သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အကောင်းဆုံးကိုမျော်လင့်ပြီး အဆိုးဆုံး အတွက်လည်း ရင်ဆိုင်တုန့်ပြန်နိုင်ရေး ပြင်ဆင်ထားရှိရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မှာကြား

Printer-friendly versionSend by email

မော်လမြိုင် သြဂုတ် ၁၂



အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ် ခန်းမတွင် ပြုလုပ်သည့် မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းခွဲများ၊ ကုန်စည်ဒိုင်များနှင့် ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူများက ဆန်အိတ် ၂၂၅၀ ၊ ငွေကျပ်သိန်း ၂၀၀ နှင့် ဓာတ်မြေသြဇာအိတ် ၃၇၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားသည်။



ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်မြင့်နွယ်၊ ဦးတင်မြင့်၊ ဦးလှကျော်၊ ဦးစိုးအောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင် နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။



ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတိုင်း နိုင်ငံတော်အစိုးရနှင့်အတူ ပြည်တွင်းရှိ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သည့်ထောက်ပံ့ကူညီမှုများကို အစဉ် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အဖွဲ့အစည်း များအနေဖြင့်လည်း သဘာဝဘေးဒဏ် ကျရောက်ခဲ့သည့် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ အကူအညီပေးသည့် အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုယ်စား ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့် အတူ ယခုကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြမည်ဟု ယုံကြည်မျှော်လင့်ပါ ကြောင်း ပြောကြားသည်။



ထို့နောက် ဒုတိယသမ္မတ ထံ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက မွန်ပြည်နယ်အတွင်း သဘာဝဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၂၂၅၀ ကို ပေးအပ်လှူဒါန်းသည်။



ဆက်လက်၍ ငွေကျပ် သိန်း ၂၀၀ နှင့် ဓာတ်မြေသြဇာ ၃၇၀ အိတ်ကို ပေးအပ် လှူဒါန်းရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့က လက်ခံရယူ သည်။



ယင်းနောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ က ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို ဒုတိယဝန်ကြီးဦးစိုးအောင်က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ပေးအပ်ပြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။



ထို့နောက် ဒုတိယသမ္မတသည် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျိုက်မရောမြို့ ရသေ့ကျောင်းတွင် ယာယီ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိရာ ကယ်ဆယ်ရေးစခန်းတွင် ဒုတိယသမ္မတအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျိုက်မရော မြို့နယ် အတွင်း နှစ်စဉ်ရေကြီးမှုအခြေအနေ၊ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ထောက်ပံ့ထားရှိမှုအခြေအနေနှင့် ရေကြီးမှုအန္တရာယ်မှ လျှော့ချနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယသမ္မတက ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေ၊ ဆန်၊ ခေါက်ဆွဲခြောက်ထုတ်နှင့် ငါးသေတ္တာဘူးများ ထောက်ပံ့ပေးအပ်သည်။



ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ကျိုက်မရောမြို့ရှိ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်း၊ ကျိုက်မရောမြို့ရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် ယာယီဖွင့်လှစ် ထားသည့် ကယ်ဆယ်ရေးစခန်းတို့သို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေ၊ ဆန်၊ ခေါက်ဆွဲခြောက်ထုတ်နှင့် ငါးသေတ္တာဘူးများ ထောက်ပံ့ပေးအပ်သည်။



ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေကြီးမြင့် မှုကြောင့် ကျေးရွာ ၂၆ ရွာတွင် အိမ်ခြေ (၇၇၀၆) လုံး ရေကြီးနစ်မြုပ်ခဲ့ပြီး ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆန်၊ ခေါက်ဆွဲခြောက်ထုတ်၊ ငါးသေတ္တာနှင့် ရေသန့်ဗူးများ ထောက်ပံ့ ပေးထားကြောင်း သိရသည်။



ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာသို့ သွားရောက်ပြီး စက်ယန္တရားများဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုရာ မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြတ်သူ က ပုံရိပ်ဖမ်းစက်ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ဒရုန်းယာဉ်ဖြင့် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် တောင်ပေါ်တွင် ဓာတ်ပုံရိုက်ကူး ထားပြီး မြေသားအက်ကြောင်းများ ရှိနေမှု အခြေအနေကိုလည်းကောင်း၊ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ဌာန တွင်းရှိ ဘူမိဗေဒပညာရှင်များဖြင့် မြေပြိုကျသည့်နေရာတွင် မြေသားနမူနာများ စမ်းသပ်ခြင်း၊ နောင်တွင် ယခုကဲ့သို့ မြေပြိုကျမှုထပ်မံဖြစ်ပွားမှုမရှိစေရန် ဆောင်ရွက် သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။



ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ယခုဆောင်ရွက်လျက် ရှိသည့် ကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ နောင်ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။



အဆိုပါ မြေပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်း များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သည့် လူဦးရေ အင်အား ၅၀၀ ကျော်ခန့်သည် စက်ယန္တရားများ၊ မြေသယ်ယာဉ်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။



ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဘီးလင်းမြို့တွင် နှစ်စဉ်ရေကြီးနှစ်မြုပ် သည့် လူနေအိမ်များအား ပြောင်းရွှေ့နေရာချထားရန် စီစဉ်လျာထားသည့် ဘီးလင်း မြို့နယ်ရှိ ဘုရင့်နောင်မြို့ကွက်သစ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးက မြို့ကွက်သစ်ဖော်ဆောင်သွား မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတ က လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။



ညနေပိုင်းတွင် ဒုတိယသမ္မတသည် ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်း အဝေးခန်းမတွင် ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အရေးပေါ်အစည်းအဝေးသို့ တက်ရောက်အမှာ စကား ပြောကြားသည်။



အစည်းအဝေးတွင် ဒုတိယသမ္မတ က ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဒဏ်ကို ကမ္ဘာ့အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း ခံစားနေရပါကြောင်း၊ မိုးလေဝသ ပညာရှင်များ၏ ခန့်မှန်းချက်အရ ယခုနှစ်တွင် မြန်မာနိုင်ငံ၌ မုတ်သုန်အဝင် နောက်ကျ၍ အထွက်စောမည်ဟု သိရပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ရွာသွန်းသည့် မိုးရေချိန်ပမာဏ ပြောင်းလဲမှု မရှိသော်လည်း မိုးရွာသွန်းချိန်ကာလ တိုတောင်းမည်ဖြစ်၍ ရုတ်တရက် ရေကြီးရေလျှံမှုများ ကြုံတွေ့ရနိုင်သဖြင့် ဆည်တမံများ၏ ကြံ့ခိုင်ရေးကို ယခင်ထက်ပိုမို ဂရုစိုက်ရန်လိုအပ်ပါကြောင်း၊ ဆည်များသို့ရေဝင်ရောက်မှုအပိုင်းတွင် ယခင်နှစ်ကာလ တူထက် ယခုနှစ်တွင်များစွာ လျော့နည်းလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဆည်ရေကို အလေ့အလွှင့်မရှိဘဲ ထိရောက်အကျိုးရှိစွာ စနစ်တကျ အသုံးပြုရန်လို အပ်ပါကြောင်း၊ ဆည်မြောင်းဆိုင်ရာဝန်ထမ်းများသာမက ရေကိုအသုံးပြု နေသည့် တောင်သူများပါ သိရှိလိုက်နာစေရေး ပညာပေးဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ရာသီဥတု ပြုပြင် ပြောင်းလဲမှုဒဏ်ကို အကာကွယ်ပေးနိုင်မည့် သစ်ပင်သစ်တောများ မပြုန်းတီးစေရေး ထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ သစ်ပင်စိုက်ပျိုးမှုကို စီမံချက်ချမှတ်အလေးထား ဆောင်ရွက်သွားကြစေလိုပါကြောင်း။



မိမိဒေသအတွင်း သဘာဝဘေးဖြစ်နိုင်ခြေရှိသည့် နေရာများတွင် အထူးဂရုစိုက် ၍ ကြိုတင်ကာကွယ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်သွားရန်လိုအပ်ပါ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ဆန်စပါးအများဆုံး စိုက်ပျိုးသည့်ဒေသတွင် ပါဝင် သဖြင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်လာပါက လိုအပ်သည့်မျိုးစပါး လုံလောက်စွာထောက်ပံ့ ပေးနိုင်ရေးအတွက် ကြိုတင်စုဆောင်းထားရန်နှင့် အခြားလိုအပ်သည်များ ကြိုတင်စီမံ ဆောင်ရွက်ထားရန်လိုကြောင်း၊ သဘာဝဘေးများဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် မှန်ကန်သည့်စာရင်းဇယားများ အချိန်မီရရှိရေးသည်လည်း အလွန်အရေးကြီးသဖြင့် မှန်ကန်သည့်စာရင်းအင်းများ အချိန်မီရရှိရေးကို အောက်ခြေအဆင့်မှစ၍ အလေးထားဆောင်ရွက်ကြရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အကောင်းဆုံးကိုမျှော်လင့်ပြီး အဆိုးဆုံးအတွက် လည်း ရင်ဆိုင်တုန့်ပြန်နိုင်ရေး ပြင်ဆင်ထားရှိရန်မှာကြားသည်။



ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက ရှင်းလင်း တင်ပြမှုများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။