ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ Myanmar Coffee Forum 2019 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email





မန္တလေး မေ ၁၅



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် Myanmar Coffee Forum 2019 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် မန္တလေးမြို့ရှိ Mercure Mandalay Hill Resort Hotel ၌ ကျင်းပရာ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။



အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်၊တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ကော်ဖီ စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ပြည်တွင်း ပြည်ပမှကော်ဖီဆိုင်ရာ ပညာရှင်များ၊ ဖိတ်ကြားထား သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပထမအကြိမ် Coffee Forum ကို ၂ဝ၁၇ခုနှစ် မေ ၂၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး အဆိုပါ Coffee Forum မှ ထွက်ရှိလာသည့် ဖော်ထုတ်ချက်များကိုအကောင်အထည် ဖော်ခဲ့ရာတွင် အောင်မြင်မှုများရှိသကဲ့သို့ လိုအပ်ချက်တစ်ချို့ရှိနေသေးသည်ကိုလည်း တွေ့ရှိရပါ ကြောင်း၊ယခု Coffee Forum နှင့်ပြီးခဲ့သည့် Coffee Forum အကြား(၂)နှစ်တာကာလ အတွင်း ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြရာ အောင်မြင်မှု များရှိကြောင်းကို ထုတ်လုပ်မှုတိုးတက်လာခြင်း၊ ဈေးကွက်တစ်ခုဖြစ်ထွန်းလာခြင်းနှင့် တောင်သူများနည်းပညာကောင်းများ အသုံးချလာနိုင်ခြင်းတို့သည် မြင်သာသည့်အချက် များ ဖြစ်ပါကြောင်း။



ထိုသို့ကော်ဖီကဏ္ဍတိုးတက်ဖွံ့ဖြိုးလာမှုကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရန် လက်ရှိကာလနှင့် လိုက်လျောညီထွေမှုရှိပြီးလိုအပ်ချက်များကို ထပ်မံ ဖြည့်ဆည်းအကောင်အထည်ဖော်နိုင်ရန်အတွက်ယခု Forum ကိုကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ ယခုကျင်းပသည့် ဒုတိယအကြိမ် Coffee Forum ကိုမြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကရည်ရွယ်ချက်ဖြင့်ကျင်းပခြင်းဖြစ်ပြီး ရည်ရွယ်ချက် အောင်မြင်နိုင်ရေးအတွက် ဦးစီးဦးဆောင်ပြုနိုင်သည့် Coffee Board အဖွဲ့ဖွဲ့စည်း ရေး၊ကော်ဖီအရည်အသွေး၊ ဈေးကွက်နှင့်ထိုက်သင့်သည့် ဈေးနှုန်းရရှိလာစေရေး၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်နေသူများအတွက်ချေးငွေနှင့် အရင်းအနှီးများရရှိနိုင်ရေးတို့ကို အဓိကထားပြီးဌာနဆိုင်ရာနှင့် ပုဂ္ဂလိကတို့ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း။



ယနေ့ကမ္ဘာ့ကုန်စည်များထဲတွင် ရေနံပြီးပါက ကော်ဖီသည် ဒုတိယအဆင့် အရေးအပါဆုံးကုန်စည်တစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ ထွက်ရှိသည့် ပြည်ပပို့ကုန်များအနက် ဆန်စပါး၊ပဲမျိုးစုံတို့သည် အဓိကနိုင်ငံခြား ငွေရှာဖွေ ပေးသည့်သီးနှံများဖြစ်သကဲ့သို့ ကော်ဖီသီးနှံသည် လည်းနိုင်ငံခြားဝင်ငွေရရှိ သည့် တန်ဖိုးမြှင့်စက်မှုသီးနှံတစ်မျိုးဖြစ်ပါကြောင်း၊ ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်၊ ရွာငံဒေသမှထွက်ရှိသည့် မြန်မာ့အာရေဗီးကားကော်ဖီသည် ကမ္ဘာ့အဆင့်မီ (Speciality Coffee)အဆင့်သတ်မှတ်ခံခဲ့ရပြီး ယခုအခါတွင် ကော်ဖီဈေးနှုန်းသည်လည်းသင့်တင့် သည့်ဈေးနှုန်းများရရှိလာပြီ ဖြစ်သည့်အတွက်မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှနိုင်ငံခြားဝင်ငွေပိုမိုရရှိလာပြီးမြန်မာ့ကော်ဖီစိုက်တောင်သူများ၊လုပ်ငန်းရှင် များအကျိုးဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ အာရေဗီးကားကော်ဖီသာမက နိုင်ငံတွင်း တင်သွင်းနေသည့် Instant Coffee များနေရာတွင်သွင်းကုန်အစားထိုးနိုင်ပြီး စိုက်ပျိုးရန် ရာသီဥတုနှင့်မြေနေရာ အလားအလာရှိသည့် ရိုဘတ်စတာကော်ဖီစိုက်ပျိုးထုတ်လုပ် ရေးကိုလည်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကြစေလိုပါကြောင်း။



လက်ရှိ မြန်မာနိုင်ငံ၏ကော်ဖီကဏ္ဍသည် ကော်ဖီစိုက်ပျိုးသည့် အရှေ့တောင် အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ထိုင်း၊ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက Processing နည်းပညာအားနည်းခြင်း၊ သတင်းအချက်အလက်ဖလှယ်မှု လိုအပ်ချက်များရှိနေခြင်း နှင့် ကော်ဖီသီးနှံဈေးကွက်ဝေစုရရှိမှုများ အားနည်းနေခြင်းတို့ကြောင့် ဖွံ့ဖြိုးမှု နောက်ကျ နေသေးသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့၏ ကော်ဖီကဏ္ဍတစ်ခုလုံးရေရှည်ဖွံ့ဖြိုး တိုးတက်လာစေလိုပါက နိုင်ငံတော်အစိုးရ၏ မူဝါဒများဆိုင်ရာရပ်တည်ချက်များ နှင့် ပုဂ္ဂလိကစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင် အတူတကွလက်တွဲ ဆောင်ရွက်သွားကြရ မည် ဖြစ်ပါကြောင်း။



မိမိတို့၏ ကော်ဖီများ ကိုအရည်အသွေးထိန်းသိမ်းထားနိုင်မည် ဆိုပါက သွင်းကုန် အစားထိုးကုန်ပစ္စည်းအဖြစ်သာမက မိမိတို့လုပ်နိုင်ပါကလုပ်နိုင်သလောက် ပြည်ပပို့ကုန် အဖြစ်ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ တိုးတက်လာ စေရန်မှာလည်း မိမိတို့၏ကော်ဖီရပ်ဝန်းကြီး တစ်ခုလုံးနှင့်တိုက်ရိုက်၊သွယ်ဝိုက် ဆက်နွှယ်ပတ်သက်နေသည့် ပြည်တွင်းဆိုင်ရာကိစ္စရပ်များ၊ ပြည်ပဆိုင်ရာကိစ္စရပ် များကိုလေ့လာချိတ်ဆက်သုံးသပ်နိုင်ရန်နှင့် ပေါင်းစည်းပေးနိုင်ရန် အတွက်ဦးဆောင်ဦး ရွက်ပြု ကြမည့်ပုဂ္ဂိုလ်များ၏အားကိုမဖြစ်မနေရယူရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လည်းယနေ့ Coffee Board အဖွဲ့ဖွဲ့စည်းနိုင်ရေးကို ဦးစားပေးလုပ်ငန်းရပ် တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊Coffee Board ဖွဲ့စည်းအကောင်အထည် ဖော်နိုင်ရေး အတွက်စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံကော်ဖီအသင်း၊ အခြားဆက်စပ်ဌာနများဖြစ် သည့်ကုန်သွယ်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့မှ စတင်ဆောင်ရွက်စေလိုပါ ကြောင်း။



အခြားအခက်အခဲတစ်ခုဖြစ်သည့် ရင်းနှီးငွေနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပမှ ချေးငွေရရှိနိုင်မည့် နည်းလမ်းများ ရှာဖွေကြစေလိုပါကြောင်း၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊အတွေ့အကြုံများ၊နည်းပညာများနှင့် ရလဒ်ကောင်းများ၊အကြံဉာဏ်များ ကိုယခု ဒုတိယအကြိမ် Coffee Forum တွင် အပြန်အလှန်ဖလှယ်ပြီးကော်ဖီကဏ္ဍ တိုးတက်ရေးအတွက်အလျင်အမြန်အထောက်အကူဖြစ်စေမည့် နည်းလမ်းများ ရရှိလာ စေရန် ဆောင်ရွက်စေလိုပါ ကြောင်း၊ဆောင်ရွက်နိုင်ကြမည်ဟု လည်းယုံကြည်မျှော်လင့် ပါကြောင်း။



မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးရာတွင် နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ဝန်ကြီးဌာနမှဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ အနာဂတ်ကော်ဖီ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ လက်ရှိ ကော်ဖီဈေးကွက် အခြေအနေများ၊ ကော်ဖီစိုက်တောင်သူများ အတွက်ပံ့ပိုး ပေးရန်လိုအပ်ချက်များအား ထည့်သွင်းဆွေးနွေးကြပြီး စီးပွားရေးပညာရှင်များ အနေ ဖြင့် လည်း တန်ဖိုးမြှင့်ထုတ်ကုန် (Coffee Value Added) အတွက်စီးပွားရေး ရှုထောင့်အမြင်များနှင့် အကြံပြုဆွေးနွေးကြစေလိုပါကြောင်း။



Coffee Board ဖွဲ့စည်းနိုင်သည့်အပြင် ယနေ့ မိမိတို့ကော်ဖီကဏ္ဍအတွက် လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းများ ကိုယနေ့ဖိုရမ်မှ ဖော်ထုတ် ရရှိမည် ဆိုပါကမိမိတို့နိုင်ငံ၏ ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသည့် လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ပြီဟု ပြောနိုင်ပြီဖြစ်ပါကြောင်း၊ ပါဝင်ပတ်သက် သူများအားလုံးအနေဖြင့်လည်း ရေရှည်ဖွံ့ဖြိုးနေမည့်အခြေအနေများရရှိစေရန် ဝိုင်းဝန်း ဆွေးနွေးပေါင်းစပ်ဆောင်ရွက်နိုင်စွမ်းရှိကြသည်ကိုလည်းယုံကြည်ပါကြောင်း။



နိဂုံးချုပ်အနေဖြင့် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်ယခု Coffee Forum မှထွက်ပေါ်လာသည့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ကို ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မြန်မာကော်ဖီအသင်းနှင့် အစုအဖွဲ့များမှ ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်ပျိုးသူတောင်သူများ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ကြပါရန် အလေးအနက်တိုက်တွန်းပါကြောင်းပြောကြားသည်။



ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော် တို့က ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ် လျဉ်း၍ဆွေးနွေး တင်ပြ ကြသည်။



ဆက်လက်၍ ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုဆိုင်ရာ Video Clip ကို ပြသသည်။



ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က Coffee Cupping Competition နှင့် ပတ်သက်၍ Natural Category တွင် ဆုရရှိသူများအားလည်း ကောင်း၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် က Washed Category တွင်ဆုရရှိ သူများအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးလှကျော် က Other Category တွင် ဆုရရှိသူများအားလည်း ကောင်း ဆုများ ချီးမြှင့်ကြသည်။



ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှု သည်။



ယင်းနောက် ဒုတိယသမ္မတသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ရဲရမန်းရွာအနီးရှိ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ သို့ ရောက်ရှိရာ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင် ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ရဲရွာတမံတည်ဆောက်ထားရှိ မှုအခြေအနေများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေမှု အခြေအနေများကို ရှင်း လင်းတင်ပြကြသည်။



ယင်းနောက် ရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ဦးဆောင်ညွှွန် ကြားရေးမှူး ဦးခင်မောင်ဝင်းက ရဲရွာစက်ရုံအား နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားမှု အခြေအနေ၊ နှစ်အလိုက်ဓာတ်အားထုတ်လုပ်ခဲ့မှု အခြေအနေ၊ ဒီဇိုင်းသတ်မှတ်ချက်နှင့်အမှန်ဓာတ်အားထုတ်လုပ်မှု အခြေအနေ၊ နှစ်အလိုက်လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု အခြေအနေများနှင့် လုံခြုံရေးနေရာချထားမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။



ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂ဝ၁၉ခုနှစ်အတွင်း အသစ်ပြီး စီးသည့် ဓာတ်အားပေးစက်ရုံများ အခြေအနေ၊ နှစ်စဉ် လအလိုက် အမြင့်ဆုံး လျှပ်စစ် ထုတ်လုပ်မှု အခြေအနေ၊ နှစ်စဉ် လအလိုက် ရေအားစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အခြေအနေများကိုလည်းကောင်း၊ ရေအားလျှပ်စစ် အကောင်အထည်ဖော် ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး က ရေအားလျှပ်စစ်ရေလှောင်တမံ များ တည်ဆောက် ပြီးစီးမှု အခြေအနေများနှင့် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နေ သည့် အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။



ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ယခုနှစ်သည် မုတ်သုံရာသီ နောက်ကျပြီး အထွက်စောမည်ဟု သိရသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ရာတွင် ချိန်ဆဆောင် ရွက် သွားရန် ၊ ရေအားဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းသည် ရာသီဥတု အခြေအနေအပေါ် မူတည်၍ ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် အခြားသော နည်းလမ်းများဖြင့် သင့်တင့်သည့် ပမာဏဖြင့် ပေါင်းစပ်ဆောင် ရွက်သွားရန် လိုအပ်ကြောင်းနှင့် ယခုအချိန်တွင် တာဘိုင်(၂)လုံးသာ လည်ပတ်လျက်ရှိရာ ကျန်တာဘိုင်(၂)လုံး၏ ကြံ့ခိုင်မှု ကောင်းမွန်စေရေး ပြင်ဆင်မွမ်းမံခြင်းအား အချိန်မှီဆောင်ရွက်သွားရန် မှာကြားသည်။



ယင်းနောက် ဒုတိယသမ္မတသည် ရေအား လျှပ်စစ်ဓာတ် အားပေးစက်ရုံ အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် တမံတို့အား လှည့်လှည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်း များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။



ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂ဝဝ၁-၂ဝဝ၂ခုနှစ်က စတင်တည် ဆောက်ခဲ့ပြီး ရေလှောင်တမံအချက်အလက်များအနေဖြင့် ကွန်ကရစ်တမံ အမျိုးအစား အလျား ၂၂၆၄ပေ၊ အမြင့် ၄၃၃ပေ ဖြစ်ကြောင်း၊ ရေလှောင်ကန်အတွင်းသို့ ရေဆင်းဧရိယာ ၁ဝ၈၉ဝ စတုရန်းမိုင် ဖြစ်ပြီး နှစ်စဉ် ပျမ်းမျှ စီးဝင်ရေ ၁၂၁ သိန်းဧကပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏမှာ ၂၁သိန်းဧကပေဖြစ်ကြောင်း၊ ရေပိုလွှဲမှာ ရေတံခါး မပါ ရေပိုလွှဲ (Ogee Type Ungated)အမျိုးအစားဖြစ်ပြီး အကျယ်အားဖြင့် ၄၄၈ပေ ဖြစ် ဖြစ်ကြောင်း၊ ဓာတ်အား ပေးစက်ရုံ အချက်အလက်များအနေဖြင့် စက်တပ်ဆင်အင်အား ၇၉ဝ မဂ္ဂါဝပ်၊ တာဘိုင် အမျိုးအစားမှာ ဖရန်စစ်တာဘိုင်(ဒေါင်လိုက်) ဖြစ်ပြီး တစ်နှစ်ထုတ်လုပ်မှု ၃၅၅ဝ ကီလိုဝပ်နာရီသန်း ဖြစ်ကြောင်းသိရသည်။