နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့်မွေးနေ့မင်္ဂလာအခမ်းအနားသို့ တက်ရောက်

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့်မွေးနေ့မင်္ဂလာအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇွန် ၁၉

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို တို့သည် ယနေ့တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I – 12) ၌ ကျင်းပပြုလုပ်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့် မွေးနေ့မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် ဇနီး ဒေါက်တာ စိန်စိန်သိမ်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့် ၎င်းတို့၏ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၄)နှစ်ပြည့် မွေးနေ့ မင်္ဂလာအခမ်းအနားကျင်းပမည့် လွှတ်တော်ရေးရာဆောင် (I – 12) သို့ ရောက်ရှိရာ တက်ရောက်လာကြသူများက ကြိုဆိုနှုတ်ဆက်ကြပြီး မွေးနေ့ဆုတောင်းပေးကြသည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ၎င်း၏ (၇၄)နှစ်ပြည့်မွေးနေ့ အထိမ်း အမှတ်နှုတ်ခွန်းဆက်စကားပြောကြားပြီး မွေးနေ့မင်္ဂလာကိတ်မုန့်များကို လှီးဖြတ်ကာ ဝေငှခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် ကျွေးမွေးခြင်း၊ (၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ချိုးငှက်များလွှတ်ခြင်း စသည့် အလှူဒါနများ ပြုလုပ်သည်။

 

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် (၇၄) နှစ် ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားများ ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနများသို့ တက်ရောက်၍ မွေးနေ့အထိမ်းအမှတ် ကိတ်မုန့်များကို ဝေငှ ကျွေးမွေးခြင်းနှင့် မွေးနေ့အထိမ်းအမှတ် ဆုမွန်ကောင်းတောင်းခြင်းများပြုလုပ်ကြသည်။