နိုင်ငံတော်သမ္မတဦးဝင်းမြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအားတွေ့ဆုံမှာကြား

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတဦးဝင်းမြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအားတွေ့ဆုံမှာကြား



နေပြည်တော်၊ သြဂုတ် ၉



နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နှင့် အဖွဲ့ဝင်များအားယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံမှာကြားသည်။



တွေ့ဆုံစဉ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ နှင့် လုပ်ငန်းအဖွဲ့ (၁ဝ )ဖွဲ့ ဖွဲ့စည်းထားမှုအခြေအနေ၊နိုင်ငံတော်သမ္မတရုံးမူးယစ်ဆေးဝါးအထူးသတင်းပေးတိုင်ကြားရေးဌာနစတင်ဖွင့်လှစ်ချိန်မှယနေ့အထိအရေးယူဆောင်ရွက်မှုအခြေအနေ၊တိုင်ကြားစာအရဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအခြေအနေ၊ အထူးစစ်ဆင်ရေးဆောင်ရွက်မှုများ၊ ၂ဝ၁၈ခုနှစ်မှ ၂ဝ၁၉ခုနှစ်ဇူလိုင်လအထိမူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများဖမ်းဆီးရမိမှုအခြေအနေ၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့်စခန်းများသိမ်းဆည်းရမိမှုအခြေအနေ၊ လက်နက်ခဲယမ်းပါဝင်သောမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအခြေအနေ၊ ပင်လယ်ပြင်ဖမ်းဆီးရမိမှုအခြေအနေ၊ ပင်လယ်ပြင်သို့ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းအခြေအနေ၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းပြောင်းလဲလာမှုအခြေအနေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ရန်ပုံငွေရရှိရေးဆောင်ရွက်မှုအခြေအနေ၊ ထိန်းချုပ်ဓာတုပစ္စည်းစာရင်းတွင်ထည့်သွင်းရန်စီစဉ်ထားသည့် ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးဥပဒေနှင့် နည်းဥပဒေပြင်ဆင်ခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့လူငယ်များပြုစုပျိုးထောင်ရေးစခန်းများလွှဲပြောင်းပေးအပ်မှုအခြေအနေ၊ကျောင်းသားလူငယ်များအားမူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောမှုများ၊ နိုင်ငံတော်အစိုးရ၏ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်မှုအခြေအနေတို့ကိုရှင်းလင်းတင်ပြသည်။



ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ်ဝင်းနိုင် က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် တွေ့ကြုံရသည့် အခက်အခဲများကိုရှင်းလင်းတင်ပြသည်။



ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကမိမိတို့အနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကိစ္စကိုအမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကုလသမဂ္ဂကွန်ဗင်းရှင်း သဘောတူညီချက်နှင့်အညီဆောင်ရွက်လျက်ရှိပါကြောင်း၊

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းအသီးသီးနှင့်လည်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ဗဟိုအဖွဲ့တွင်ပါဝင်သောဝန်ကြီးဌာနများအနေဖြင့်လည်းသက်ဆိုင်ရာတာဝန်ယူထားသည့်ကဏ္ဍအလိုက် ထိရောက်အောင်မြင်စွာဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ လက်ရှိလုပ်ဆောင်နေသောလုပ်ငန်းစဉ်များအရှိန်သေမသွားစေဘဲအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန်မှာကြားလိုပါကြောင်း၊ ဒါ့အပြင် မူးယစ်ဆေးဝါးများ၏ ဘေးအန္တရာယ်ကိုအသိပညာပေးရေး၊ ဆေးဝါးသုံးစွဲသူများအားကုသပေးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ကိုထိရောက်စွာဆောင်ရွက်ပေးစေလိုကြောင်း၊



နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကိစ္စရပ်များကိုမျက်ခြေမပြတ်ဆောင်ရွက်လျက်ရှိသည့်အပြင်လုပ်ငန်းဆောင်ရွက်မှုများကိုလည်းနိုင်ငံသားများသိရှိစေရေးအတွက် စဉ်ဆက်မပြတ်သတင်းထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေးကိစ္စရပ်သည် နိုင်ငံတော်၏အရေးကိစ္စဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်ပိုမိုအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ မူးယစ်ဆေးဝါးအမှုကိစ္စရပ်များနှင့်ပတ်သက်၍ စစ်ဆေးရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ရဲကျင့်ဝတ်များနှင့်အညီလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သက်သေခံပစ္စည်းများကိုဥပဒေနှင့်အညီသိမ်းဆည်းကြရန်လိုအပ်ပြီးတရားရုံးအမိန့်နှင့်အညီမြန်မြန်ဆန်ဆန်စီမံခန့်ခွဲရန် လိုအပ်ပါကြောင်း၊ချီးမြှင့်ထိုက်သူများကိုလည်းချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် စပ်လျဉ်း၍ အစားထိုးသီးနှံ စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့အတွက် လိုအပ်သည့် အစီအစဉ်များချမှတ်ရန် လိုအပ်ကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် လိုအပ်သလိုလုပ်ငန်းအဖွဲ့များကိုဖွဲ့စည်းပေးပြီးတာဝန်များသတ်မှတ်ပေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ ပြုလုပ်သင့်ကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များအောင်မြင်မှုအတိုင်းအတာကိုစိစစ်ခြင်း၊ ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်းများစဉ်ဆက်မပြတ် ရှိစေလိုကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး နှင့်ပတ်သက်၍သက်ဆိုင်ရာတာဝန်ရှိသူအားလုံးက နိုးနိုးကြားကြားတက်တက်ကြွကြွဖြင့် ယခုထက်ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြစေလိုပါကြောင်းလမ်းညွှန်မှာကြားသည်။



တွေ့ဆုံပွဲသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူ၊ နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတင်မြင့်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဦးလှကျော်၊ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးအောင်၊ နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီးညွှန်ကြားရေးမှူးချုပ်ဦးနိုင်ဆွေဦး၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်တင် ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးချမ်းအေး၊ဗဟိုအဖွဲ့အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်နှင့် တပ်မတော်



စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးမှ ဒုတိယဗိုလ်မှူးကြီးမင်းဟိန်းတို့တက်ရောက်ကြသည်။