ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအဆင့်ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားနှင့် မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအဆင့်ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားနှင့် မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၆

အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားနှင့် မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာဖိုရမ်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာ စကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်နှင့် ဒေါက်တာ ဝင်းမြတ်အေး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်ပညာရှင်များ၊ UN ၊ INGO နှင့် NGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားနှင့် မြေငလျင်အန္တရာယ်ကြောင့် ပျက်စီးမှုများနှင့်ထိခိုက်ဆုံးရှုံးမှု များလျော့နည်းစေရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန် ရည်ရွယ်ကျင်းပသည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာဖိုရမ် ဖြစ်ပါကြောင်း၊ မြေငလျင်လှုပ်ခြင်းသည် အခြားသောသဘာဝဘေးအန္တရာယ်များကဲ့သို့ ကြိုတင်ခန့်မှန်း၍မရနိုင်ဘဲ မြေငလျင်၏ ပြင်းအား၊ မြေငလျင်ဒဏ်ခံရသည့်ဒေသ၏ ထိခိုက် လွယ်မှုအပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှု ပမာဏများပြားနိုင်ပါကြောင်း။

မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံတွင်လှုပ်ခဲ့သည့် ငလျင်လှုပ်ခတ်မှုဖြစ်စဉ် များကို ပြန်ကြည့်မည်ဆိုလျှင် ၂ဝ၁၁ ခုနှစ် တာလေငလျင်၊ ၂ဝ၁၂ ခုနှစ် သပိတ်ကျင်း ငလျင်၊၂ဝ၁၆ခုနှစ် ဧပြီလက ကလေးမြို့အနီးဗဟိုပြုလှုပ်ခဲ့သည့် ငလျင်နှင့်ဩဂုတ်လ အတွင်း ချောက်မြို့အနီးလှုပ်ခတ်ခဲ့သည့် မြေငလျင်များကြောင့် လူ့အသက်အိုးအိမ် အဆောက်အဦများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရရုံမျှမက တန်ဖိုးမဖြတ်နိုင်သည့် ပုဂံရှေးဟောင်း အမွေအနှစ်ဘုရား၊ စေတီပုထိုးအချို့ပြိုကျပျက်စီးခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အနီးစပ်ဆုံး ဖြစ်ပွားခဲ့သည့် ငလျင်များကို ပြန်ကြည့်မည်ဆိုပါက ဩဂုတ်(၂)ရက်တွင် မော်လိုက်မြို့ အရှေ့တောင်(၁၃)မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ၄ ဒသမ ၇ ရစ်ချက် စတာစကေးရှိ သည့် မြေငလျင်၊ ဩဂုတ် ၃ ရက်တွင် မိုးညှင်းမြို့ အရှေ့မြောက် (၉)မိုင် အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ၃ ဒသမ ၅ ရစ်ချက်စတာစကေးနှင့် ဆင်ဘိုမြို့ အရှေ့ မြောက် (၂၈)မိုင် အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်များဖြစ်ပါကြောင်း။

ငလျင်ဘေးအန္တရာယ်သည် အခြားမီးဘေး၊ ရေဘေး၊ လေဘေးစသည့် ဘေးအန္တရာယ်များကဲ့သို့ မကြာခဏ ဖြစ်ပွားလေ့မရှိသည့်အတွက် အများစုအနေဖြင့် ငလျင်ဘေးအန္တရာယ်ကို မေ့လျော့ပေါ့ဆနေတတ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ကျရောက် နိုင်သည့် သဘာဝဘေးအန္တရာယ်ကြီးများအနက် ရေရှည်တွင်ငလျင်ဘေးအန္တရာယ် အကြီးမားဆုံးဖြစ်မည်ဟု ပညာရှင်များယူဆထားကြသည်ကိုလည်း သိရှိရပါကြောင်း၊ မိမိတို့ အနေဖြင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးနည်းလမ်း များကို ကြိုတင်ပြင်ဆင်အကောင်အထည်ဖော် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။

ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ မဟာဗျူဟာများနှင့်စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများပြဋ္ဌာန်းခြင်း၊ ပြည်သူလူထု အတွင်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက်ထားကြရမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်တစ်ဦးတည်း၊ တစ်ဖွဲ့တည်းဆောင်ရွက်၍ မရနိုင်သဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ရပ်ရွာလူထုများနှင့်အားလုံးသော ပါဝင်ပတ်သက်သူများအနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

၂၀၁၈ ခုနှစ်၊ မေ ၁၅ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂ဝ၁၈)အစည်းအဝေးတွင် အချိန်ခါမရွေးဖြစ်ပေါ်လာ နိုင်သည့် ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေးနှင့်ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို စနစ်တကျဖြစ်အောင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် အစိုးရအဖွဲ့များအနေဖြင့် အစီအမံများကြိုတင်ချမှတ်ထားကြရန်၊ ငလျင်ဘေး တုံ့ပြန်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ Earthquake Response Plan များရေးဆွဲကြရန်နှင့် Standard Operating Procedure -SOP များရေးဆွဲထားကြရန်၊ ပြည်သူများအနေဖြင့် လည်း ဘေးအန္တရာယ်ဖြစ်ပွားလာပါက ဦးစွာတုံ့ပြန်မှုလုပ်ငန်းများကို စနစ်တကျထိရောက် မှန်ကန်စွာဆောင်ရွက်နိုင်ရန်၊ ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့်ဇာတ်တိုက် လေ့ကျင့်ခန်းများ အကြိမ်ရေများများပြုလုပ်ထားရန်၊ ငလျင်ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိသည့် မြို့၊ ရွာများကို လေ့လာဆန်းစစ်မှုများပြုလုပ်၍ လိုအပ်သည့်အစီအမံများ ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ကြိုတင်ခန့်မှန်း၍ မရနိုင်သည့် ငလျင်ဘေးအန္တရာယ်ရင် ဆိုင်တုံ့ပြန်နိုင်ရေးနှင့် အမြဲအဆင်သင့်ဖြစ်နေစေရေးသည် အလွန် အရေးကြီးသည့်အတွက် ငလျင်ဘေးကြိုတင်ဆောင်ရွက်ထားရှိမှုများကို ဆန်းစစ်ကြရန်လို အပ်ပါကြောင်း။

၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးတို့တွင် Earthquake Forum များကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါဖိုရမ်များတွင် ပညာရှင်များနှင့်သက်ဆိုင်ရာဌာနများမှ မြန်မာနိုင်ငံအပေါ် ငလျင်ဘေးအန္တရာယ်သက် ရောက်နိုင်မည့် အခြေအနေများနှင့်ဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လူမှုရေးအဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူ ပြည်သူများအပါအဝင် တက်ရောက်လာသူများအားလုံးက ငလျင်ဘေးကြိုတင်ကာကွယ် ရေးဆောင်ရွက်သင့်သည့် အစီအမံများနှင့်ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ဖော်ထုတ်ဆွေးနွေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။

အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် ကို ၂ဝ၁၇ ခုနှစ်ကစတင်၍ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခဲ့ပြီး ဆက်နွယ်ပတ်သက်သည့် ဌာနများ၊ အဖွဲ့အစည်းများနှင့်ဆွေးနွေးခြင်း၊ ဝန်ကြီးဌာနအသီးသီးသို့ သဘောထား မှတ်ချက် တောင်းခံခြင်းနှင့် လိုအပ်သလိုပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီး Final Version အဖြစ်ပြုစုပြီးဖြစ်ပါကြောင်း၊ အဆိုပါစီမံချက်တွင် ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်း၊ သတင်းအချက်အလက်စီမံခန့်ခွဲခြင်း၊ အရင်းအမြစ်များနှင့် ရန်ပုံငွေများ ပြန်လည်ထူထောင်ရေးအဆင့်သို့ကူးပြောင်းခြင်း စသည့်လုပ်ငန်းများ ဆောင် ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များကို ဖော်ပြထားပါကြောင်း။

ထို့ကြောင့် ယနေ့အခမ်းအနားတွင် အတည်ပြုဖြန့်ချိသည့် အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်ကို သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂနှင့်အပြည် ပြည်ဆိုင်ရာအစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့ အစည်းများအနေဖြင့် သေချာစွာလေ့လာဖတ်ရှုပြီး လိုအပ်သလိုရည်ညွှန်းအကောင် အထည်ဖော်ကြရန် အရေးကြီးပါကြောင်း၊ သို့မှသာငလျင်ဘေးကြောင့် အသက်အိုးအိမ် စည်းစိမ်ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်မှုများကို နှောင့်နှေးရပ်တန့်စေနိုင်မည့် အခြေအနေများကိုလည်း လျော့နည်းစေ နိုင်မည်ဖြစ်ပါကြောင်း။

အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် အကြံပြုချက်များကို အချင်းချင်း အသိအမြင်ဖလှယ်ခြင်းဖြင့် နိုင်ငံအတွင်း ငလျင်ဘေးအန္တရာယ်ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ ပိုမိုသတိပြုမိလာမည်ဖြစ်ပါကြောင်းနှင့် ငလျင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ အတွက် နည်းပညာပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ လက်တွေ့အကောင်အထည်ဖော်မှု ပိုင်းဆိုင်ရာ အားသာချက်အားနည်းချက်များအပေါ် သုံးသပ်၍ အားလုံးဟန်ချက်ညီညီချိတ် ဆက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အစီအမံများကို ဆွေးနွေးပေးကြရန် တိုက်တွန်းပါ ကြောင်းပြောကြားသည်။

ထို့နောက် UN Resident and Humanitarian Coordinator (ai) , Mr. Knut Ostby က အမှာစကားပြောကြားသည်။

ယင်းနောက် အမျိုးသားအဆင့်ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်ရေးဆွဲမှုမှတ်တမ်းဗီဒီယိုကိုပြသသည်။

ထို့နောက်အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းသူ၊ မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်း ထွေးတို့က ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက် လက်ရှိဆောင်ရွက်ထားရှိမှု များ ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်ဦးဆောင်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာကျော်မိုးဦး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိဏ်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မြမိုးဝင်း၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်၊ ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးလုပ်ငန်းအဖွဲ့မှ ဒေါ်လတ်လတ်အေးတို့က ငလျင် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်း ကောင်းဆွေးနွေးကြသည်။