအနေဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ထိထိရောက်ရောက်ဖြေရှင်းဆောင်ရွက်နိုင်မည့် မူဝါဒများ၊ မဟာဗျူဟာ၊ နည်းဗျူဟာများ၊ စီမံချက်များနှင့် ရေတို၊ ရေရှည် အကောင် အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။



ကဏ္ဍတစ်ခုချင်းစီအပေါ် အခြေခံပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများနှင့် အထူးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်သွားရမည်ဖြစ်သည့်အပြင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် များ အနေဖြင့်လည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီများကို ဖွဲ့စည်းကာ ချမှတ် ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရွက်ရန်၊ တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက်တားဆီးကာကွယ်ရန်နှင့် တရားမဝင် ကုန်သွယ်မှုများကို တရားဝင်ကုန်သွယ်မှုများအဖြစ်သို့ ပြောင်းလဲရောက်ရှိလာ ရေး ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် ပြည်သူများနှင့် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးကြီးပါကြောင်း၊ တရားမဝင်ကုန်သွယ်မှု၏ အန္တရာယ်များကို ပြည်သူများသိရှိကာ အသိပညာတိုးပွား လာစေရေး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် လက်တွဲပူးပေါင်းပါဝင်လာစေ ရေးနှင့် တရားမဝင်ကုန်သွယ်မှုများကို အားပေးခြင်းမှ ရှောင်ရှားရေးတို့ကို ဆောင်ရွက် ပေးရမည့်အပြင် တရားဝင်ကုန်သွယ်မှုများကို ဆောင်ရွက်နေကြသော ပုဂ္ဂလိကကဏ္ဍ များအနေဖြင့် မိမိတို့ဝန်းကျင်တွင် ရှိနေသည့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို ဖော်ထုတ်ရာ၌ ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်း ကြရမည်ဖြစ်ပါကြောင်း။



တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ The Economist Intelligence Unit မှ ထုတ်ပြန်ခဲ့သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအခြေအနေ အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း (၈၄)နိုင်ငံအနက် (၈၂)နေရာတွင် ရပ်တည်နေပြီး ရမှတ်မှာ (၂၃)မှတ်သာ ရရှိသည်ကို တွေ့ရပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှုအခြေအနေအညွှန်းကိန်းကို ညွှန်းကိန်း (၄)ခုဖြင့် တိုင်းတာပါကြောင်း၊ အဆိုပါညွှန်းကိန်း (၄)ခုမှာ အစိုးရ၏ မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်း မြင်သာမှုရှိသည့် ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာလုပ်ငန်းစဉ်များဖြစ်ပါကြောင်း။



တရားမဝင်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိက အဟန့်အတားဖြစ်စေသော အချက်များထဲမှ အဓိကကျသည့် အချက်တစ်ခုဖြစ်ပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုကဏ္ဍ အင်အားကြီးနေသည်နှင့်အမျှ တရားဝင်လုပ်ကိုင်သော လုပ်ငန်းများကို အဟန့်အတားဖြစ်စေပါကြောင်း၊ နှစ်အလိုက် ကုန်သွယ်မှုပမာဏကို ကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂၀၉ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၃၇ ဘီလီယံနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဇွန်လအထိ) အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၂၂၃ ဘီလီယံ အသီးသီးဆောင်ရွက်နိုင်ခဲ့ပါကြောင်း။



ယခုကဲ့သို့နှစ်အလိုက် ကုန်သွယ်မှုပမာဏများကို လေ့လာကြည့်ပါက ပင်လယ် ရေကြောင်းကုန်သွယ်မှုပမာဏမှာ မြင့်တက်လာသော်လည်း နယ်စပ်ကုန်သွယ်မှုပမာဏ အနေဖြင့် လျော့ကျလာသည်ကို တွေ့ရပါကြောင်း၊ နယ်စပ်ကုန်သွယ်မှုပမာဏ လျော့ကျခြင်း သည် တရားမဝင်ကုန်သွယ်မှုမြင့်တက်လာခြင်းနှင့် ဆက်စပ်နေသည်ကို တွေ့ရပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ကုန်သွယ်မှုစာရင်းဇယား များကို လေ့လာရာတွင် စုစုပေါင်းကုန်သွယ်မှုစာရင်းမှာ အမေရိကန်ဒေါ်လာသန်း(၁၅၀)ကျော် ကွာဟမှုရှိနေသည်ကို တွေ့ရှိရသည့်အတွက် တရားမဝင်နယ်စပ်ကုန်သွယ်မှုပမာဏ မည်မျှ ကြီးမားမည်ကို မှန်းဆကြည့်နိုင်ပါကြောင်း၊ ထို့အပြင် တရားမဝင်သစ်ခိုးထုတ်မှုသည် စီးပွားရေးကို ထိခိုက်စေသည့်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း ထိခိုက်စေ ပါကြောင်း၊ ကုန်ပစ္စည်းအတုအပများ အထူးသဖြင့် ဆေးဝါးနှင့် အရက်အတုများသည် စီးပွားရေးကို ထိခိုက်စေရုံသာမက စားသုံးသူများ၏ ဘေးကင်းမှုကိုပါ ထိခိုက်စေနိုင် ပါကြောင်း။



နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်နေသည့်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် တရားမဝင်ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချနိုင်စွမ်းနည်းပြီး ရပ်တည်ရန် ခက်ခဲလာသည့်အတွက် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (၉)ခုတို့တွင် တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေးအထူးအဖွဲ့များ ဖွဲ့စည်း၍ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ ဖမ်းဆီး အရေးယူမှု (၆၆၉)ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁ ဒသမ ၈၂၈ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ ပါကြောင်း၊ ယခုအခါမှာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များက စီးပွားရေးနှင့် သက်ဆိုင်သည့် ဝန်ကြီးများကို အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းပြီးဖြစ်သည့်အတွက် ယခင် နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ် (၉)ခု၌ ဖွဲ့စည်းထားသော တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေးအထူးအဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း။



ထို့ကြောင့် ယနေ့အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု အခြေအနေ အညွှန်းကိန်းမြင့်တက်လာမှုကို လျှော့ချနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်နိုင်ရေးအတွက် ချမှတ်ထားသည့် လုပ်ငန်းတာဝန် (၁၃)ရပ်အပေါ် ပြည်ထောင်စု အဆင့်က အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆွေးနွေးတင်ပြကြစေလိုပါကြောင်း၊ သက်ဆိုင်ရာဌာနအလိုက် ပြဋ္ဌာန်းပြီးဖြစ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဌာနအချင်းချင်းပေါင်းစပ် ညှိနှိုင်းကာ ဟန်ချက်ညီညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် ဆောင်ရွက်ရမည့် အစီအမံများ၊ အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသည်။



ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက တရားမဝင် တင်သွင်း/တင်ပို့မှုများအပေါ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် နယ်စပ်အကောက်ခွန် စစ်ဆေးရေးစခန်းများနှင့် အမြဲတမ်းစစ်ဆေးရေးစခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ဖမ်းဆီးအရေးယူဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဖမ်းဆီးရမိကုန်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းပြီး ထုခွဲရောင်းချ၍ ရရှိသောငွေပေါ်တွင် ဆုငွေချီးမြှင့်မှုအခြေအနေ၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိရေးနှင့် ရသင့်ရထိုက်သော အခွန်ငွေများ ရရှိရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။



ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ တာဝန်ခံ ဝန်ကြီးဌာနဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်သည့် ဟန့်တားထိန်းချုပ်ရေးနှင့် ဟန်ချက်ညီဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။



ဆက်လက်၍ ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက တရားမဝင်ကုန်စည်ကူးသန်းရောင်းဝယ်မှု ဖြစ်ပေါ်ရသည့် ယေဘူယျအခြေအနေများ၊ ယခင်တရားမဝင်ကုန်သွယ်မှုတားဆီးရေးအဖွဲ့ (Mobile Team) ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့စည်းထားသည့် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအထူး အဖွဲ့များ၏ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။



ယင်းနောက် ဦးဆောင်ကော်မတီ အဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် တရားမဝင် ကုန်သွယ်မှုနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ Illicit Trade Environment Index နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။



ထို့နောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဦးအေးမောင်စိန်၊ ဦးသန်းနိုင်၊ ဦးဝီကော၊ ဦးစိုးဦး၊ ဒေါ်ရီရီချို၊ ဦးညွှန့်ရွှေ၊ ဦးဇော်မင်း၊ ဦးအောင်ကြည်၊ ဦးဝဏ္ဏကျော်၊ ဦးမြင့်သောင်း၊ ဦးစိုးညွန့်လွင်နှင့် ဦးဌေးဝင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကိုယ်စား ကယားပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးညီညီမင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကိုယ်စား ရခိုင်ပြည်နယ် အကောက်ခွန်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ထင်၊ ဒေါက်တာ ရဲတင့်ထွန်း၊ ဦးမင်းမင်း၊ ဒေါက်တာခင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် (၁၃)ရပ်အပေါ် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ကြသည်။



တင်ပြချက်များအပေါ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။