နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီးတရားမျှသောရွေးကောက်ပွဲ ဖြစ်စေရေးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအားတွေ့ဆုံ မှာကြား

Printer-friendly versionSend by email

နေပြည်တော် မေ ၂၁

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်အဖွဲ့ဝင်များအား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ဧည့်ခန်းမ၌ တွေ့ဆုံမှာကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများ ပြုစုနေမှု၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ရွေးကောက်ပွဲလုပ်ငန်းစဉ်များ သင်တန်းပို့ချနေမှု၊ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလတို့တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်သမ္မတက ရှင်းလင်းတင်ပြချက်များအပေါ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို စနစ်တကျဖွဲ့စည်းရေး၊ မဲရုံမှူးများ၊ အဖွဲ့ဝင်များကို မှန်မှန်ကန်ကန် တာဝန်ပေးရေး၊ မဲရုံများ၏လုံခြုံရေး အပြည့်အဝရှိစေရေးနှင့် မဲဆန္ဒနယ်မြေများ သတ်မှတ်ရေး၊ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး မဲပေးခွင့် အပြည့်အဝရရှိစေရေးနှင့် မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲစာရင်းများပြုစုရာတွင် တိကျမှုရှိစေရေး၊ ကြိုတင်ဆန္ဒမဲများ မှန်ကန်မှုရှိစေရေး၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ မဖြစ်ပေါ်စေရေး၊ ဆန္ဒမဲရေတွက်ခြင်းနှင့် ရလဒ်ကြေညာပေးရေး စသည်တို့နှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ဦးသန်းဌေး၊ ဦးညွှန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင်တို့ တက်ရောက်ကြသည်။