နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီ၏ ဒုတိယအကြိမ်ဝန်ကြီးချုပ်သက်တမ်းကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီ၏ ဒုတိယအကြိမ်ဝန်ကြီးချုပ်သက်တမ်းကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်



နယူးဒေလီ မေ   ၃၀



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့်ထွက်ခွာရာအိန္ဒိယသမ္မတနိုင်ငံနယူးဒေလီမြို့သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိကြသည်။



နိုင်ငံတော်သမ္မတနှင့် အဖွဲ့အားအိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနအတွင်းဝန် (ကောင်စစ်ရေးရာ) H.E. ShriSanjivArora၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးမစ္စတာဆော်ရက်(ဘ်)ကူးမား၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် သိန်းဇော်နှင့် တာဝန်ရှိသူများကနယူးဒေလီမြို့ Palamလေတပ်စခန်းလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။



ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Hotel ITC Mauryaသို့ ရောက်ရှိကြသည်။



မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နယူးဒေလီမြို့ရှိ မြန်မာသံအမတ်ကြီးနေအိမ်သို့ ရောက်ရှိပြီး မြန်မာသံရုံးနှင့်စစ်သံရုံးတို့မှ သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို မှာကြားသည်။



ထို့နောက် နိုင်ငံတော်သမ္မတသည် မြန်မာသံရုံးနှင့် စစ်သံရုံး ဝန်ထမ်းမိသားစုများအတွက် လက်ဆောင်ပစ္စည်းများပေးအပ်သည်။



ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အဖွဲ့သည်နယူးဒေလီမြို့ရှိ အမျိုးသားပြတိုက်သို့ရောက်ရှိကြပြီး အိန္ဒိယနိုင်ငံ၏ ခေတ်အဆက်ဆက်သမိုင်းယဉ်ကျေးမှု၊အနုပညာနှင့်အသုံးအဆောင်ပစ္စည်း ပြခန်းတို့ကိုလှည့်လည်ကြည့်ရှု လေ့လာကြသည်။



ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူနယူးဒေလီမြို့ရှိ India Gate သို့ သွားရောက်လေ့လာပြီးအမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။



ညပိုင်းတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အဖွဲ့သည်နယူးဒေလီမြို့ သမ္မတအိမ်တော်(RashtrapatiBhavan)၌ ကျင်းပသည့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီ၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်းကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်သည်။



ကျမ်းသစ္စာကျိန်ဆိုပွဲသို့ သီရိလင်္ကာနိုင်ငံသမ္မတ မစ္စတာမိုင်သရီပါလဆီရီစီနာ၊ ကာဂျစ်စတန်နိုင်ငံသမ္မတမစ္စတာဆော်ရွန်ဘေးဂျန်ဘီကို့ဗ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသမ္မတမစ္စတာမိုဟာမက် အဗ္ဗဒူလ် ဟာမစ်၊ နီပေါနိုင်ငံဝန်ကြီးချုပ် မစ္စတာကေပီရှာမာအိုလီ၊ ဘူတန်နိုင်ငံဝန်ကြီးချုပ် ဒေါက်တာလိုတေးရှားရင်း၊ မော်ရစ်ရှပ်နိုင်ငံဝန်ကြီးချုပ် မစ္စတာပရာဗင့်ကူးမားဂျက်နော့၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ၏ အထူးကိုယ်စားလှယ် စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးမစ္စတာဂရီဆာဒါ ဘွန်းရေ့စ်တို့လည်းတက်ရောက်ကြသည်။



ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ဆက်စကားပြောကြားပြီးမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။



ထို့နောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့်အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။



အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ၎င်း၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်းတစ်ပါတည်းကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။



ယင်းနောက် နိုင်ငံတော်သမ္မတသည် နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူအိန္ဒိယသမ္မတနိုင်ငံသမ္မတမစ္စတာရမ် နက်သ် ကိုဗင့်ဒ်ကတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။