ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ဘီလူးချောင်းအမှတ် (၂)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ဘီလူးချောင်းအမှတ် (၂)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ  ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၄

ကယားပြည်နယ် လွိုင်ကော်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗ်ိုလ်ချုပ်သန်းထွဋ်နှင့်ဦးတင်မြင့်၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်ရှိ ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ သို့ရောက်ရှိကြသည်။

ထို့နောက် ဒုတိယသမ္မတသည် စက်ရုံအရှေ့၌ ပြသထားသည့် ၂၀၁၄-၂၀၁၅ခုနှစ်နှင့် ၂၀၁၅-၂၀၁၆ခုနှစ်အတွင်း စက်များအလုံးစုံပြန်လည်ပြုပြင်မွမ်းမံ ပြင်ဆင်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ စက်ရုံအတွင်း စက်များမောင်းနှင်မှု၊ ဓာတ်အား ပို့လွှတ်မှု၊ ဓာတ်အားထိန်းချုပ်ခန်း၊ စက်ရုံ Switch Yard နှင့် ရေတံခွန်အား လိုက်လံ ကြည့်ရှုသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့အား စက်ရုံဧည့်ရိပ်သာခန်းမ၌ ဘီလူး ချောင်းရေအားလျှပ်စစ်စက်ရုံ အမှတ်(၁)၊ (၂)၊ (၃) တည်ဆောက်ခဲ့မှု သမိုင်း ကြောင်းများ၊ ပြန်လည်ပြုပြင်မွမ်းမံခဲ့မှုများနှင့် စက်ရုံဆိုင်ရာအချက်အလက် ဗွီဒီယို မှတ်တမ်းအား ပြသသည်။

ထို့နောက် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် ဘီလူးချောင်း အမှတ်(၂) စက်ရုံရိပ်သာရှေ့ ရှုရပ်မှ ဘီလူးချောင်း အမှတ်(၂) စက်ရုံ၏ ရေလျှံထိန်းစည်၊ ရေသွယ် ပိုက်လိုင်း၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများကို ကြည့်ရှုသည်။

ဘီလူးချောင်း အမှတ်(၂) စက်ရုံကို လွိုင်ကော်မြို့ အရှေ့တောင်ဘက် (၁၄)မိုင် ခန့်အကွာ ဘီလူးချောင်း၏ လက်ယာ ဘက်ကမ်း၌ ၁၉၅၄ ခုနှစ်တွင် ပထမအဆင့် စက် (၃) လုံး စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် (၈၄) မဂ္ဂါဝပ် ဓာတ်အား စတင်ထုတ်လုပ် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။ ထို့နောက်၁၉၇၀ ခုနှစ်တွင် ဒုတိယအဆင့်(၂၈) မဂ္ဂါဝပ် စက်(၃)လုံး ထပ်မံတည်ဆောက်ခဲ့ရာ ၁၉၇၄ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ပြီးဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း (လွိုင်ကော်)သို့ ရောက်ရှိရာ ဒုတိယသမ္မတအား သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတက နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသူ များ အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာတတ်မြောက်စေရန်အတွက် သင်တန်း ကျောင်း၄၅ကျောင်းကို ရည်ရွယ်ချက် ၅ရပ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကျောင်းတွင်နေထိုင်သည့် ကာလတွင်ယုံကြည် ချက်ခိုင်ခိုင်မာမာ၊ ရိုင်းပင်ကူညီစိတ်၊ စည်းလုံးညီညွတ်စိတ်၊ တစ်ဦးအပေါ်တစ်ဦး သည်းခံနားလည်စိတ်တို့ဖြင့်စနစ်တကျ သင်ယူကြစေလိုကြောင်း၊ သင်တန်းဆရာများ အနေဖြင့် သင်တန်းသူများအား ဆွေမျိုးသားချင်းများသဖွယ် သဘောထားပြီး လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းပြီး ဆုံးပြီးနောက် ကိုယ်ပိုင်အသက်မွေးကြောင်းလုပ်ငန်းများ လုပ်ကိုင် နိုင်သည်အထိကြိုး စားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များ၊ အစား အသောက်များကို လိုက်လံကြည့်ရှုသည်။

အဆိုပါသင်တန်းကျောင်းကို ၁၉၉၄ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်း ကျောင်းတွင် စက်ချုပ်၊ အိမ်တွင်းမှု၊ ကယားရိုးရာဂျပ်ခုပ်နှင့် သိုးမွေးစက်ဆွဲသင်တန်း များကို အဆင့်လိုက်သင်ကြားပေးလျက်ရှိကာ ၂၀၁၈-၂၀၁၉ခုနှစ်တွင် သင်တန်းသူ (၁၀၁)ဦး သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ထို့နောက် ဒုတိယသမ္မတသည် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး လူနာဆောင်၊ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်းနှင့် ဆေးရုံအတွင်းလိုက်လံကြည့်ရှုကာ ဆေးရုံ အတွက် အလှူငွေများကို ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတသည် ပြည်နယ်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ အဆင့်တာဝန်ရှိသူများ အားတွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ဒုတိယသမ္မတက ကယားပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များပံ့ပိုးပေးနိုင်ရန် မိမိတို့အဖွဲ့ လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခုနှစ် မုတ်သုန် အဝင်နောက်ကျပြီး အထွက်စောမည်ဟု မိုးလေဝသပညာရှင်များ ခန့်မှန်းပါကြောင်း၊ ထို့ကြောင့် ဆည်တမံ များသို့ ရေဝင်ရောက်မှု နည်းနိုင်သဖြင့် ဝင်ရောက်သည့်ရေအား အလေအလွင့်မရှိ၊ ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်ကို ရေစီမံခန့်ခွဲသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအပြင် ရေကို အသုံးချနေသည့် ပြည်သူထုကိုပါ စည်းစနစ်တကျ အသုံးချစေရေး အသိပညာပေးခြင်း များဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

မိုးဗြဲရေလှောင်တမံ ရေထိန်းတံခါးများဖွင့်လှစ်နိုင်ခြင်းဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ရှမ်းပြည်နယ်၊ အင်းလေးကန်ဒေသသို့ စက်လှေဖြင့် ရေကြောင်း ခရီးမှ သွားရောက်နိုင်သည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ခရီးစဉ်သစ် တစ်ခုဖန်တီး ပေးနိုင်ခဲ့ပါကြောင်း၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲလာခြင်းကြောင့် ကာလတို အတွင်း ပမာဏ အများအပြား မိုးရွာသွန်းခြင်းကို ကြုံတွေ့လာရပါကြောင်း၊ ထို့ကြောင့် ရုတ်တရတ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ဆည်တမံများနှင့်ရေထိန်းတံခါးများကြံ့ခိုင်ရေးအတွက်ဘက်ပေါင်းစုံမှထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရန် လိုကြောင်း။

ကယားပြည်နယ်တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလား အလာ ကောင်းများစွာရှိပါကြောင်း၊ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့် ပန်ပက်ကျေးရွာအုပ်စုသည် မိမိ ပထမအကြိမ်ရောက်ရှိခဲ့သည့် အခြေ အနေထက် အဆများစွာ တိုးတက်နေသည်ကို တွေ့ရပါကြောင်း၊ ကျေးရွာတွင်း၊ ရွာပြင်လမ်းများ ဖေါက်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အားသွယ်တန်းခြင်း၊ သောက်သုံးရေ ဖြန့်ဝေပေးခြင်းများကို နိုင်ငံတော်နှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ခဲ့မှု၏ အသီးအပွင့်များကို ဒေသခံပြည်သူများခံစားနေရပြီ ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ဒေသဖွံ့ဖြိုး ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့်အတူ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံကူးသန်းရောင်းဝယ် ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေးကို အထောက်အကူပြုစေမည့် မယ်စဲ့နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားရန်လိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းဒေသဖွံ့ဖြိုးရေး ဆောင်ရွက် ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတက တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများ၏ သိမ်းဆည်းမြေဆိုင်ရာ တင်ပြချက်နှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရက ပြန်လည်ရှင်းလင်း ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကယားပြည်နယ် လွိုင်ကော်မြို့မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ညပိုင်းတွင်နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။