အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရေးမြို့တွင်ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား

Printer-friendly versionSend by email

မော်လမြိုင် သြဂုတ် ၁၁



မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများသို့ သွားရောက်ကြည့်ရှုစစ်ဆေးရန် မော်လမြိုင်မြို့၌ ရောက်ရှိနေသည့် အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ခုတင်(၅၀၀)ဆန့် ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြီး ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် မြေပြိုကျ မှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသနေသည့် သံဃာတော်များနှင့် လူနာများ အား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။



ထို့နောက် ဒုတိယသမ္မတသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်မြင့်နွယ်၊ ဦးတင်မြင့်၊ ဦးလှကျော်၊ ဦးစိုးအောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မော်လမြိုင် - သံဖြူဇရပ် - ရေး ကားလမ်း မိုင်တိုင်အမှတ် ၄၅/၄၆ နှင့် ၈၅ နေရာတို့တွင် မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် လမ်းပိုင်းပျက်စီးနေမှုနှင့် မြေသားများပဲ့ကျနေမှုကို ပြင်ဆင်ဆောင် ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။



ယင်းနောက် ဒုတိယသမ္မတသည် အဆိုပါ လမ်းပိုင်းပျက်စီးနေမှုများကို ပြင်ဆင်ဆောင်ရွက် နေကြသည့် နယ်မြေခံတပ်မတော်သားများနှင့် မွန်ပြည်နယ် လမ်းဦးစီးဌာန ဝန်ထမ်း များအား ထောက်ပံ့ငွေများ ပေးအပ်သည်။



ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ရေးမြို့ ပြည်သူ့အားကစားရုံတွင် ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေး စခန်းသို့သွားရောက်ပြီး ရေဘေးသင့် ပြည်သူ များနှင့်တွေ့ဆုံသည်။



ထို့သို့တွေ့ဆုံစဉ် ဒုတိယသမ္မတက သဘာဝဘေးအန္တရာယ်သည် မြန်မာနိုင်ငံ သာမက တစ်ကမ္ဘာလုံး ရှောင်လွှဲ၍မရဘဲ နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်သည့်အခါတိုင်း နိုင်ငံတော်အနေဖြင့် အချိန်နှင့်တပြေးညီ ကူညီ ကယ်ဆယ်ပံ့ပိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပါကြောင်း၊ ရေးမြို့နယ်တွင် လည်း ရေကြီးချိန်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သည့်စက်လှေများ ကို ထပ်မံပေးပို့သွားမည်ဖြစ်ပါကြောင်း၊ ယာယီကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေ သည့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ပေးထားပါကြောင်း၊ ပြည်သူများ အနေဖြင့်လည်း စခန်းတွင်နေထိုင်စဉ်ကာလအတွင်း ကိုယ်စီကျန်းမာရေးကို ဂရုစိုက်စေလိုပါကြောင်း ပြောကြားသည်။



ထု့ိနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရေဘေးသင့် ပြည်သူများအတွက် ဆန်အိတ်များ ထောက်ပံ့ ပေးအပ်သည်။



ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ရေးမြို့ရှိ အနန္တဇိနတပလ္လင်နှစ်ဆူ စေတီတော် အရိယာ သစ္စာ ဓမ္မာရုံတွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း သို့သွားရောက်ကာ ရေးဘေးသင့် ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။



ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရေးမြို့ မန္တလေးမဟာစည်ရိပ်သာတွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ ရေးဘေးသင့် ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများနှင့် လူတစ်ဦးလျင် တစ်ပတ်စာ ဆန်ရိက္ခာ၊ ခေါက်ဆွဲခြောက်ထုတ်များနှင့် ငါးသေတ္တာဘူးများ ထောက်ပံ့ ပေးအပ်၍ မန္တလေးမဟာစည်ရိပ်သာဝင်းအတွင်းမှ ရေးမြစ် ကမ်းနား တစ်လျောက် လူနေအိမ်နှင့် အဆောက်အအုံများ ရေကြီးနစ်မြုပ်နေမှုကို ကြည့်ရှုသည်။



ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မန္တလေးမဟာစည်ရိပ်သာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သုဒ္ဒရ အား ဝတ္တုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။



ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် စက်လှေများဖြင့် ရေးမြို့ကျိုက်သီ ဝန်ကျောင်းတိုက်တွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းသို့ သွားရောက် ပြီး သဘာဝဘေး အန္တရာယ်သင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေ၊ ခေါက်ဆွဲခြောက်ထုတ်နှင့် ငါးသေတ္တာဘူးများ ထောက်ပံ့ ပေးအပ်သည်။



ယင်းနောက် ဒုတိယသမ္မတသည် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေ ပေးအပ်ရာ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်မျိုးဆွေဝင်း က လက်ခံ ရယူ သည်။



မွန်ပြည်နယ် ရေးမြို့နယ်တွင် သြဂုတ် ၁၀ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်ခဲ့မှုကြောင့် မြို့ပေါ်နှင့် ကျေးရွာများမှ လူနေအိမ်အဆောက် အဦများ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကာ ရေးမြို့ပေါ်တွင် ယာယီကယ်ဆယ်ရေးစခန်း (၄)ခု ကျေးရွာများတွင် ယာယီကယ်ဆယ်ရေး စခန်း(၄)ခု စုစုပေါင်း ကယ်ဆယ် ရေးစခန်း (၈)ခုဖွင့်လှစ်ထားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ သဘာဝဘေးအန္တရာယ်သင့်ပြည်သူများအတွက် လူတစ်ဦးလျင် တစ်ပတ်စာ ဆန်ရိက္ခာနှင့် နိုင်ငံတော်အစိုးရမှ ဆန်အိတ် ၅၀၊ အမျိုးသားသဘာဝဘေး ရန်ပုံငွေမှ ဆန်အိတ် ၅၀နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ထောက်ပံ့သည့် ဆန်အိတ် ၁၀၀ တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။



ညနေပိုင်းတွင် ဒုတိယသမ္မတသည် မော်လမြိုင်မြို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မွန်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အရေးပေါ်အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။



အစည်းအဝေးတွင် ဒုတိယသမ္မတက သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီများကို ဖွဲ့စည်းထားရာတွင် လုပ်ငန်းတာဝန်ပါအတိုင်း လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုသည် မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင် ဆိုးဆိုးဝါးဝါး ခံစားနေ ကြရသည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှု အားကောင်းရန်လိုအပ်ပါကြောင်း၊ ဇာတ်တိုက် လေ့ကျင့်မှုများပြုလုပ်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှု နည်းနိုင်သည်ကို ပြည်သူများ သိရှိပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သော ပစ္စည်းကိရိယာများနှင့် ယာဉ်ယန္တရား များကို ပိုမိုဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ရေပြန်ကျ ပါကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်နိုင် ရေးကြိုတင်စီမံထားရန် လိုအပ်ပါကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ပျိုးရေး အတွက် ထိခိုက်ဆုံးရှုံးမှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် လိုအပ်သည့် မျိုးစပါးများကို ကြိုတင်စုဆောင်းထားရန် လိုအပ်ပါကြောင်း ဆက်သွယ်ရေးကွန်ယက်နှင့် လမ်းတံတား ပျက်စီးမှုများကိုလည်း အမြန်ဆုံးပြန်လည် ပြင်ဆင်သွားရန် လိုအပ်ပါကြောင်း ပြောကြား သည်။



ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက် နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။



ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။