ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၁၉ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၁၉ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂၀၁၉ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးစီးကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးကြည်မင်း၊ ဦးကျော်မျိုး၊ ဒေါက်တာ ထွန်းနိုင်နှင့် ဦးမောင်မောင်ဝင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီ(၁၀)ခုမှ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အစည်းအဝေးကို ဖွင့်လှစ်သည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ် ဇွန် ၂၄ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၈ / ၂၀၁၉ ဖြင့် "ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ"ကို (၁၂)ဦးဖြင့်လည်းကောင်း၊ "ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ"ကို (၁၈)ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်း တာဝန် (၄)ရပ်ချမှတ်ပေးထားပါကြောင်း၊ ဦးစီးကော်မတီ၏ လမ်းညွှန်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးနှင့် ဌာနများ အချင်းချင်းပေါင်းစပ်ညှိန်ှိုင်းဆောင်ရွက်နိုင်ရန် အတွက် ဦးစီးကော်မတီမှ ဆပ်ကော်မတီ ၁၀ ခုကို လုပ်ငန်းတာဝန်များသတ်မှတ်ကာ ဖွဲ့စည်း ထားပြီးဖြစ်ပါကြောင်း။

ဗုဒ္ဓဘုရားရှင်လက်ထက် ဗုဒ္ဓသာသနာအစောပိုင်းကာလတွင် မြတ်စွာဘုရားရှင် သည် ရဟန်းသံဃာတော်များအား သုံးထည်သောသင်္ကန်းကိုသာ ဝတ်ရုံသုံးစွဲရန် ခွင့်ပြုတော် မူခဲ့ပါကြောင်း၊ မြတ်စွာဘုရားရှင် သတ်မှတ်ခွင့်ပြုပေးတော်မူခဲ့သော ဝါတွင်းကာလသည် မိုးတွင်း ကာလဖြစ်သဖြင့် ခရီးသွားရင်း မိုးမိခဲ့ပါက ရေစိုသင်္ကန်း လဲလှယ်ဝတ်ရုံရန် အပိုသင်္ကန်း မရှိသောကြောင့် ရဟန်း သံဃာတော်များ အဆင်ပြေစေရန်အတွက် သာဝတ္ထိပြည်၊ ပုဗ္ဗာရုံ ကျောင်း အမကြီး ဝိသာခါ က ဘုရားရှင်ထံ "မိုးရေခံသင်္ကန်း" ဆက်ကပ်လှူဒါန်းခွင့် လျှောက်ထားရာမှ မိုးရေခံသင်္ကန်းသုံးစွဲခွင့်ကို ဘုရားရှင်က ဝိနည်းသိက္ခာပုဒ် နှစ်ခု ပညတ်၍ သုံးစွဲရမည့်ကာလနှင့် အတိုင်းအတာ အရွယ်အစား ပမာဏတို့ကို ခွင့်ပြုပေးတော်မူခဲ့ပါကြောင်း။

ထိုကဲ့သို့ မိုးရေခံသင်္ကန်း လှူဒါန်းလေ့ရှိခဲ့ကြရာမှ နောင်တွင် ဝါတွင်းသုံးလ ဝါဆိုဝါကပ် တော်မူကြသော ရဟန်းတော်တို့အား လှူဒါန်းကြသည့်အတွက် "ဝါဆိုသင်္ကန်း" ဟူသော အခေါ် အဝေါ်ကို ပြောင်းလဲသုံးစွဲလာကြပါကြောင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့အတွက် ဝါဆိုပွဲတော်တစ်ခုဖြစ်ပြီး ဝိနည်းတရားတော်နှင့်အညီ လှူဒါန်းခွင့်ရသည့် သင်္ကန်းအလှူဖြစ်သောကြောင့် မွန်မြတ်သည့်အလှူ ဟု ခေါ်ဆိုရမည်ဖြစ်ပါကြောင်း၊ မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူအပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသောပစ္စည်း တို့တွင် သင်္ကန်း လှူဒါန်းကြရသူများသည် "ရွှေရောင်အဆင်း၊ ညစ်ကြေးကင်း၍၊ ပြေပြစ်ခန္ဓာ၊ ရှိန်အဝါနဲ့၊ ကမ္ဗလာစသား၊ ဝတ်ထည်များကို၊ ဆင်မြန်းရခြင်း" စသော အကျိုးထူးများ ခံစားရရှိနိုင်ပြီး မျက်မှောက်ဘဝ၌ပင် သောတာပန်နှယ် ဂုဏ်ရည်ကြွယ်၍ အပါယ်ဘေးမှ လွတ်ကင်းနိုင်ကြောင်းလည်း ကျမ်းဂန်အဆိုအမိန့်များအရ သိရှိရပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသော သံဃာ့ဥသျှောင် ဆရာတော်ကြီးများအား နှစ်စဉ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းသည် မြတ်စွာ ဘုရားရှင်က ဝိနည်းတော်နှင့်အညီ ခွင့်ပြုပေးတော်မူခဲ့သည့်အတွက် ဗုဒ္ဓအလိုကျ ဆောင်ရွက် ခြင်းလည်းဖြစ်ပါကြောင်း။

ယခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး ၄၇ ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်ကြီး ၉ ပါး၊ စေတိယဟိတကာရက ( ရွှေသုဝဏ် ) ဆရာတော် ၁ ပါး၊ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ဩဝါဒါစရိယဆရာတော် ၁၁ ပါး စုစုပေါင်း ၆၈ ပါး ပင့်ဆောင်မည်ဖြစ်ပါကြောင်း။

နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ တိပိဋကဆရာတော်ကြီးများသည် ရန်ကုန်မြို့မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ကြွရောက်မည်ဖြစ်သည့်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးလေယာဉ်ရရှိရေး၊ ဆရာတော်ကြီးများ လိုက်ပါစီးနင်း သည့်အခါတွင် အဆင်ပြေချောမွေ့စေရေးတို့ကို စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာတော်ကြီးများ သီတင်းသုံးမည့် ကျောင်းဆောင် ၄ ဆောင်တွင် ဆရာတော်ကြီးများ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် သီတင်းသုံးနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်စီစဉ်ဆောင်ရွက် ပေးရန်၊ ဝေယျာဝစ္စဆောင်ရွက်မည့် ကပ္ပိယကာရကများကိုလည်း စနစ်တကျတာဝန်ပေးအပ်သွားရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ် တင့်တယ်စေရေးတို့ကို ယခင်နှစ်များနည်းတူ စီစဉ်ပေးရန် လိုအပ်ပါကြောင်း။

အခမ်းအနားကျင်းပမည့်နေ့ရက်မတိုင်မီ ဆရာတော်ကြီးများ ကြိုတင်ရောက်ရှိစဉ်၌ အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ရာတွင်လည်းကောင်း၊ အခမ်းအနားနေ့၌ ဆရာတော်ကြီး များကို ဆွမ်းဆက်ကပ်ပြီး လူပုဂ္ဂိုလ်များကို ဧည့်ခံကျွေးမွေးရာတွင်လည်းကောင်း သန့်ရှင်း လတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် "ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ"နှင့် "ကျန်းမာရေးဆပ်ကော်မတီ"တို့က ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ "ကျန်းမာရေးဆပ်ကော်မတီ"အနေဖြင့် ဆရာတော်ကြီးများအား တစ်ပါးချင်းစီ၏ ကျန်းမာရေးကို အထူးဂရုပြုစစ်ဆေးပေးရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဆွမ်းကွမ်းချက်ပြုတ်မှု များဖြစ်အောင် စစ်ဆေးဆောင်ရွက်ပေးစေလိုပါကြောင်း။

အခမ်းအနားကျင်းပနေပုံများကို ယခင်နှစ်များနည်းတူ LED Board တပ်ဆင်ပြသနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးရန်၊ လုံခြုံရေးနှင့်စပ်လျဉ်း၍ စနစ်တကျ စီမံချက်များ ရေးဆွဲပြီး လစ်ဟာမှုမရှိအောင် အလေးထားဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီ များကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား သည် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည့်အားလျော်စွာ စနစ်တကျကျင်းပနိုင်ရေး စီစဉ်ပေးရန် လိုပါကြောင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်နေကျဖြစ်၍ သက်ဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုရှိပြီး ဖြစ်ပါ ကြောင်း၊ သို့ရာတွင် လုပ်ငန်းများဆောင်ရွက်သည့်အခါ လစ်ဟင်းမှုမရှိစေရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် စနစ်တကျစီမံခန့်ခွဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်ရ မည်ဖြစ်သကဲ့သို့ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများလည်း ပြုလုပ်သွားရန်လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက် မည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို နှင့် ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးကြည်မင်းတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းမှုကို ရှင်းလင်းတင်ပြကြ သည်။

ဆက်လက်၍ "အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ"ဆိုင်ရာ ကိစ္စရပ်များ၊ "ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ"ဆိုင်ရာ ကိစ္စရပ်များနှင့် "လှူဖွယ်ပစ္စည်းများပြင်ဆင်ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီ"ဆိုင်ရာကိစ္စရပ်များကို သာသနာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး ကလည်းကောင်း၊ "သံဃာတော်များ ပင့်ဆောင်ရေး နှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ"ဆိုင်ရာကိစ္စရပ်များနှင့် "ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံ ကျွေးမွေးရေးဆပ်ကော်မတီ"ဆိုင်ရာကိစ္စရပ်များကို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေ ကလည်းကောင်း၊ "ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ"ဆိုင်ရာ ကိစ္စရပ်များကို အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုး ကလည်းကောင်း၊ "သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ်ကော်မတီ"ဆိုင်ရာကိစ္စရပ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင် ကလည်းကောင်း၊ "ကျန်းမာရေးဆပ်ကော်မတီ"ဆိုင်ရာ ကိစ္စရပ်များကို ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်သီတာလှ က လည်းကောင်း၊ "ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရဝဏ်စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေး ဆိုင်ရာ အခင်းအကျင်းပြင်ဆင်ရေးဆပ်ကော်မတီ"ဆိုင်ရာကိစ္စရပ်များကို ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးထွန်းကြည် ကလည်းကောင်း၊ "လုံခြုံရေးဆပ် ကော်မတီ"ဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ ကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဦးစီးကော်မတီ နာယက ဒုတိယသမ္မတက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" ၃ ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။