နိုင်ငံတော်သမ္မတဦးဝင်းမြင့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီ၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ထွက်ခွာ

Printer-friendly versionSend by email

 

နေပြည်တော် မေ ၃ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် အိန္ဒိယ သမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ၎င်း၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်မှ အိန္ဒိယသမ္မတနိုင်ငံသို့ မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး မှ သံရုံးယာယီတာဝန်ခံ Mr.Sumit Sethနှင့်တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။