ဒုတိယသမ္မတ ဦးမြင့်ဆွေ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးမြင့်ဆွေ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၁၄

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟို ကော်မတီ၏ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြား သည်။

အစည်းအဝေးသို့ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဗဟိုကော်မတီဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် နှင့်ဗဟိုကော်မတီဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လုပ်ငန်းကော်မတီ(၆)ခုမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ကိုယ်စား Ecosystem Conservation and Community Development Initiative (ECCDI) ဥက္ကဋ္ဌ ဒေါက်တာ ကျော်တင့်၊ ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများ ကိုယ်စား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၆ ခုနှစ်၊ ဇွန်လ(၂)ရက်နေ့၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၁၆ ဖြင့် လုပ်ငန်း တာဝန် (၂၆)ရပ်ချမှတ်ကာ အဖွဲ့ဝင် (၂၅) ဦးဖြင့် ဖွဲ့စည်းခဲ့ပါ‌ကြောင်း၊ ဗဟိုကော်မတီ၏ ကြီးကြပ်မှုအောက်တွင် လုပ်ငန်းကော်မတီ(၆) ခုနှင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီများကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟို ကော်မတီ၏ (၃)နှစ်ကျော်ကာလအတွင်း အစည်းအဝေး (၇)ကြိမ်ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် စုစုပေါင်း(၉၅)ချက်အနက် ဆောင်ရွက်ပြီး(၄၆)ချက်၊ ဆောင်ရွက်ဆဲ(၄၉)ချက်ရှိပြီး ဆောင်ရွက်ဆဲ (၄၉)ချက်တွင်လည်း ရေရှည်ဆောင်ရွက်ရမည့် အချက်(၁၅)ချက်နှင့် လတ်တလော ဆောင်ရွက် ရမည့်အချက် (၃၄)ချက်ရှိသည်ကို တွေ့ရပါကြောင်း၊ ဆောင်ရွက်ဆဲ လုပ်ငန်းများသည် မြန်မြန်ပြီးလေ အကျိုးရှိလေဖြစ်သည့်အတွက် အမြန်ပြီးစီးရေး အချိန်ကာလသက်မှတ်ကာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

နိုင်ငံတော်အနေဖြင့် ရေရှည်ဖွံ့ဖြိုးပြီးဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက် ရရှိရေးဆောင်ရွက်သည့်အခါတွင် သဘာဝသယံဇာတများကို ရေရှည်တည်တံ့စွာ အသုံးပြု နိုင်ရေး၊ ကောင်းမွန်သည့် ဂေဟစနစ်များရှိစေရေးနှင့် သန့်ရှင်းသည့် ပတ်ဝန်းကျင်ဖြစ်အောင် ထိန်းသိမ်းရေးတို့သည် အလွန်အရေးကြီးသည့် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ပါကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍသည် အလွန်ကျယ်ပြန့်လှသော နယ်ပယ်ဖြစ်သည့် အတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီများနှင့် ကြီးကြပ်မှုကော်မတီများ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုအဆင့်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်အထိ သာမက ခရိုင်/မြို့နယ် အဆင့် အထိ ကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းညှိနှိုင်းပြီး ရေရှည်ဆောင်ရွက်သွားမည့် ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း။

အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည် ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများထဲမှ ထူးခြားသည့် ဆောင်ရွက်ချက်များအနေဖြင့် “မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ”၊ “မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ”၊ “မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၃၀)”နှင့် “မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်း အစီအစဉ်(၂၀၁၈-၂၀၃၀)” တို့ကို နိုင်ငံတော်အစိုးရက ချမှတ်ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် “မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မ လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” ကိုလည်း ရေးဆွဲပြီးဖြစ်သည့်အတွက် မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် များတွင် ဆက်စပ်ပတ်သက်သူများ အားလုံး၏ ဆွေးနွေးအကြံပြုချက်များကို အခြေပြုပြီး လက်ရှိနိုင်ငံတကာတွင် ကျင့်သုံးနေသည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ နိုင်ငံတကာ သဘောတူညီချက်ပါ ကတိကဝတ်များ စသည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

အဆိုပါ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို အဓိက လမ်းပြမြေပုံ အနေဖြင့်သတ်မှတ်ပြီး ဖွံ့ဖြိုးမှုနယ်ပယ်ကဏ္ဍအသီးသီးတွင် ထည့်သွင်းပေါင်းစပ် အကောင် အထည်ဖော်ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ တွင် “နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ရာသီဥတု ပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်နိုင်ရန် နိုင်ငံတော် အစိုးရ သာမက အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကြရမည်ဖြစ်ကြောင်း”နှင့် မြန်မာ နိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ တွင် “အစိုးရအဖွဲ့အဆင့်ဆင့်၌ ကဏ္ဍအသီးသီး၏ စီမံကိန်းများရေးဆွဲခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ခြင်းတို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးကို အဓိက လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း” တို့ကို ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း။

ထို့ကြောင့် မိမိတို့ ကော်မတီအနေဖြင့် နိုင်ငံတော်က ချမှတ်ပြီးဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မြန်မာ နိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာနှင့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်များတွင် ပါဝင်သည့် ဦးစားပေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနများ နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်ဖွံ့ဖြိုးမှု ပင်မလုပ်ငန်းစီမံချက်များတွင် ထည့်သွင်းပေါင်းစပ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ယခုအခါတွင် နိုင်ငံ့လူဦးရေ တိုးပွားလာသည်နှင့်အမျှ မြို့ပြနှင့် စက်မှုလုပ်ငန်းများ လည်း ဖွံ့ဖြိုးလာသည့်အတွက် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ သိသာထင်ရှားသော စိန်ခေါ်မှုများကို ပိုမိုကြုံတွေ့လာနိုင်ပါကြောင်း၊ ထို့အပြင် စွန့်ပစ်ပစ္စည်းများအတွက် စနစ် ကျသည့် စီမံခန့်ခွဲမှုစနစ်များ မရှိခြင်းကြောင့် စွန့်ပစ်ပစ္စည်းများကို လမ်းများနှင့် မြစ်ချောင်း၊ အင်းအိုင်များတွင် စည်းကမ်းမဲ့ စွန့်ပစ်လေ့ရှိကြသည့်အပြင် စွန့်ပစ်ပစ္စည်းများအား လေဟာ ပြင်တွင် မီးရှို့ဖျက်ဆီးခြင်းကြောင့်လည်း လေထု၊ မြေထုနှင့် ရေထုတို့ကို ညစ်ညမ်းစေလျက် ရှိပါကြောင်း၊ ယင်းကဲ့သို့ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လိုအပ်ချက်များကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်စေရုံ သာမက ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ နယ်ပယ်များ၊ ခရီးသွားလုပ်ငန်းကဲ့သို့သော စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်စေနိုင်ပါ ကြောင်း။

ထို့ကြောင့် သမားရိုးကျ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးနေခြင်းမှ စွန့်ပစ် ပစ္စည်းများအား ထွက်ရှိမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် အသုံးဝင်ပစ္စည်းများအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း စသည့် နည်းလမ်းများကို အခြေခံသော ရေရှည်တည်တံ့ ခိုင်မြဲပြီး အကျိုးဖြစ်ထွန်းသည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်သို့ ပြောင်းလဲကျင့်သုံးသွားနိုင် ရေးအတွက် “မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀)” ကို ရေးဆွဲထားပြီးဖြစ်ပါကြောင်း။

၎င်းနှင့်ဆက်စပ်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး တို့တွင် နိုင်ငံတကာအဖွဲ့အစည်း များ နှင့်ပူးပေါင်းပြီး ဆောင်ရွက်နေသည်များရှိသကဲ့သို့ အခြားတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များလည်း အထူးဦးစားပေးအစီအစဉ်တစ်ရပ်အနေဖြင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ပါ ရည်မှန်းချက်များကို ပြည့်မီအောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲမှုပြဿနာအပါအဝင် ကမ္ဘာ့ပတ်ဝန်းကျင် ဆိုင်ရာ စိန်ခေါ်မှုများထဲက အချိန်မီပူးပေါင်းဖြေရှင်းရမည့်ကိစ္စရပ်သည် လေထုညစ်ညမ်းမှု နှင့် ပလတ်စတစ်အမှိုက် ညစ်ညမ်းမှုတို့ပင်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်စို့” ဖြစ်ပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “လေထုညစ်ညမ်းမှုကို တိုက်ဖျက်စို့” ဟု ချမှတ်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ချမှတ်ရခြင်းမှာ လေထုညစ်ညမ်းမှုနှင့် ပလတ်စတစ် ညစ်ညမ်းမှုပြဿနာများ လျင်မြန်စွာ ကြီးမားကျယ်ပြန့်လာမှုတို့ကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် အရေးတကြီးဖြေရှင်းရန် လိုအပ်နေပြီဆိုသည်ကို ကမ္ဘာ့ပြည်သူ တစ်ရပ်လုံး သတိပြုမိအောင် မီးမောင်းထိုးပြလိုက်သည်ဟုဆိုရမှာ ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင်လည်း ပလတ်စတစ်စွန့်ပစ်အမှိုက်များနှင့် အခြားစွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း မရှိသည့်အတွက် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို ထိခိုက် စေသည့်အပြင် ထိုအမှိုက်များကြောင့် အထူးသဖြင့် မိုးတွင်းကာလတွင် ရေမြောင်းများ ပိတ်ဆို့ကာ ရေကြီးရေလျှံမှုပြဿနာများ ကြုံတွေ့နေရသည်ကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် တစ်ခါသုံးပလတ်စတစ် အသုံးပြုမှုများကို တတ်နိုင်သမျှ လျှော့ချကြ ရန်၊ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများအစား ပျက်စီးရန်လွယ်ကူသည့်/ ပြန်လည်အသုံးပြု နိုင်သည့်/ ပြန်လည်ပြုပြင်ထုတ်လုပ်အသုံးပြုနိုင်မည့် အစားထိုးပစ္စည်းများကို ထုတ်လုပ်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများဖွံ့ဖြိုးလာစေရန်ကိုလည်း စီမံဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အသိပညာပေးမှုများနှင့် ကြီးကြပ်ကွပ်ကဲမှု နည်းလမ်းများကို တစ်နိုင်ငံလုံး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးသည့် နည်းလမ်းများကိုလည်း ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါကြောင်း၊ ၎င်းနှင့်ပတ်သက်၍ လိုအပ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်ထုတ်ပြန်နိုင်ရေး ပြုစုရေးဆွဲကြရန် ပြောကြားလိုပါကြောင်း။

ကမ္ဘာလုံးဆိုင်ရာ အစိုးရအချင်းချင်း ဆွေးနွေးညှိနှိုင်းမှုအဖွဲ့ ( Intergovernmental Panel on Climate Change - IPCC ) ၏ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန် ခဲ့သည့် အထူးအစီရင်ခံစာအရ ကာဗွန်ထုတ်လွှတ်မှုနည်းသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကို အရှိန်အဟုန်ဖြင့် ပိုမိုအသုံးပြုလာသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ ကမ္ဘာကြီးပူနွေးလာသည့်အတွက်ကြောင့် (၂၁)ရာစုအကုန်ခန့်တွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး အချို့သောကျွန်းနိုင်ငံငယ်များနှင့် ကမ်းရိုးတန်းဒေသမြို့ကြီးများသည် ရေနစ်မြုပ်သွားနိုင်မည်ဟု ပညာရှင်အချို့က ခန့်မှန်းတွက်ချက်ထားသည်ကို လေ့လာ တွေ့ရှိရမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် ယနေ့ကမ္ဘာတွင် တစ်နေ့ထက်တစ်နေ့ ပြောင်းလဲဖြစ်ပေါ်လာနေသည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို မျက်ခြည်မပြတ်လေ့လာပြီး နိုင်ငံတကာနှင့်ပူးပေါင်း၍ ရင်ဆိုင်တုံ့ပြန် ဖြေရှင်းနိုင်အောင် မြန်မာနိုင်ငံအနေနှင့်လည်း သိပ္ပံအချက်အလက်တွေပေါ်တွင် အခြေခံပြီးပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြှင့်အသုံးပြု နိုင်မည့် ရေရှည်အစီအမံများအပြင် ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှုကြောင့် နစ်မြုပ် သွားနိုင်ခြေရှိသည့် ကမ်းရိုးတန်းဒေသရှိ မြို့များအတွက် ကြိုတင်ကာကွယ်ရေး အစီအမံ များကိုလည်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ အသင့်ပြင်ဆင်ရေးဆွဲ အကောင် အထည်ဖော်နိုင်ရန် အလေးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

အားလုံးခြုံငုံပြောရမည်ဆိုလျှင် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးနှင့် လူမှုစီးပွား ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ချမှတ်ထားသည့် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုတားဆီးလျှော့ချရေး၊ ပြောင်းလဲလာသည့် ရာသီဥတု နှင့် လိုက်လျောညီထွေရှိစေရေး၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိရေး၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးစသည့် လုပ်ငန်းစဉ်များသည် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အဓိက နယ်ပယ်များဖြစ်သည့်အတွက် ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ရေတို/ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်များ ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်ယိုယွင်းမှုများကို ရှောင်ရှားနိုင်မည့်အပြင် ရာသီဥတု ပြောင်းလဲမှုဆိုးကျိုးများကိုလည်း လျော့ပါးစေမှာဖြစ်ပါကြောင်း။

ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားအတွက် မိမိတို့ ဗဟို ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် ကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် ဆက်စပ်ပါဝင်ပတ်သက်သူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား ကြစေလိုပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ကော်မတီ၏ (၃)နှစ်ကျော် ကာလအတွင်း ရရှိခဲ့သည့် အတွေ့အကြုံများ၊ အားနည်းချက်/အားသာချက်များအပေါ်တွင် အခြေခံပြီး ကောင်းမွန် သည့် ပတ်ဝန်းကျင်အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကိုချမှတ်နိုင်ရေး အကြံပြုဆွေးနွေးသွားကြရန်နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ရေတို^ရေရှည် ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက်များတွင် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး၊ နှစ်စဉ်ဘဏ္ဍာငွေလျာထားချက်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေး၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စောင့်ကြပ် ကြည့်ရှု သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဒုတိယဝန်ကြီး ဦးလှကျော်၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဦးမျိုးမြင့်မောင်၊ ဦးဝင်းခန့်၊ ဦးတင်မောင်ဦး၊ ဒေါက်တာသာထွန်းကျော်၊ ဦးထွန်းထွန်းနိုင်နှင့် ဦးဝင်းတင့်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများကိုယ်စား Ecosystem Conservation and Community Development Initiative (ECCDI) ဥက္ကဋ္ဌ ဒေါက်တာ ကျော်တင့်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ လုပ်ငန်းကော်မတီ ( ၆ ) ရပ်မှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးတင်ထွန်း၊ ဦးလဆိုင်း၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးမန်းဟင်းဒါးလ်၊ ဦးလာလ်ထောင်ထန်း၊ ဦးလှထွေး၊ ဒေါက်တာ စောညိုဝင်း၊ ဦးမြင့်ဇော်၊ ဦးမျိုးသစ်၊ ဒေါက်တာမင်းကြည်ဝင်း၊ ဦးကျော်လွင်၊ ဦးဟံထွန်း၊ ဒေါက်တာညီညီအောင်နှင့် ဦးတင်အောင်ဝင်းတို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းအစီအစဉ်များ၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေမှုအပေါ် တွေ့ကြုံ နေရသည့်အခက်အခဲများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် နေမှုအခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအရ ကာကွယ်ကြပ်မတ်ဆောင်ရွက် နေမှုများ၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေမှုအခြေအနေများ၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် ရောဂါပိုးမွှားကူးစက်မှုအန္တရာယ်မှ တားဆီးကာကွယ်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဆွေးနွေးဆုံးဖြတ်ရန် အဆိုပြုချက်များနှင့် ဗဟို ကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက် ( ၉ )ချက် ချမှတ်ခဲ့သည်။ ထို့နောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။