ရေကြီးရေလျှံမှုနှင့်မြေပြိုဘေးကျရောက်ခဲ့သော ဒေသများသို့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ သွားရောက်ခဲ့သည့်ခရီးစဉ်တွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Printer-friendly versionSend by email

ရေကြီးရေလျှံမှုနှင့်မြေပြိုဘေးကျရောက်ခဲ့သော ဒေသများသို့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ သွားရောက်ခဲ့သည့်ခရီးစဉ်တွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၄

ရေကြီးရေလျှံမှုနှင့် မြေပြိုဘေးကျရောက်ခဲ့သည့်ဒေသများသို့ အမျိုးသားသဘာ၀ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သွားရောက်ခဲ့သည့် ဩဂုတ် ၁၀ ရက်မှ ၁၂ ရက် ခရီးစဉ်အတွင်း တွေ့ရှိချက်များနှင့်စပ် လျဉ်းသည့် သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အရေးပေါ်အခြေ အနေစီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ကျင်းပသည့် အစည်းအဝေးသည် လတ်တလောဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများနှင့်ပတ်သက်သည့် လက်ရှိ အခြေအနေများ၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးရမည့်အခြေအနေများကို ညှိနှိုင်းဆွေးနွေးနိုင်ရန်ဖြစ်ပါကြောင်း။

၂၀၁၉ ခုနှစ် ဇွန်လနောက်ဆုံးပတ်မှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၂)ခုတွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံအောက်ပိုင်းဒေသများဖြစ်ကြသည့် ပဲခူး တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆက်လက်ဖြစ်ပေါ်နေပြီး ၂၀၁၉ ခုနှစ် ဩဂုတ် ၁၃ ရက်အထိ ရေဘေးရှောင်စခန်း (၁၆၆) ခုတွင် လူဦးရေ စုစုပေါင်း (၇၉၃၈၉)ဦးခန့်သည် ယာယီရေဘေးရှောင်နေရာများတွင် ဆက် လက်တိမ်းရှောင်နေဆဲဖြစ်ပါကြောင်း။

ယခုနှစ် ရေကြီးရေလျှံမှုများကိုကြည့်မည်ဆိုလျှင် အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်မြစ်ရေမြင့်တက်မှုများကြောင့် ဖြစ်ပွားသည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် စတင်ဖြစ်ပွားခဲ့ကာ အလယ်ပိုင်းဒေသများမှတဆင့် ယခုမြန်မာ နိုင်ငံအောက်ပိုင်းဒေသများတွင် ဆက်လက်ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း။

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများစတင်ဖြစ်ပွားကတည်းက ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင် မှုများဆောင်ရွက်ခဲ့သဖြင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများကိုဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း။

ထူးခြားမှုအနေဖြင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲပြား ကုန်းကျေးရွာတွင်မိုးသည်းထန်စွာရွာသွန်း၍ တောင်ပြိုမှုအတွင်းဖြစ်ပွားခဲ့သည့် သေဆုံးမှု နှင့် ဒဏ်ရာရရှိမှုများဖြစ်ပါကြောင်း၊ ထို့အတူမွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်တနင်္သာရီ တိုင်းဒေသကြီးအတွင်း မြေပြိုမှုများ၊ လမ်းသားပဲ့ကျမှုများနှင့်တံတားပျက်စီးမှုများ ရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်ရေကြီးရေလျှံမှုများနှင့်အတူ ပုံမှန်ကြုံတွေ့ရလေ့ ရှိသည့် သာမန်မြေပြိုမှု၊ လမ်းသားပဲ့ကျမှုများအပြင် တောင်ပြိုမှုကဲ့သို့သော မမျှော်လင့်နိုင် သည့်အန္တရာယ်များလည်း ဖြစ်လာနိုင်ကြောင်းတွက်ဆ၍ ကြိုတင်ကာကွယ်မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကိုလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။

ယခုဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ရေးကာလ ပြီးစီးသွားပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ကြရမည်ဖြစ်ပါ ကြောင်း၊ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးရမည့်အခြေအနေများကို ယခုမှစ၍ စိစစ်ဖော်ထုတ်တွက်ချက်ထားကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များအပေါ် မူတည်၍ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်ကာ အမြန်ဆုံးနှင့်အထိရောက်ဆုံးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဆောင် ရွက်ပေးရမည့် အခြေအနေများအပေါ်မူတည်၍ မိမိတို့တွင်ရှိသည့်အရင်းအမြစ်များဖြင့် စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသကဲ့သို့ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်အလှူရှင်များ၏အကူအညီအထောက်အပံ့များဖြင့်လည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ယခင်ဆောင်ရွက်ခဲ့သည့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်မှုပုံစံများကို ပြန်လည်သုံးသပ်၍ ပိုမိုကောင်းမွန်သည့်ပုံစံများ၊ နည်းလမ်း များဖြင့် ဆောင်ရွက်သွားနိုင်ရေးကိုလည်း ဆွေးနွေးကြစေလိုပါကြောင်း။

လတ်တလောဖြစ်ပွားခဲ့သည့် မွန်ပြည်နယ်ပေါင်မြို့နယ်ရှိ မလတ်တောင်ပြိုကျမှု ဖြစ်စဉ်နှင့်ပတ်သက်၍ လေ့လာဆန်းစစ်မှုများဆောင်ရွက်ရမည်ဖြစ်ပြီး ကြိုတင်ကာကွယ် မှုပြုလုပ်နိုင်မည့်အခြေအနေများကို ဖော်ထုတ်ကြရမည်ဖြစ်ပါကြောင်း။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ပညာရှင်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ နည်းပညာပိုင်းဆိုင်ရာ အသုံးပြုမှုနှင့်ငွေကြေးကုန်ကျမှုများ ပါဝင်လာမည်ဖြစ်ကာ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် လူ့အသက်ဆုံးရှုံးမှုများအပါအဝင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့ပါးရေးအတွက် မဖြစ် မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်၍ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံး ဖြေရှင်းဆောင်ရွက်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း။

ရေကြီးရေလျှံမှု၊ မြေပြိုမှုများနှင့်စပ်လျဉ်း၍ ယခုနောက်ဆုံးအခြေအနေ ၂၀၁၉ ခုနှစ် ဩဂုတ် ၁၃ ရက် ည ၉ နာရီအချိန်အထိ သေဆုံးသူ(၆၅)လောင်းရှာဖွေတွေ့ရှိပြီ ဖြစ်ပြီး လက်ရှိမြေပြိုသည့် နေရာအပါအဝင်နေရာ (၆)နေရာနှင့် မြေပြိုကျနိုင်မည့်နေရာများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးချုပ်မှ ဘူမိဗေဒပညာရှင်များ အကူအညီဖြင့် ခေတ်မီမြေအောက်တိုင်းကိရိယာများ အသုံးပြု၍ ၂၀၁၉ ခုနှစ် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းမှ စတင်ကာ စစ်ဆေးတိုင်းတာဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်ပါကြောင်း။

လတ်တလောဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများတွင် အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြသကဲ့သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်သက်ဆိုင်ရာ ကဏ္ဍအလိုက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး၊ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရေး၊ ပုံမှန်သဘာဝဘေးအန္တရာယ်များအပြင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်မှုများနှင့်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရေးနှင့်ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် အားလုံး ဝိုင်းဝန်းဆွေးနွေးအကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ရန်ပုံငွေရရှိရေးနှင့် စိစစ်သုံးစွဲမှုခြေအနေများ၊ သဘာ၀ဘေးဒဏ် အလျင်အမြန်တုံ့ပြန် ရေးဆိုင်ရာများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးကျော်မျိုး၊ ဒေါက်တာထွန်းနိုင်၊ ဦးကျော်လင်းနှင့် ဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမြတ်သူ၊ ဦးကျော်မြင့်လှိုင်နှင့် ဘူမိဗေဒပညာရှင်ဦးယုမောင်တို့က အကြံပြုဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတက ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြေပြိုဘေးရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်စဉ်နှင့် မြေသားစစ်ဆေးတိုင်းတာရေးလုပ်ငန်းဆောင်ရွက်စဉ်တွင် တာဝန်ရှိသူ များအနေဖြင့်လုံခြုံမှုကို ဦးစားပေးစီမံခန့်ခွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူ လူထုအတွင်း သဘာ၀ဘေးအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိ စေရေးကိုပိုမိုတိုးမြှင့်လုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ သဘာ၀ဘေးကိုလက်တွေ့ ရင်ဆိုင်ရသည့် အခါထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဇတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ သဘာ၀ဘေးဆိုင်ရာလုပ်ငန်းကော်မတီ (၁၂)ခု၏ လုပ်ငန်းတာဝန်များကို လက်တွေ့ကျကျ ထိရောက်မှုရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက် သည်။

ယင်းနောက် ဒုတိယသမ္မတသည် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုသည်။