ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဩဂုတ် ၁၄

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဒုတိယသမ္မတဦးစီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ဦးလှမော်ဦး၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက ကမ္ဘာပေါ်တွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု များကြောင့် သဘာ၀ဘေးအန္တရာယ်များကို ကြုံတွေ့ခံစားနေကြရပါကြောင်း၊ အလားတူ မြန်မာနိုင်ငံ၌လည်း ရေဘေးအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ထိုသို့သော သဘာ၀ဘေးဒဏ်ခံစားနေကြရမှုများအတွက် လှူဒါန်းမှုများကို အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုယ်စား၊ ရေဘေးသင့်ပြည်သူများကိုယ်စား အထူး ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည်စေတနာသဒ္ဓါတရားနှင့်ပတ်သက်၍ အထက်သန် ဆုံးသောနိုင်ငံဖြစ်ပါကြောင်း၊ ယခုလိုလှူဒါန်းမှုများသည် အကောင်းဆုံးသောသက်သေ သာဓကများဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က အလှူငွေလှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့်အဖွဲ့ဝင်များက လှူဒါန်းငွေကျပ်သိန်း ၅၀၀ ကို ပေးအပ်လှူဒါန်းရာ ဒုတိယသမ္မတက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ် သည်။

ဆက်လက်၍ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ဦးကျဲအိုလျန်မိသားစု Shine Hill Co.,Ltd ကိုယ်စား လှူဒါန်းငွေကျပ် ၁၅ သိန်းကို ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကျေးဇူးတင်စကားပြောကြား သည်။