ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကယားပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုက်လံကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email





နေပြည်တော် ဇူလိုင် ၁၂



အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့်ဦးတင်မြင့်၊တာဝန်ရှိသူများနှင့်အတူ ယနေနံနက်ပိုင်းတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့်ထွက်ခွာကြပြီး ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲရေလှောင်တမံသို့ ရောက်ရှိကြသည်။



ဒုတိယသမ္မတအား မိုးဗြဲရေလှောင်တမံ ရှင်းလင်းဆောင်၌ ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က မိုးဗြဲ ရေလှောင်တမံဆိုင်ရာအချက်အလက်များနှင့် မိုးဗြဲရေလှောင်တမံအားအခြေပြုပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက မိုးဗြဲရေလှောင်တမံအနီးတွင် ခရီးသွား များခေတ္တ နားနေနိုင်ရေးဆောင်ရွက်ပေးနိုင်ရန်အတွက် မြေနေရာရရှိရေး၊ ဘီလူးချောင်း တစ်လျောက် ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်ရေး၊ မိုးဗြဲရေလှောင် တမံမှ လွိုင်ကော်မြို့သို့သွားရောက်သည့် ကျောက်ခင်းလမ်းအား အဆင့်မြှင့်တင် ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။



တင်ပြချက်များအပေါ် ဒုတိယသမ္မတက ယခုအခါပုဂံဒေသမှာ ကမ္ဘာ့ရှေး ဟောင်းအမွေအနှစ်စာရင်းတွင် ထည့်သွင်းသတ်မှတ်ခံရပြီဖြစ်ရာမြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများပိုမိုဝင်ရောက်လာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိုးဗြဲရေ လှောင်တမံ ရေထိန်းတံခါးအသုံးပြု၍ ကယားပြည်နယ် လွိုင်ကော်မှ ရှမ်းပြည်နယ် အင်းလေးဒေသသို့ ရေလမ်းခရီးဖြင့် ပြည်တွင်း၊ပြည်ပခရီးသွားများ သွားရောက်နေ ပြီဖြစ်ရာ ယခုရေလှောင်တမံသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် တစ်ဘက်မှ အကျိုးပြုနေသဖြင့် ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ပြီး ရေထိန်းတံခါးများကြံ့ခိုင်ရေး နှင့်အဖွင့်အပိတ်အား စနစ်တကျကြီးကြပ် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုနှစ်တွင် မုတ်သုံအဝင်နောက်ကျပြီး မုတ်သုံအထွက်စောနိုင်မည်ဖြစ်သည့်အတွက် ရေဝင်ရောက်မှုနည်းနိုင်ကြောင်း၊ ထို့ကြောင့် ဝင်ရောက်သည့်ရေကို စနစ်တကျ ထိန်းသိမ်း သွားနိုင်ရန် ဆည်ရေကိုစီမံခန့်ခွဲနေသည့် ဝန်ထမ်းများ သာမကရေအသုံးပြု ပြည်သူများကို လည်းရေကိုအလေအလွင့်မရှိ စနစ်တကျထိရောက် အကျိုးရှိစွာ အသုံးပြုနိုင်စေရေး အသိပညာပေးခြင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုပုံစံပြောင်းလဲလာခြင်းနှင့် ဆည်တမံများ၏ သက်တမ်း များကို ထည့်သွင်းစဉ်းစား၍ ဆည်တမံများ ကြံ့ံခိုင်ရေးကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မပြတ်စောင့်ကြည့်ရန်လိုကြောင်း မှာကြားသည်။



ထို့နောက် ဒုတိယသမ္မတသည် ရေပိုလွဲှအဆောက်အအုံပေါ်မှ စက်လှေဆိပ်ပြု လုပ်သည့်ရေထိန်းတံခါးနေရာနှင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုကို ကြည့်ရှုသည်။



မိုးဗြဲရေလှောင်တမံသည် ဘီလူးချောင်းမှ စီးဆင်းလာသည့်ရေကို ထိန်းသိမ်း သိုလှောင်၍ လောပိတရေအားလျှပ်စစ်စက်ရုံ (၃)ရုံ ပုံမှန်လည်ပတ်ပြီး လျှပ်စစ်ဓာတ် အား ထုတ်လုပ်နိုင်ရန်ရေပေးဝေလျက်ရှိကာ ဒေသခံ ပြည်သူများကိုလည်း စိုက်ပျိုးရေ လုံလောက်စွာပေးဝေလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ယခုအခါ မိုးဗြဲရေလှောင် တမံရေထိန်းတံခါးများမှ စက်လှေများဖြတ်သန်း၍ သွားလာနိုင်သဖြင့် ဒေသခရီး သွားလုပ်ငန်း ဖွံ့ဖြိုးရေးကိုလည်းအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။



ယင်းနောက် ဒုတိယသမ္မတသည် လွိုင်လင်လေးမြို့၊ ထီးစဲခါးကျေးရွာရှိ ထီးစဲခါးရေတံခွန်သို့ရောက်ရှိပြီး ရေတံခွန်အားအခြေပြု၍ ခရီးသွားများ လာရောက်လည်ပတ် အပန်းဖြေနိုင်ရန် ဆောင်ရွက်ထားရှိမှုအားလိုက်လံကြည့်ရှုသည်။



အဆိုပါ ထီးစဲခါးရေတံခွန်သို့ ပွင့်လင်းရာသီတွင် ခရီးသွားများတစ်ရက်လျင် ၁၀၀၀ကျော်လာရောက်လည်ပတ်အပန်းဖြေကြကြောင်းသိရသည်။



ထို့နောက် ဒုတိယသမ္မတသည် ဒီမောဆို့မြို့နယ် ပန်ပက်ကျေးရွာအုပ်စု ရွမ်းကူးကျေးရွာသို့ ရောက်ရှိရာ ဒေသခံကယန်းတိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာအက များဖြင့် ကြိုဆိုကြပြီး ဒုတိယ သမ္မတက ရိုးရာယဉ်ကျေးမှု ပစ္စည်းအရောင်း ဆိုင်များနှင့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်ထားမှုအားလိုက်လံကြည့် ရှုသည်။



ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဒေသခံကယန်းတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။



ပန်ပက်ကျေးရွာအုပ်စုသည် ယခင်ကသာမန် မိရိုးဖလာလုပ်ငန်းများကိုသာ လုပ်ကိုင်ခဲ့ကြရာ ၂၀၁၆ခုနှစ်မှ စတင်ပြီး ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ကြောင်း။ ထိုသို့လုပ်ကိုင်မှုများကြောင့်ယခုအခါ ပန်ပက် ကျေးရွာအုပ်စု မှ စလုံး၊ ရွမ်းကူး၊ ကတဲကူ၊ ပင်မဆောင်၊ ဒေါကီးကျေးရွာများသို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ တစ်နှစ်လျင် တစ်သောင်းကျော်လာရောက်၍ ကယန်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံများကို လာရောက်လေ့လာလျက်ရှိရာ ဒေသခံ များ အလုပ်အကိုင် ရရှိလျက်ရှိကြောင်း သိရသည်။



နိုင်ငံတော်အနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပန်ပက်ကျေးရွာအုပ်စု ရွမ်းကူး၊ ကတဲကူ၊ ဆောင်လူးကနား၊ ပင်မဆောင်၊ ဒုန်းကဲ၊ သန်းကူးကျေးရွာများနှင့် ၂၀၁၈-၂၀၁၉ခုနှစ်တွင် ပန်ပက်ကျေးရွာအုပ်စု ယဉ်ကျေးမှုဆိုင်တန်း၊ ပေါ်ကူး၊ ပရိုက်ကူ၊ လင်ဆောင်ဒေး(၁)နှင့်(၂) ကျေးရွာများအားလျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။



ထို့ပြင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ၂၀၁၆-၂၀၁၇ခုနှစ်တွင် ပန်ပက် ကျေးရွာအုပ်စုမှ ကျေးရွာ (၇)ရွာအားရွာတွင်းလမ်းများ ကျောက်ချောလမ်းခင်းခြင်း၊ ကတ္တရာ လမ်းခင်းခြင်းနှင့် ရေပြွန်တည်ဆောက်ခြင်းများကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ခုနှစ်တွင် ပန်ပက်ကျေးရွာ အုပ်စုမှ ကျေးရွာများအား တစ်နေ့လျင်ရေဂါလံ ၃၀၀၀၀ ကျော်ပေးဝေနိုင်သည့် ရေပေးဝေရေးလုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



ယင်းနောက် ဒုတိယသမ္မတသည် ငွေတောင်ဆည်သို့ရောက်ရှိ၍ ဆည်အတွင်း ရေဝင်ရောက်မှုအခြေအနေကို ကြည့်ရှုရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေလွင်က ငွေတောင်ဆည်ဆိုင်ရာ အချက် အလက်များနှင့်ငွေတောင်ဆည်မှ ဒေသခံပြည်သူများအား စိုက်ပျိုးရေ နှင့် သောက်သုံး ရေ လုံလောက်စွာပေးရေး ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်း တင်ပြ သည်။



ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် လွိုင်ကော်မြို့အတွင်း ခရီးသွား လုပ်ငန်းဖွံ့ ဖြိုးရေးဆောင်ရွက်ထားသည့် ဘီလူးချောင်းအတွင်း စက်လှေဖြင့်လိုက်လံ ကြည့်ရှုသည်။