ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (၂/၂၀၁၉)အစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၇

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(၂/၂၀၁၉)အစည်းအဝေးကိုယနေ့နံနက်၉နာရီတွင်နေပြည်တော်ရှိလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာအမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ကော်မတီဝင်များဖြစ်ကြသည့်ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီဥက္ကဌနှင့်တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ဒုတိယဝန်ကြီးများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးအဖွဲ့ဥက္ကဌနှင့် အတွင်းရေးမှူး၊ဝန်ကြီးဌာန များမှ အမြဲတမ်းအတွင်းဝန်များ၊ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင်အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ယခုအစည်းအဝေးတွင်မိုးရာသီကာလ၌ ဖြစ်ပွား နိုင်သည့်သဘာ၀ဘေးအန္တရာယ်များ၊ကြိုတင်ခန့်မှန်း၍မရနိုင်သည့်ငလျင်ဘေး အန္တရာယ်နှင့်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့မှပညာရှင်များ၏အကြံပြု ချက်များနှင့်ပတ်သက်ပြီးအဓိကထား ဆွေးနွေးသွားလိုကြောင်း၊ထို့ပြင်အခြားအရေးကြီး သည့်ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ပေါင်းစပ်ညှိနှိုင်းပေးရမည့်လုပ်ငန်းများကျန်ရှိနေပါက ဆွေးနွေးတင်ပြကြရန်ပြောကြားလိုကြောင်း။

ယနေ့ကာလကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် သဘာ၀ ဘေးအန္တရာယ်များပိုမိုများပြားလာခြင်း၊ပိုမိုအင်အားပြင်းထန်လာခြင်းတို့သည်ထူးခြားစွာခံစားလာရသည့်ဘေးအန္တရာယ်များမဟုတ်တော့ဘဲကမ္ဘာပေါ်တွင်ပုံမှန်ဖြစ်ပေါ်ခံစားလာရသည့်ဘေးအန္တရာယ်များဖြစ်လာနေသည်ကိုအားလုံးမြင်တွေ့သိရှိနေရပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့်မုတ်သုံကာလတိုတောင်းလာပြီးမိုးရွာသွန်းမှုပုံစံများပြောင်းလဲလာခြင်း၊ဆိုင်ကလုန်းမုန်တိုင်းများပိုမိုဖြစ်ပေါ်လာခြင်း၊ အပူချိန်လွန်ကဲမှုများဖြစ်လာခြင်း၊ လေပြင်းတိုက်ခတ်မှုများ၊မိုးသီးကြွေမှုများ၊ မိုးကြိုးပစ်မှုများပိုမိုများပြားလာခြင်း၊ ရေကြီးရေ လျှံမှုများနှစ်စဉ်ဖြစ်လာခြင်းစသည်ဖြင့် ဘေးအန္တရာယ်များ ပိုမိုရင်ဆိုင် ကြုံတွေ့နေရသည်ကိုအားလုံးသိရှိကြပြီးဖြစ်ပါကြောင်း။

သဘာ၀ဘေးစီမံခန့်ခွဲသူများအနေဖြင့်ဘေးအန္တရာယ်များ၏ပြုပြင်ပြောင်းလဲလာ သောသဘောသဘာဝများကိုမျက်ခြေမပြတ်လေ့လာသိရှိနေရန်၊အစဉ်အမြဲ နိုးနိုး ကြား ကြား ရှိနေရန်၊ရင်ဆိုင်တုံ့ပြန်နိုင်ရေးအဆင့်သင့်ဖြစ်နေရန်၊ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်း အစီအမံများအပြင်ရေရှည်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက် ရန်လိုအပ်ပါကြောင်း။

ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့၌၂၀၁၉ခုနှစ်မေလ၁၃ ၇က် မှ ၁၇ ရက် ထိကျင်းပ ခဲ့သည့်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဆဌမအကြိမ်မြောက်ညီလာခံတွင်လည်းကမ္ဘာ့နိုင်ငံပေါင်း(၁၈၂)နိုင်ငံမှကိုယ်စားလှယ် အဖွဲ့များ၊လူမှုရေးအဖွဲ့အစည်း(၁၀၀)ကျော်မှ ကိုယ်စားလှယ်များ၊တက္ကသိုလ်များ၊ စီးပွားရေးအဖွဲ့အစည်းကြီးများမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံမှ လည်း ပါဝင် တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါညီလာခံတွင်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုသည်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာ၀ဘေးလျော့ပါးရေးဆောင်ရွက်မှုအတွက်အရေးပါမှု တစ်ရပ်အဖြစ်ဆက်လက်လုပ်‌ဆောင်သွားရန်သဘောတူခဲ့ကြပါကြောင်း။

ထို့ပြင်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုနှင့်ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် လူထုပါဝင်မှုကိုလည်း ထည့်သွင်းဆောင်ရွက်ကြရန်ဆွေးနွေးခဲ့ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့်လည်းကမ္ဘာ့နိုင်ငံများ၊ရာသီဥတုကြောင့်ထိခိုက်မှုလျော့ပါးရေးဆိုင်ရာအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေသကဲ့သို့ နောင်တွင်လည်းယခုကဲ့သို့စနစ်တကျဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့်သဘာ၀ဘေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင်အားလုံး ပိုမိုပူးပေါင်းကာ ဆောင်ရွက်ချက်များခိုင်မာအားကောင်းလာသော်လည်း သဘာ၀ဘေး များ၏ သဘောသဘာဝများအရအချိန်အခါမရွေး ရင်ဆိုင်ကြုံတွေ့နိုင်သည့် အတွက်ကြိုတင်ပြင်ဆင်မှုနှင့်ရင်ဆိုင်ကြုံတွေ့လာပါက အဆင်သင့်ဖြစ်စေရေးတို့ကို စဉ်ဆက် မပြတ်အားထုတ်ဆောင်ရွက်နေကြရန်လိုအပ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်အား ထုတ်မှုကောင်းခြင်း၏သာဓကအနေဖြင့်အိန္ဒိယနိုင်ငံဩရိဿပြည်နယ်ပူရီမြို့ကို ၂၀၁၉ ခုနှစ်မေ၂ရက်တွင်ဝင်ရောက်ခဲ့သောအလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖန်နီ ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုအမေရိကန်ဒေါ်လာ (၇)ဘီလီယံခန့်ရှိပြီးအဆိုပါပျက်စီး ဆုံးရှုံးမှု များ အတွက်မူလအနေအထားအတိုင်းပြန်လည်ပြုပြင ထူထောင်နိုင်ရန်(၁၀) နှစ်ခန့် အချိန်ယူ ရမည်ဖြစ်ပါကြောင်း။

ထိုကဲ့သို့သောပြင်းထန်ကြီးမားသည့်မုန်တိုင်းဖြစ်သော်လည်း ယင်းပြည်နယ်တွင် သေဆုံး သူဦးရေ သည်(၆၄)ဦးသာရှိသည့်အတွက်အန္ဒိယနိုင်ငံ၏ သဘာဝဘေး တုန့်ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်မှုအပိုင်းအားကောင်းခဲ့သည်ကိုတွေ့ရမည်ဖြစ်ပါ ကြောင်း။

အနီးစပ်ဆုံးရင်ဆိုင်ဖြေရှင်းကြရမည့်မိုးတွင်း ကာလသဘာ၀ဘေးအန္တရာယ်များကို ကြည့်မည်ဆိုပါကမုန်တိုင်းဘေး၊ရေကြီးရေလျှံမှုများ၊လျှပ်တပြက်ရေဘေး၊မိုးကြိုးပစ်ခြင်း၊ မြစ်ကမ်းပါးပြိုမှုများ၊မြေပြိုမှုများပင်ဖြစ်ပါကြောင်း၊မိမိတို့အနေဖြင့်ပြည်သူများဘေးဒဏ် ကြောင့် ထိခိုက်မှုမှလျော့နည်းသက်သာစေရန် ကြိုတင်ပြင်မှုများဆောင်ရွက်ထားရမည့် တာဝန်ရှိပါကြောင်း၊နှစ်စဉ်ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် အတွေ့အကြုံများလည်းရှိပြီးဖြစ် သဖြင့်သက်ဆိုင်ရာဌာနအလိုက်၊ တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များအလိုက် ယခင်အတွေ့အကြုံများအပေါ်အခြေခံပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထား ရမည်ဖြစ်ပါ ကြောင်း။

မိုးလေဝသနှင့်ရာသီဥတုအခြေအနေများ၊ သဘာ၀ဘေးအန္တရာယ်ဖြစ်ပွားနိုင်မှု အခြေအနေများ ကိုအချိန်နှင့်တပြေးညီသတင်းထုတ်ပြန်နိုင်ရန်သက်ဆိုင်ရာ ဌာနများ အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင်ဒေသ အလိုက် သက် ဆိုင်ရာအစိုးရဌာနများကဆောင်ရွက်သကဲ့သို့ လူမှုရေးအဖွဲ့အစည်းများ၊ရပ်မိ ရပ်ဖများ၊စီးပွားရေးလုပ်ငန်းရှင်များ၏အင်အားကိုလည်းရယူပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုတင်ချိတ်ဆက်စီမံထားရှိရမည်ဖြစ်ပါကြောင်း။

သဘာ၀ဘေးလျော့ပါးရေးလုပ်ငန်းများသည်ပြည်သူလူထုမှအစအားလုံးနှင့်သက်ဆိုင်သည့်လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့်အတွက်ပြည်သူများနားလည်သဘော ပေါက်ပြီးပူးပေါင်းပါဝင်လာအောင်စည်းရုံးလှုံ့ဆော်ကြရမည်ဖြစ်ပါကြောင်း၊မိမိတို့တွင်ယခင်အတွေ့အကြုံများစွာရှိပြီးဖြစ်သည့်အတွက်အားနည်းချက်များ၊လိုအပ်ချက်များကိုပြန်လည်သုံးသပ်ပြီးမိမိတို့ဆောင်ရွက်ချက်များသည်ပြည်သူ့လိုအပ်ချက်နှင့်အနီးစပ်ဆုံးကိုက်ညီမှုရှိစေရေးကိုအလေးထားကာအားလုံးပူးပေါင်းအကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်ပါ ကြောင်း။

လာမည့်မိုးရာသီကာလတွင်ဖြစ်ပေါ်နိုင်သည့်ဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ဆောင်ရွက်သကဲ့သို့ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသေးသောငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်ပြီးရင်ဆိုင်တုံ့ပြန်နိုင်ရေးအမြဲအဆင့်သင့်ဖြစ်နေရန်လိုအပ်ပါကြောင်း၊ထို့ပြင်မိမိတို့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့်အတူလက်တွဲပူးပေါင်း ဆောင်ရွက်နေသည့်သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးအဖွဲ့မှအကြံပြု တင်ပြထားရှိသည့်အကြံပြုချက်များကိုလည်းသက်ဆိုင်ရာဝန်ကြီးဌာနများ၊တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်မိမိတို့ ဆောင်ရွက်နိုင်မှုအခြေအနေအလိုက်တင်ပြ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

အကြံပြုချက်များကိုကြည့်မည်ဆိုပါက ရာသီဥတုပြောင်းလဲမှုနှင့် ရေရှားပါးမှု ဖြစ်စဉ်နှင့် ပတ်သက်သည့်အကြံပြုချက်များ၊ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းအပေါ်အကျိုးသက်ရောက်မှုနှင့် ပတ်သက်သောအကြံပြုချက်များ၊ မုန်တိုင်းဘေး၊မိုးကြိုးဘေး၊မီးဘေး၊လေပြင်းဘေးအန္တရာယ်များနှင့်ပတ်သက်သော အကြံပြု ချက်များကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း။

အဆိုပါအကြံပြုချက်များအရရေတို၊ ရေရှည်ဆောင်ရွက်နိုင်မှုအခြေအနေများ အပေါ်ဆောင်ရွက်ပေးကြရန်နှင့် သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကိုတာဝန်ခွဲဝေ ဆောင်ရွက်နိုင်ရန်လုပ်ငန်းကော်မတီ(၁၂)ခုကိုလည်းဖွဲ့စည်းထားရှိပြီးဖြစ်၍လုပ်ငန်းတာဝန်အလိုက်ဆောင်ရွက်ကြရန်နှင့်အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ(၁၂)ခုတို့လည်း ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားလိုပါကြောင်း။

မိ်မိအနေဖြင့်ယခုမိုးတွင်းကာလတွင် ဖြစ်ပေါ်လာနိုင်သည့်သဘာ၀ဘေးအန္တရာယ် များနှင့်ပတ်သက်ပြီးမိမိတို့ဒေသအတွင်းဖြစ်ပွားလာနိုင်သည့်ဘေးအန္တရာယ်များအတွက်ရင်ဆိုင်တုံ့ပြန်နိုင်ရန်လိုအပ်သည့် အစီအမံများကိုသက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့်တိုင်းဒေသကြီး ၊ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့များအနေဖြင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်၊ပြည်သူလူထုထံလျင်မြန်ထိရောက်သည့်ကြိုတင်သတိပေးချက်များရောက်ရှိစေရန်ကြိုတင်စီမံဆောင်ရွက်ကြရန်၊ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လူအင်အား၊ပစ္စည်းအင်အားကြိုတင်စုဖွဲ့ ဆောင်ရွက်ထားကြရန်၊အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက်မြေပြင်တွင်ဆောင်ရွက်သူများ၊ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်သူများအချိတ်အဆက်မိမိဆောင်ရွက်နိုင်ရေး ကြိုတင်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းများအတွက်လိုအပ်သည့်ပစ္စည်းများ၊ပို့ဆောင်ရေးယာဉ်နှင့်ပို့ဆောင်ရေးလမ်းကြောင်းများကြိုတင်စီမံထားရှိကြရန်၊လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိပြီး သဘာ၀ဘေးကျရောက်ချိန်နှင့်ပြန်လည်ထူထောင်ရေးဆောင်ရွက်ချိန်တွင်အချိတ် အဆက်မိမိပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားသည်။

ထို့အတူအမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်သော် လည်းကောင်း၊နေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များ၏ဘတ်ဂျက်ရန်ပုံငွေဖြင့်သော်လည်းကောင်း၊အလှူငွေများဖြင့်လည်းကောင်းဆောင်ရွက်နေသည့်မုန်တိုင်းဒဏ်ခံအဆောက်အဦများဆောက်လုပ်ခြင်း၊မြစ်ကမ်းပါးထိန်းသိမ်းခြင်းလုပ်ငန်းများ၊မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ၊ရေတွင်းရေကန်တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများစသည့်သဘာ၀ဘေးကြိုတင်ကာကွယ်ရေး၊ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်ဆောင်ရွက်ဆဲအခြေအနေများကိုအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့လုပ်ငန်းဆောင်ရွက် ထားရှိမှုအဆင့်ဆင့်ကိုပုံမှန်တင်ပြပေးရန်ပြောကြားသည်။

ထို့နောက်အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆ်ိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကန်ိုင်ငံတဝန်းသဘာ၀ဘေးအန္တရာယ်များဖြစ်ပွားခဲ့မှု၊သဘာ၀ဘေးအန္တရာယ်များကြောင့်ထိခိုက်သေဆုံး၊ဒဏ်ရာရရှိမှု၊ပျက်စီဆုံးရှုံးနစ်နာခဲ့မှု၊ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့မှု၊သဘာ၀ဘေးကြိုတင်ကာကွယ်ရေး၊ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ပြီးစီးမှုနှင့်ဆောင်ရွက်ဆဲအခြေအနေများကိုရှင်းလင်းတင်ပြသည်။

ဆက်လက်၍အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆ်ိုင်ရာစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးဒုတိယဝန်ကြီးဦးစိုးအောင်ကအမျိုးသားသဘာ၀ဘေးအန္တရာယ်ဆ်ိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၁/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်၁၉ချက်ကိုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ပြည်နယ်နှင့်နေပြည်တော်ကောင်စီတို့မှအကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးမှုအခြေအနေနှင့်အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆ်ိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေစာရင်းရှင်းတမ်းတို့ကိုရှင်းလင်းတင်ပြသည်။

ယင်းနောက်အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆ်ိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ ဖြစ်ကြသည့်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြန်ကြား ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း၊အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်၊ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဦးဟန်ဇော်နှင့်တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့ကသက်ဆိုင်ရာဝန်ကြီးဌာနအလိုက်အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆ်ိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(၁/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များကိုလ်ိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ပြီးစီးမှု၊မြန်မာန်ိုင်ငံအတွင်းသဘာ၀ ဘေးအန္တရာယ် များဖြစ်ပေါ်ခဲ့မှု၊သဘာ၀ဘေးဒဏ်သင့်ဒေသများတွင် ရှာဖွေကယ် ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့်ကူညီထောက်ပံ့ပေးခဲ့မှုအခြေအနေများနှင့် သဘာ၀ဘေးကြိုတင်ကာကွယ်ရေး၊ကြိုတင်ပြင်ဆင်ရေးနှင့်အရေးပေါ်တုန့်ပြန်ဆောင် ရွက်နိုင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ပြီးစီးမှုနှင့်ဆောင်ရွက်ဆဲအခြေအနေများကိုရှင်းလင်းတင်ပြကြသည်။

ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ချင်းပြည်နယ်ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်၊ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊မန္တလေးတိုင်းဒေသ ကြီးဝန်ကြီး ချုပ်ဒေါက်တာဇော်မြင့်မောင်၊မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတို့က ဒေသအလိုက် ရင်ဆိုင်ကြုံ တွေ့ခဲ့ရသည့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာများ၊ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ၊ ကူညီထောက်ပံ့ပေးခဲ့မှုများ၊အခက်အခဲများ၊ လိုအပ်ချက်များ၊သဘာ၀ဘေး အန္တရာယ်လျော့ပါးရေးနှင့်သဘာ၀ဘေးအန္တရာယ်များနှင့်ရင်ဆိုင်ကြုံတွေ့ရပါကထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ခင်နှင့်အတွင်းရေးမှူးဦးချစ်ကျော်တို့ကသဘာ၀ဘေးအန္တရာယ်များဖြစ်ပွားပါကအရေးပေါ်တုံ့ပြန်ရေး၊ပြည်သူလူထုထံလျင်မြန်ထိရောက်သည့်ကြိုတင်သတိပေး ချက်များရောက်ရှိစေရေး၊သဘာ၀ဘေးအန္တရာယ်များလျော့ပါးရေးအတွက်ကြိုတင် ပြင်ဆင်ဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့်အကြံပြုချက်များနှင့်၂၀၁၉ခုနှစ်တွင်ဖြစ်ပေါ်လာနိုင်သည့်မိုးလေဝသခန့်မှန်းချက်နှင့်တိုင်းဒေသကြီး၊ပြည်နယ်များအလိုက်ကြုံတွေ့ရနိုင် သည့်အခက်အခဲနှင့်စိန်ခေါ်မှုများကိုရှင်းလင်းတင်ပြကြသည်။

ယင်းနောက်ဒုတိယသမ္မတ က တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းပေးကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။