တိပိဋကဓရ၊ တိပိဋကကောဝိဒ စာမေးပွဲအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် ၉၅ ပါးတို့အား အောင်လက်မှတ်ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း

Printer-friendly versionSend by email
တိပိဋကဓရ၊ တိပိဋကကောဝိဒ စာမေးပွဲအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် ၉၅ ပါးတို့အား အောင်လက်မှတ်ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း

တိပိဋကဓရ၊ တိပိဋကကောဝိဒ စာမေးပွဲအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် ၉၅ ပါးတို့အား အောင်လက်မှတ်ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း

ရန်ကုန် မေ ၂၁


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြီးမှူးကျင်းပခဲ့သော (၇၁)ကြိမ် မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေး ချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင် သူမြတ် ၉၅ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ်ဘွဲ့တံဆိပ်များ ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂှုသိမ်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်များ၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဆရာတော်များ၊ စာထောက် စာမ ဆရာတော်များ၊ ပုစ္ဆာထုတ်ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော် များ၊ ပင့်သံဃာတော်များ၊ (၇၁)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ် ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များ၊ ပင့်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယ အဖွဲ့ဥက္ကဋ္ဌ လှိုင်သာယာမြို့နယ် သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တပညိဿရာဘိဝံသ ထံမှ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေးတို့ အမှူးပြုသော ဧည့်ပရိသတ်တို့က ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သာရဏီယဩဝါဒကထာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာ ရာဘိဝံသ က ဖတ်ကြားချီးမြှင့်တော်မူသည်။

ထို့နောက် (၇၁)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဘွဲ့တံ ဆိပ်တော်နှင့် အောင်လက်မှတ်များကို ဆက်ကပ်ကြရာ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပိဋကတ်နှစ်ပုံ ရေးဖြေအောင်ဒီဃနိကာယကောဝိဒဘွဲ့ရ တော်မူကြသည့် စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ မင်းကွန်း မိုးမိတ်ကုန်းမြေ တိပိဋကနိကာယ ကျောင်းတိုက်မှ သက်တော် (၄၁)နှစ်၊ သိက္ခာ (၁၉)ဝါရှိ အရှင်ဇောတိကာလင်္ကာရနှင့် သက်တော် (၃၂)နှစ် သိက္ခာ(၁၂)ဝါရှိ အရှင်ဣန္ဒကာလင်္ကာရတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်သည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ပိဋကတ်နှစ်ပုံ အာဂုံအောင် ဒီဃဘာဏက ရှစ်ပါး၊ ပိဋကတ်တစ်ပုံ ရေးဖြေ အောင် ဝိနယကောဝိဒ ငါးပါး၊ ပိဋကတ်တစ်ပုံ အာဂုံအောင် ဝိနယဓရ ၂၅ ပါး၊ ဝိနည်း ပထမပိုင်း ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒ ၁၁ ပါး၊ ဝိနည်းပထမပိုင်း အာဂုံ အောင် ဥဘတောဝိဘင်္ဂဓရ ၄၄ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ထံမှ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူ ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် (၇၁)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးတို့ အမှူးပြုသော အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ် လောင်းလှူကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတော့မည့် အကြိုကာလကတည်းက နိုင်ငံတော် အနေဖြင့် လွတ်လပ်ရေးရပြီးပါက ဆဋ္ဌသင်္ဂါယနာ တင်ရန် အာသီသပြင်းထန်လျက် ရှိရာ ကျန်ထေရဝါဒနိုင်ငံများက သင်္ဂါယနာတင်ရန်မှာ ပိဋကတ်သုံးပုံ အာဂုံဆောင် ပုဂ္ဂိုလ်များရှိမှသာ သင်္ဂါယနာ တင်နိုင်ခွင့်ရှိကြောင်း ပြောဆိုချက်ကြောင့် ပိဋကတ် အာဂုံ ဆောင် ပုဂ္ဂိုလ်များ ပေါ်ထွန်းစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရက တိပိဋကဓရ၊ တိပိဋ ကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို နှစ်စဉ် ဒီဇင်ဘာလ စတုတ္ထပတ်တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသဏလိုဏ်ဂူတော်ကြီး အတွင်း၌ ၃၃ ရက်ကြာ ကျင်းပပေးလျက်ရှိရာ ယခုဆိုလျှင် ၇၁ ကြိမ် ရှိပြီဖြစ်သည်။ ယခု (၇၁)ကြိမ်မြောက် စာမေးပွဲတွင် အာဂုံပြန် သံဃာတော်(၁၅၆)ပါးနှင့် သဘောရေး ဖြေ သံဃာတော်(၁၈၂)ပါး ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။

ပထမအကြိမ် စတင်ကျင်းပသည်မှ ယခုအချိန်အထိ နှစ်ပေါင်း ၇၁ နှစ်အတွင်း တိပိဋကဓရ၊ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်သူမြတ် ၁၄ ပါး ပေါ်ထွန်း ခဲ့ပြီး တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်ရဆရာတော်များမှာ မင်းကွန်းတိပိဋက ဓရဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရဘိဝံသ၊ ပခုက္ကူဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊ ပြည် ဆရာတော် ဘဒ္ဒန္တကောသလ္လ၊ မဟာဂန္ဓာရုံဆရာတော် ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ၊ ယော ဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊ ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၊ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ မြင်းမူဆရာတော် ဘဒ္ဒန္တဝံသပါလာ သင်္ကာရ၊ မြင်းခြံဆရာတော် ဘဒ္ဒန္တဂန္ဓမာလင်္ကာရ၊ စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရ၊ ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊ စစ်ကိုင်းဆရာတော် ဘဒ္ဒန္တအဘိဇာတာဘိဝံသ၊ ဘုတလင်ဆရာတော် ဘဒ္ဒန္တဣန္ဒစရိယ၊ ကမ္ဘောဇဆရာတော် ဘဒ္ဒန္တအရှင်ဝိရိယာနန္ဒ တို့ဖြစ်ကြသည်။

လက်ရှိကာလတွင် တိပိဋကဓရ၊ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင် သူမြတ်(၁၀)ပါး သက်တော်ထင်ရှားစွာ သာသနာ့အကျိုးသယ်ပိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။