ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြင်းခြံမြို့နယ်ရှိ (၂၂၅)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

နေပြည်တော် သြဂုတ် ၁၇



မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့တွင် မြင်းခြံမြို့နယ်ရှိ (၂၂၅) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ နှင့်စွန့်ပစ်အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ (၉၀)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အမှတ်(၁) သံမဏိစက်ရုံတို့အား ကြည့်ရှုစစ်ဆေးသည်။



ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးဝန်ကြီး ဦးဇာနည်အောင်၊ တာဝန်ရှိ သူများနှင့် အတူ မွန်းလွဲ ၁ နာရီခွဲတွင် မြင်းခြံမြို့၏ အရှေ့တောင်ဘက် ၉ မိုင်အကွာရှိ Sembcorp Myingyan Power Co., Ltd ၏ (၂၂၅) မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့နှင့်စွန့်ပစ်အပူ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး စက်ရုံ အစည်း အဝေးခန်းမ၌ စက်ရုံဆိုင်ရာ အချက်အလက်များနှင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ် ဖြန့်ဖြူး နေမှုများကို Video Clip ဖြင့် ပြသမှုအား ကြည့်ရှုသည်။



ဆက်လက်၍ စက်ရုံဘေးအန္တရာယ်ကင်းရှင်းရေးမန်နေဂျာ ဦးတင်မောင်သိန်း က ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ဖြည့်စွက်ရှင်းလင်းသည်။



ထို့နောက် ဒုတိယသမ္မတ သည် စက်ရုံ Control Room ၌ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် နှင့် ဒုတိယစက်ရုံမှူး ဦးရာဇာမျိုးသိန်း တို့က ရှင်းလင်းတင်ပြကြသည်။



ယင်းနောက် ဒုတိယသမ္မတသည် မော်တော်ယာဉ်များဖြင့် စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။



အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ၇၁ ဒသမ ၅ မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင် ၂ လုံး နှင့် ၈၂ မဂ္ဂါဝပ် ရေနွေးငွေ့တာဘိုင် ၁ လုံး တပ်ဆင်လည်ပတ်လျှက်ရှိပြီး စက်တပ်ဆင် အင်အား ၂၂၅ မဂ္ဂါဝပ်ရှိကြောင်း၊ စက်ရုံကို ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်ပြီး ဓာတ် အားပေးစက်ရုံပထမအဆင့် ၁၄၃ မဂ္ဂါဝပ်ကို ၂၀၁၈ ခုနှစ် မေ ၇ ရက်တွင် လည်းကောင်း၊ ဒုတိယအဆင့် ၈၂ မဂ္ဂါဝပ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် လည်းကောင်း စတင်လည်ပတ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။



ဆက်လက်၍ ဒုတိယသမ္မတ နှင့် အဖွဲ့သည် V Power group Holding Limited နှင့် Zeya & Associates Co.,Ltd တို့၏ (၉၀) မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိကြပြီး စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက စက်ရုံဆိုင်ရာအချက်အ လက်များနှင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်ဖြန့်ဖြူးမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် Zeya & Associates Co.,Ltd ဥက္ကဋ္ဌ ဦးဇေယျာသူရမွန် တို့က ဖြည့်စွက်ရှင်းလင်းကြသည်။



ထို့နောက် ဒုတိယသမ္မတ သည် စက်ရုံ Control Room ၌ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။



အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ကို သုံးစွဲ လည်ပတ်လျှက်ရှိပြီး နိုင်ငံတော်ဓာတ်အား စနစ်သို့ပို့လွှတ်လျက်ရှိကြောင်းသိရသည်။



ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) သို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ခေတ္တစက်ရုံမှူး ဦးထွန်းထွန်း ကျော် က စက်ရုံဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။



ယင်းနောက် ဒုတိယသမ္မတ သည် စက်ရုံရှင်းလင်းဆောင်သို့ ရောက်ရှိရာ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန် က စက်ရုံ၏ တည်နေ ရာနှင့် အကျယ်အဝန်း၊ Phase – 1 နှင့်စပ်လျဉ်း၍ စက်ရုံအတွက်လိုအပ်သည့် လျှပ်စစ် ဓာတ်အား၊ သဘာဝဓာတ်ငွေ့နှင့် ရေရရှိမှု၊ ဘဏ္ဍာရေးနှစ် အလိုက် ကုန်ချောထုတ်လုပ်မှု/ ရောင်းချမှုအခြေအနေ၊ Steel Making Plant – 1 ပြန်လည်စတင်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ တိုက်ရိုက်ကုန်ကြမ်းအမျိုးအစားလိုက် လက်ကျန် အခြေအနေ၊ Phase – 2 နှင့်စပ်လျဉ်း၍ Steel Making Plant – 2 ပြန်လည် စတင် လည်ပတ်နိုင်ရေးပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ Direct Reduction Plant တည်ဆောက်ပြီးစီးမှုအခြေအနေ၊ Phase – 3 နှင့် စပ်လျဉ်း၍ တိုးချဲ့စီမံကိန်း ပြီးစီးပါက ထုတ်လုပ်နိုင်မည့် ထုတ်ကုန်ပစ္စည်းများနှင့် စက်ပစ္စည်းရောက်ရှိမှုအခြေအနေ၊ Storage Areaများရှိ Packagesများ ထားရှိမှုအခြေအနေနှင့် ဘဏ္ဍာငွေတောင်းခံရရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။



ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က သိရှိလိုသည်များကို မေးမြန်းသည်။



ညနေပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် မြင်းခြံမြို့မှ နေပြည်တော် သို့ပြန်လည်ရောက်ရှိသည်။