ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး အာဇာနည်နေ့ အခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး အာဇာနည်နေ့ အခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု



ရန်ကုန် - ဇွန် ၂၈



၂၀၁၉ ခုနှစ်၊ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၉နာရီတွင် ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်ရှိ အာဇာနည်ဗိမာန်ကွပ်ကဲရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက ္အမှာစကားပြောကြားသည်။



ညှိနှိုင်းအစည်းအဝေးသို့ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်မြင့်နွယ်နှင့် ဦးကြည်မင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။



ရှေးဦးစွာ ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ ကျင်းပသည့် အစည်းအဝေးသည်  ၂၀၁၉ခုနှစ်၊ (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါ ကြောင်း၊ ယခုနှစ်တွင် ကျင်းပမည့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အဆင်ပြေ ချောမွေ့စွာကျင်းပနိုင်ရေးအတွက် (၇၂)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၊လုပ်ငန်းကော်မတီ၊ လုံခြုံရေးကော်မတီနှင့် ဆပ်ကော်မတီ (၈)ခုတို့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီများနှင့် ဆပ်ကော်မတီများ အနေဖြင့်လည်းသတ်မှတ်ပေး ထားသည့် လုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးရေး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း။  



(၇၂)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရန်အတွက် ဗဟို ကော်မတီ၏ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဇွန်လ (၆)ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၂၄)ချက်ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ချမှတ်ထားသည့် လုပ်ငန်းတာဝန်များ ကိုသတ်မှတ်ချိန်အတွင်း အမြန် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် “(၇၂)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီများ”အစည်းအဝေးကို ဇွန်လ (၂၀) ရက်နေ့တွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဦးဆောင် ၍လည်းကောင်း၊ ဇွန်လ(၂၄)ရက်နေ့တွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်၍လည်းကောင်း အစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း ပြီးစီးရေး အမြန်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြား လိုပါကြောင်း။



အာဇာနည်နေ့အခမ်းအနားကိုနိုင်ငံ၏ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသည့် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်အတူကျဆုံးခဲ့သည့် ခေါင်းဆောင်ကြီးများ ၏ စွန့်လွှတ်အနစ်နာခံဆောင်ရွက်ခဲ့မှုများနှင့် ကျေးဇူးတရားများကို မမေ့မလျော့စေရန်အတွက် နှစ်စဉ်ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ လွတ်လပ်ရေးသည် အသက်သွေးချွေးများကို စတေးပြီးမှ ခက်ခက်ခဲခဲရယူခဲ့ရသည်ကို နောင်လာနောက်သားများ သိရှိစေရန်နှင့် မျိုးချစ် စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း။



အာဇာနည်နေ့အခမ်းအနားသည် နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်နေကျ ဖြစ်သော်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုအနှစ်သာရပြည့်၀အောင် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အသီးသီး၌ ပိုမိုလှုပ်ရှားအသက်ဝင်အောင် စနစ်တကျ ဆောင်ရွက် သွားကြရန် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၆၊ ၁၇၊ ၁၈ ရက်နေ့များတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ အာဇာနည်နေ့နှင့် သက်ဆိုင်သည့် တေးသီချင်းများနှင့် တွေ့ဆုံမေးမြန်းမှု အစီ အစဉ်များစသည်တို့ကို အသံချဲ့စက်အသုံးပြု၍ သတ်မှတ်ဥပဒေနှင့်အညီ အများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် နှိုးဆော်ဆောင်ရွက်သွားရန် ညွှန်ကြား ထားပြီး ဖြစ်ပါကြောင်း။



“ပြန်ကြားရေးဝန်ကြီးဌာန” အနေဖြင့်လည်း အာဇာနည်နေ့နှင့် သက်ဆိုင်သည့် အကြောင်း အရာများကို ပြည်သူများသိရှိနိုင်ရန်အတွက် ယခင်နှစ်များနည်းတူ သတင်း ဆောင်းပါးများ၊ တွေ့ဆုံမေးမြန်းမှုအစီအစဉ်များ၊ ဗိုလ်ချူပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ သီချင်းများ၊ လွတ်လပ် ရေးရရှိအောင်ကြိုးပမ်းခဲ့သည့် မှတ်တမ်းများ၊ ဓာတ်ပုံများ၊ ရုပ်ရှင်များ စသည် တို့ကိုသတင်းစာ၊ ရုပ်မြင်သံကြားနှင့်ရေဒီယိုများတွင် ကြိုတင်ထုတ်လွှင့်န်ိုင်ရေး စီမံ ဆောင်ရွက်သွားရန်နှင့် “ပညာရေးဝန်ကြီးဌာန” အနေဖြင့်လည်း တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံ ပညာအဆင့် ကျောင်းများတွင်  အာဇာနည်နေ့နှင့်သက်ဆိုင်သည့် စာစီစာကုံး ပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပပြုလုပ်သွား ကြရန် ညွှန်ကြားထားပြီးဖြစ် ပါကြောင်း။



(၇၂)နှစ်မြောက်အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများ အားရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယခင်နှစ်များနည်းတူ နေပြည်တော်နှင့်ရန်ကုန်မြို့တို့တွင်  ကျင်းပ ပြုလုပ်မည်ဖြစ်သဖြင့် နိုင်ငံတော်အဆင့်ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် လိုအပ်သည်များကို အသေးစိတ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွား ကြစေလိုပါကြောင်း၊  ထို့အပြင် အခမ်းအနားများတွင် ဧည့်ခံကျွေးမွေးမည့်  အစားအသောက်များ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင်စနစ်တကျ စစ်ဆေးကြပ်မတ် ဆောင်ရွက် သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။



အာဇာနည်ဗိမာန်တွင် ကျင်းပမည့်အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက် လာကြ မည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များအပါအဝင် တက်ရောက်လာ ကြသူ များကို ကြိုဆိုနေရာချထားခြင်းအပိုင်းနှင့် ဂါရ၀ပြုခြင်းအပိုင်းတို့တွင် လစ်ဟာမှု မရှိစေရေး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဝင်အထွက် အချိန်ကိုက်ဖြစ်စေရေးတို့အတွက် စေ့စပ်သေချာစွာ စီမံဆောင်ရွက်သွားရန်နှင့် စနစ်ကျပြီး အချိန်ကိုက်ဖြစ်အောင်  ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်း များကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင်ကြိုတင် ဇာတ်တိုက် လေ့ကျင့်သည့် ရက်များနှင့် အခမ်းအနားကျင်းပသည့် ရက်များတွင် ကားလမ်းများ ပိတ်ဆို့မှု မဖြစ်အောင် လမ်းလွှဲများ စီမံဆောင်ရွက်ပေးထားရန်နှင့် ပြည်သူလူထုကိုလည်း ကြိုတင် အသိ ပေးထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။



နိုင်ငံတော်အကြီးအကဲများ တက်ရောက်သော အခမ်းအနားဖြစ်သည့်အတွက် တက်ရောက် ဂါရ၀ပြုသည့်အခါ ပြည်ထောင်စုအင်္ဂါစဉ်နှင့်အညီ စီစဉ်ဆောင်ရွက်ရန်နှင့် နိုင်ငံခြား သံရုံး များကိုလည်း ဝါစဉ်အတိုင်း စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင်မိုးရာသီ ဖြစ်သည့်အတွက် ဂါရ၀ပြုသူများ အဆင်ပြေချောမွေ့စေရေး လိုအပ်သည်များကို ကြိုတင်စီမံ ဆောင်ရွက်ထားရမည်ဖြစ်ပြီး ပြည်သူများ လာရောက်ဂါရ၀ပြု လေ့လာကြည့်ရှုနိုင်မည့် အချိန် နှင့် ဆောင်ရန်ရှောင်ရန် အချက်များကိုလည်း ကြိုတင်သိရှိနိုင်ရေးအတွက် ရုပ်မြင်သံကြား၊ သတင်းစာများနှင့်ရေဒီယိုများမှတစ်ဆင့်ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာပေးသွားရမည် ဖြစ်ပါကြောင်း။



အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)၌ ကျင်းပမည့်အလံတင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးစနစ်တကျစုဖွဲ့၍ ကြိုတင်ဇာတ်တိုက် လေ့ကျင့်သွား ကြရန်၊ “တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးခန်းမ”ကို ယခင်အတိုင်း ပြန်လည် ခင်းကျင်း ပြသနိုင်ရေးမွမ်းမံပြင်ဆင်ဆောင်ရွက်သွားကြရန်နှင့် “အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရသည့်အခန်း”ကိုလည်း ယခင်နှစ်များအတိုင်း ပြသနိုင်ရေးစီမံ ဆောင်ရွက်သွားကြစေလို ပါကြောင်း။



ထို့အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သည့် အသုံး အဆောင်ပစ္စည်းများကို ယခင်နှစ်များအတိုင်းခင်းကျင်းပြသနိုင်ရေး၊ ခြံဝန်းအတွင်း သန့်ရှင်း သပ်ရပ်တင့်တယ်စေရေး၊ ဗိုလ်ချုပ် အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်ကကဲ့သို့ ရာသီသီးနှံများ စိုက်ပျိုးထားရှိရေးနှင့် အဆောက်အအုံ၏ ကြံ့ခိုင်မှုအပေါ် မူတည်ပြီး ဝင်ရောက်လေ့လာသူများ အဆင်ပြေစေရေးအတွက် စနစ်တကျစီမံ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။  



နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည့် အတွက်လုံခြုံရေးအပိုင်းကို အထူးအလေးထား ဆောင်ရွက်ရန်နှင့် လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် လုံခြုံရေးလုပ်ငန်း တာဝန် (၁၂)ချက်နှင့် အညီ စနစ်တကျ စီမံချက်များရေးဆွဲကာ လစ်ဟာမှုများမရှိအောင် ဟန်ချက်ညီညီ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။



(၇၂)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပေါ် ပြန်လည်သုံးသပ်ပြီး လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများ အချင်းချင်းပေါင်းစပ် ညှိနှိုင်းကာ ချို့ယွင်းအားနည်းချက်များမရှိစေရန် စနစ်တကျဆောင်ရွက် သွားရမည်ဖြစ် ပါကြောင်း၊ ယခုအစည်းအဝေးတွင် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီ များမှ တာဝန်ရှိသူများ အနေဖြင့်သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ တွေ့ကြုံ ရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ပေးကြ ရန်ပြောကြားသည်။



ထို့နောက်(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်း များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။



ဆက်လက်၍ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အာဇာနည်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ၏ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။



ယင်းနောက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကြည်မင်းက အာဇာနည်နေ့ အခမ်းအနားကို မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အသီသီးတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကော်မတီများနှင့် ဆပ်ကော်မတီများ၏ ပူးပေါင်းဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။



ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်  ရဲဗိုလ်ချုပ် မျိုးဆွေဝင်းနှင့် ရဲမှူးချုပ် တင်ကိုကိုတို့က လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။



ယင်းနောက် “အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ”အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် တွဲဖက်အတွင်းရေးမှူး ဦးတင်မောင်ကြည်၊ “ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ” ဥက္ကဋ္ဌ ဦးဇော်အေးမောင်နှင့် အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ “ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ပြသရေး ဆပ်ကော်မတီ” အတွင်းရေးမှူး ဦးကျော်ဦးလွင်၊  “လွမ်းသူ့ ပန်းခွေချအလေးပြု အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ” ဥက္ကဋ္ဌ ဦးဟံထွန်းနှင့် အတွင်းရေးမှူး ရဲမှူးချုပ် မျိုးမင်းထိုက်၊ “ကျန်းမာရေး ဆပ်ကော်မတီ” မှ ဒေါက်တာ ခင်ဇော်၊ “စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ” ဥက္ကဋ္ဌ ဗိုလ်မှူးကြီးအောင်စိုးမိုး၊ “ဆွမ်းဆက်ကပ်ရေး နှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီနှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အလံတင် အခမ်းအနား ကျင်းပရေးဆပ်ကော်မတီ”ဥက္ကဋ္ဌ ဦးမောင်မောင်စိုးနှင့် အတွင်းရေးမှူး ဦးသန်း တို့က သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။



ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး သန်းထူးဇော်တို့က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။



ယင်းနောက် တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။



ဆက်လက်၍ ဗဟိုကော်မတီနာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တာဝန်ရှိသူများ လိုက်ပါလျှက် အာဇာနည် ဗိမာန်သို့ သွားရောက်ပြီး အာဇာနည်နေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုသည်။



ထို့နောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်သို့ ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများ ခင်းကျင်းပြသ ထားရှိမှုအခြေအနေ၊ ပြတိုက်အဆောက်အအုံ မွမ်းမံပြင်ဆင်ထားရှိမှု အခြေအနေနှင့် ခြံဝန်းအတွင်း ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။



ယင်းနောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) သို့ရောက်ရှိပြီး လွတ်လပ်ရေးရသည့်နေ့တွင် ယူနီယံဂျက် အလံကိုဖြုတ်ချ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်တင်ခဲ့သည့် အလံတိုင် နေရာ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းဝင် မော်ကွန်းကျောက်စာတိုင်နေရာ၊ တိုင်းပြု ပြည်ပြုလွှတ်တော်အစည်းအဝေးခန်းမနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အခန်းတို့ကို အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရေးအတွက် မွမ်းမံပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုခဲ့သည်။