ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ၌ ဖျော်ဖြေ တင်ဆက်သည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုယိမ်းအကများ၊ ပဒေသာယိမ်းအကများနှင့် အငြိမ့်တို့အား တက်ရောက်ကြည့်ရှုအားပေး

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ၌ ဖျော်ဖြေ တင်ဆက်သည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုယိမ်းအကများ၊ ပဒေသာယိမ်းအကများနှင့် အငြိမ့်တို့အား တက်ရောက်ကြည့်ရှုအားပေး



နေပြည်တော် မေ ၂၅



အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)သို့ လာရောက်ကြည့်ရှုလေ့ လာကြသည့် အများပြည်သူများ ကြည်နူးပျော်ရွှင်စွာအပန်းဖြေစေနိုင်ရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာဦးစီးဌာနမှ အနုပညာရှင်များက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုယိမ်းအကများ၊ ပဒေသာယိမ်းအကများနှင့် အငြိမ့်တို့ဖြင့်  ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိအမျိုးသားအထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်)၌ဖျော်ဖြေတင်ဆက်ရာဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူတက်ရောက်ကြည့်ရှုအားပေးသည်။



ဖျော်ဖြေတင်ဆက်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို နှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီးဦးတင်မြင့်၊ ဦးကြည်မင်းနှင့် ဦးလှမော်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သို့ လာရောက်လည်ပတ်ကြသည့် ဝန်ထမ်းမိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှပြည်သူများ တခဲနက် ကြည့်ရှုအားပေးကြသည်။



ရှေးဦးစွာကပြဖျော်ဖြေပွဲအစီအစဉ်အရကချင်တိုင်းရင်းသား ၆ ဦးနှင့် ကချင် တိုင်းရင်းသူ ၆ ဦးတို့ကကချင်ပြည်နယ်သို့ လာရောက်ရန်ဖိတ်ခေါ်သော တေးသရုပ်ဖော် ကချင်တိုင်းရင်းသားရိုးရာအကအလှဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။



ထို့နောက် ကယားတိုင်းရင်းသူ ၈ ဦးကတေးသရုပ်ဖော် ရိုးရာအက၊ မင်္ဂလာသုံးစုံတွဲမြန်မာယိမ်းအက၊ ကရင်တိုင်းရင်းသား ၄ ဦးနှင့် ကရင်တိုင်းရင်းသူ ၄ ဦးတို့ကသွက်လက်မြူးကြွသည့် ကရင်တိုင်းရင်းသားရိုးရာဒုံးအက၊ နှစ်ကိုယ့်တစ်စိတ် ရယ်ရွှင်ဖွယ် ဟာသအက၊ ကျေးလက်ဒေသ၏ ညနေဆည်းဆာအလှကိုဖော်ကျူးထား သည့် ချိန်ဆည်းဆာတို့တောရွာရေအိုးယိမ်းအက၊ ချင်းတိုင်းရင်းသား ၈ ဦးနှင့် ချင်းတိုင်းရင်းသူ ၈ ဦးတို့ကချင်းတိုင်းရင်းသားရိုးရာ ဝါးညှပ်အက၊ မွန်တိုင်းရင်းသား ရိုးရာအကဖြစ်သည့် မွန်ဟင်္သာမောင်နှံအက၊ ရခိုင်တိုင်းရင်းသူ ၈ ဦးတို့ကသာစွရခိုင် တေးသရုပ်ဖော်ရခိုင်တိုင်းရင်းသားရိုးရာအက၊ ရှမ်းတိုင်းရင်းသား ၄ ဦးနှင့် ရှမ်းတိုင်းရင်းသူ ၁၂ ဦးတို့ကရှမ်းရိုးမကအိုးစည်သံတေးသရုပ်ဖော် ရှမ်းတိုင်းရင်းသား ရိုးရာအက၊ခေါင်းဆောင်မင်းသမီး ဝေဖူးငယ် ဦးဆောင်သည့် ရွှေမြန်မာအငြိမ့် ပဒေသာ အစီအစဉ်နှင့် ပြည်ထောင်စုသားတေးသရုပ်ဖော် အဖွဲ့လိုက်အကတို့ဖြင့် ဖျော်ဖြေတင် ဆက်ကြသည်။



ဖျော်ဖြေပွဲအပြီးတွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ဖျော်ဖြေတင်ဆက် ကြသည့် အနုပညာရှင်များအားဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။



ယင်းနောက် ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုကဖျော်ဖြေတင်ဆက် ကြသည့် အနုပညာရှင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။



သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာဦးစီးဌာနမှ အနုပညာရှင် များက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)၌ ဖျော်ဖြေတင်ဆက်သည့် အစီအစဉ်များကို၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ဝရက်ကလည်းကောင်း၊ အမျိုးသားအထိမ်း အမှတ်ဥယျာဉ်(နေပြည်တော်)၏ (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၁ ရက်ကလည်းကောင်း၊ မေ ၁၉ ရက်ကလည်းကောင်း၊ ဩဂုတ် ၂၅ ရက်က လည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်ကလည်းကောင်းတိုင်းရင်းသားရိုးရာယိမ်းအကများ၊ တေးသံသာများ၊ မျက်လှည့်အစီအစဉ်များ၊ ပဒေသာယိမ်းအကများ၊ ဟာသတစ်ခန်း ရပ်များဖြင့်ပြည်သူများအားဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။



အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)၌ ဖျော်ဖြေတင်ဆက်သည့် အစီအစဉ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များကလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးဂီတပွဲတော် တေးသီချင်းပြိုင်ပွဲဆုရ တေးသံရှင်များကလည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အနုပညာရှင်များကလည်းကောင်းတစ်လလျှင် တစ်ကြိမ် အလှည့်ကျ ဖျော်ဖြေတင်ဆက်ခဲ့ကြရာယခုအချိန်တွင် ဝန်ကြီးဌာနတစ်ခုလျှင် ၆ ကြိမ် တိုင်တိုင် ကပြဖျော်ဖြေခဲ့ပြီးဖြစ်ကြောင်းသိရသည်။



အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)အားပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဖြစ်တည်လာပုံသမိုင်းအဆင့်ဆင့်ကိုအကျဉ်းချုပ်သိရှိနိုင်ရန်၊ ပြည်ထောင်စုတစ်ဝန်းရှိ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးစံများ၊ နေထိုင်စားသောက်ပုံများ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝအလှရှုခင်းများကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း ကြည့်ရှုလေ့လာနိုင်ပြီးမျိုးချစ်စိတ်ရှင် သန်ထက်မြက်စေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခဲ့ကြောင်းသိရသည်။