ဒုတိယသမ္မတ ဦးမြင့်ဆွေ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂ဝ၁၉)ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးမြင့်ဆွေ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂ဝ၁၉)ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား



နေပြည်တော် မေ ၇



အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂ဝ၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။



အစည်းအဝေးသို့ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင် အထည်ဖော်ရေးအဖွဲ့၊ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့တို့မှဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။



အစည်းအဝေးတွင် ဒုတိယသမ္မတကယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ထုတ်လုပ်မှု၊ဝန်ဆောင်မှုနှင့်ကုန်သွယ်မှုလုပ်ငန်းများအားထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ရန်အတွက်“အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ”ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂ဝ၁၆ ခုနှစ်၊ ဇွန်လ(၇)ရက်တွင်အမိန့်ကြော်ငြာစာအမှတ်၊၄၄/၂ဝ၁၆ ဖြင့်လုပ်ငန်းတာဝန် (၁၁)ရပ် ချမှတ်ကာစုစုပေါင်း (၂၄)ဦးဖြင့်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါဗဟိုကော်မတီက ၂ဝ၁၇ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်တွင်အမိန့်ကြော်ငြာစာအမှတ်၊၁/၂ဝ၁၇ ဖြင့် “အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ”ကိုလုပ်ငန်းတာဝန်(၁၄)ရပ်ချမှတ်ကာအဖွဲ့ဝင်(၄ဝ)ဦးဖြင့်ဖွဲ့စည်းခဲ့ပါကြောင်း၊ ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် “အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုနှင့်ညှိနှိုင်းအကောင် အထည်ဖော်ရေး အဖွဲ့”၊ “အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ”နှင့် “အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့”တို့ကိုဖွဲ့စည်းပြီးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဒေသဆိုင်ရာအေဂျင်စီများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ (၄)ခုဖြစ်သည့် “ဝ”၊ နာဂ၊ ဓနုနှင့် ပအိုဝ်းတို့၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ၊ဖွဲ့စည်းရန်ကျန်ရှိသည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၂)ခုဖြစ်သော ပလောင်နှင့် ကိုးကန့် တို့တွင်လည်းမကြာမီဖွဲ့စည်းပြီးတော့မည်ဖြစ်ပါကြောင်း။



အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏အစည်းအဝေးများကို (၃)ကြိမ်ကျင်းပခဲ့ပြီးအစည်းအဝေး ဆုံးဖြတ်ချက် စုစုပေါင်း (၂၇)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး(၁၅)ချက်၊ ဆောင်ရွက်ဆဲ (၁၂)ချက်ရှိပါကြောင်း၊ ဆောင်ရွက်ဆဲ (၁၂)ချက်ကိုလည်းအချိန်ကာလသတ်မှတ်ပြီးအမြန်ပြီးစီးအောင် ဆောင်ရွက် သွား ကြရန် ပြောကြားလိုပါကြောင်း။



မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းများအနက် (၉၉)ရာခိုင်နှုန်းသည် MSME များဖြစ်သည့် အတွက် MSME များဖွံ့ဖြိုးတိုးတက်မှသာနိုင်ငံတော်၏ စီးပွားရေးလည်းဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ထို့ကြောင့်အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအနေဖြင့် MSME များဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ပါရှိသည့် ရည်ရွယ်ချက်(၄)ချက်ကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပြောကြား လိုပါကြောင်း၊ အဆိုပါရည်ရွယ်ချက်များမှာ “အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများအတွက်စီးပွားရေးနှင့်ဆက်စပ်သည့် သတင်းအချက်အလက်၊နည်းပညာ အထောက်အကူများနှင့် ငွေကြေးပံ့ပိုးမှုများလွယ်ကူစွာရရှိနိုင်စေရန်”၊ “အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ပြည်တွင်းပြည်ပဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန်”၊ “အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်း သစ်များနှင့်အတူဝင်ငွေတိုးတက်ရရှိလာစေရန်”နှင့် “အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် အဟန့်အတားများကို လျော့ပါးစေရန်”တို့ဖြစ်ပါကြောင်း၊ ယင်းရည်ရွယ်ချက်များကို အောင်မြင်စွာအကောင်အထည်ဖော် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပုဂ္ဂလိကကဏ္ဍတို့ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။



MSME များဖွံ့ဖြိုးတိုးတက်စေရေးအတွက်လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် MSME များ၏ ဒေသတွင်းထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲများ ကို၂ဝ၁၈ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကျင်းပခဲ့ရာ မန္တလေး၊ မကွေး၊ ပုသိမ်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်နှင့်မြိတ်မြို့တို့၌ (၉)ကြိမ်ကျင်းပခဲ့ပြီး နိုင်ငံတော်အဆင့် MSME များ၏ ဒေသတွင်းထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲများကို နေပြည်တော်တွင် မတ်(၂၂)ရက်မှ (၂၄)ရက် အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ယခု လိုပြပွဲနှင့်ပြိုင်ပွဲများကိုကျင်းပပေးခဲ့သည့်အတွက်MSME များ၏ ထုတ်ကုန်အရည် အသွေး များ၊ ဈေးကွက်ရရှိမှုများ၊နည်းပညာနှင့် စီးပွားရေးဆိုင်ရာအသိအမြင်များ ယခင်ကထက် အထိုက်အလျောက် အောင်မြင်တိုးတက်လာသည်ကိုတွေ့ရှိရ မည်ဖြစ်ပါ ကြောင်း။



တိုင်းဒေသကြီး/ပြည်နယ် (၉)ခုတွင်ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲနှင့်ပြိုင်ပွဲများ၌အသေးစား လုပ်ငန်းရှင် (၃၉)ဦး၊အငယ်စားလုပ်ငန်းရှင် (၄၃)ဦး၊အလတ်စားလုပ်ငန်းရှင်(၄ဝ)ဦး၊စုစုပေါင်း (၁၂၂)ဦးကိုဆုများချီးမြှင့်ပေးခဲ့ပါကြောင်း၊ထို့ပြင် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ သည့်



“နိုင်ငံတော်အဆင့် ပြပွဲနှင့်ပြိုင်ပွဲ”၌ပထမဆုရရှိသူ(၃)ဦး၊ဒုတိယဆုရရှိသူ (၅)ဦး၊ တတိယ ဆုရရှိသူ (၆)ဦး စုစုပေါင်း(၁၄)ဦးကိုဆုများချီးမြှင့်ပေးခဲ့သည့်အပြင် “စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ MSMEs ဘဏ်ချေးငွေရရှိရေးလုပ်ငန်းကော်မတီ”ကလည်း MSMEs ချေးငွေချေးယူခွင့်လက်မှတ်များကို ပေးအပ်ခဲ့ပါကြောင်း၊ ဒေသတွင်းနှင့်နိုင်ငံတော်အဆင့် ထုတ်ကုန်ပြပွဲ နှင့်ပြိုင်ပွဲများတွင်ဆုရရှိသူများအားလုံးကို၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများတွင် MSMEs Product Logo အသုံးပြုခွင့်ပေးသွားမည်ဖြစ်သည့်အပြင်လိုအပ်သည့် မူဝါဒ၊ ညွှန်ကြားချက်များကိုလည်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း။



ထို့ပြင် MSMEs လုပ်ငန်းရှင်များအနေဖြင့်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP)၊ ကောင်းမွန်စွာထုတ်လုပ်ခြင်းအလေ့အကျင့်ကောင်းများ(GMP)နှင့် ကောင်းမွန်သော သန့်ရှင်းမှု နည်းစဉ်များ(GHP)ကိုပိုမိုသိရှိနားလည်ပြီး ၎င်းတို့၏လုပ်ငန်းများတွင်လိုအပ်ချက်များ ရှိပါက ပြင်ဆင်နိုင်ရေးအတွက်အသိပညာပေးခြင်းများ ဆောင်ရွက်ပေးရမည့်အပြင်အလား အလာကောင်းသည့် MSME များကို Certificate များထုတ်ပေးနိုင်ရေးအတွက် ဒေသဆိုင်ရာ အစိုးရအဖွဲ့နှင့်သက်ဆိုင်ရာဌာနများပူးပေါင်းကာစိစစ်ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။



ယခုအခါ ဒေသအလိုက် MSME များအားပံ့ပိုးပေးနေသည့် Action Plan များကိုမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီနှင့်တိုင်းဒေသကြီး/ပြည်နယ် (၁၅)ခုရှိသည့်အနက် (၇)ခုကျန်ရှိနေ သည်ဟုသိရှိရပါကြောင်း၊ကျန်ရှိနေသည့်တိုင်းဒေသကြီး/ပြည်နယ် (၇)ခုအနေဖြင့်ဆက်လက် ဆောင်ရွက်သွားရန်နှင့် ၎င်း Action Plan တွင်ပါရှိသော ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ် များကို ပြည်ထောင်စုအစိုးရအဖွဲ့၊တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် NGO များပူးပေါင်းကာဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။



MSME များအတွက်လိုအပ်သည့်ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၉ခုနှစ်၊ဇန်နဝါရီလတွင် “စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ”နှင့် “ကုန်အမှတ်တံဆိပ်မူ ပိုင်ခွင့် ဥပဒေ” တို့ကိုလည်းကောင်း၊၂ဝ၁၉ခုနှစ်၊မတ်လတွင် “တီထွင်မှုမူပိုင်ခွင့်ဥပဒေ”ကို လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ “စာပေအနုပညာမူပိုင်ခွင့်ဥပဒေ” ကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးလျက်ရှိပြီးမကြာမီပြဋ္ဌာန်းနိုင်မည်ဖြစ်ပါကြောင်း။



“ASEAN SME လုပ်ငန်းအကောင်အထည်ဖော်ရေးပူးပေါင်းကော်မတီ (ACCMSME)” နှင့် “စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD)” တို့ပူးပေါင်းပြီး အာဆီယံ ဒေသတွင်း SME များဖွံ့ဖြိုးတိုးတက်ရေးအတွက်မူဝါဒများ ချမှတ်ခြင်းနှင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်းတို့အပေါ်တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်း (OECD) ကမူဝါဒဆိုင်ရာအညွှန်းကိန်းများကို (၄)နှစ်တစ်ကြိမ် ဖော်ပြလျက် ရှိရာ၂ဝ၁၈ခုနှစ်တွင် SME Policy Index အချက် (၈)ချက်နှင့်တိုင်းတာသုံးသပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။



အဆိုပါအချက် (၈)ချက်မှာထုတ်လုပ်မှုစွမ်းအားနည်းပညာနှင့်တီထွင် ဆန်းသစ်မှု၊ အစိမ်းရောင် အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ၊ ချေးငွေရရှိမှု၊ ဈေးကွက် ရရှိရေးနှင့် နိုင်ငံတကာအဆင့်သို့ ဝင်ရောက်ရေး၊ အထောက်အကူပြု အဖွဲ့အစည်းမူဘောင်၊ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အခွန်အခများ၊ စွန့်ဦးတီထွင်မှုပညာရေးကျွမ်းကျင်မှုနှင့် လူမှု အကျိုးပြု လုပ်ငန်းနှင့်အားလုံးပါဝင်သော အသေးစား၊ အငယ်စားနှင့်အလတ်စား လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံအနေဖြင့် SME Policy Index Score မြင့်မားစေရေး အတွက်အားလုံးကဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။



MSME များတွင်ဆန်းသစ်ပြီး အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်၊ ပြည်တွင်း ပြည်ပဈေးကွက်ချဲ့ထွင်နိုင်ရန်၊ နည်းပညာနှင့်စီးပွားရေးဆိုင်ရာအသိဉာဏ်  မြင့်မား လာစေရန်၊ပြည်တွင်းပြည်ပ MSME များဆိုင်ရာအဖွဲ့အစည်းများနှင့်ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်နိုင်စေရန်၊သွင်းကုန်အစားထိုးထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်စေရန်၊ လိုအပ်သည့် ချေးငွေများရရှိနိုင်ရန်၊ ခေတ်နှင့်အညီ ပြောင်းလဲနေသည့်နည်းစနစ်များ၊ မဟာဗျူဟာ များနှင့် သတင်းအချက်အလက်များကိုစဉ်ဆက်မပြတ်သိရှိနိုင်ရန်နှင့်လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင် နိုင်ရန်တို့အတွက်သက်ဆိုင်ရာဝန်ကြီးဌာနများ၊အစိုးရအဖွဲ့များနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းကာဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။



နိုင်ငံတော်၏စီးပွားရေးတွင် အဓိကကျောရိုးသဖွယ်ဖြစ်သည့် MSME များဖွံ့ဖြိုး တိုးတက် လာစေရေးအတွက်ချမှတ်ထားသည့် ရည်ရွယ်ချက်များ၊ ပေးအပ်ထားသည့် လုပ်ငန်း တာဝန်များကို အားသွန်ခွန်စိုက်ကြိုးစား အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်သည့်အပြင် လုပ်ငန်းများဆောင်ရွက်ရာတွင်ချမှတ်ထားသည့် မူဝါဒများ၊လုပ်ငန်းစဉ်များနှင့် လိုက်လျော ညီထွေရှိမည့် ဒေသန္တရစီမံကိန်းများ၊အစီအမံများ ဖြစ်စေရေးအလေးထား ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးကိုတက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များ၊ အဖွဲ့အလိုက် တာဝန်ရှိသူများ၊အသိပညာရှင်အတတ်ပညာရှင်များ အနေဖြင့်သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကိုပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။



ထို့နောက် အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။



ယင်းနောက် အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ကျင်းပပြီးစီးခဲ့သည့် လုပ်ငန်းကော်မတီအစည်းအဝေး(၃)ကြိမ်၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။



ထို့နောက် MSMEများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမှုအခြေအနေ၊ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်း များနှင့်တွေ့ဆုံဆွေးနွေးမှု အခြေအနေ၊ နည်းပညာနှင့် ဈေးကွက်ရရှိနိုင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြ သည်။



ယင်းနောက် MSMEများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင် အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးခင်မောင်ကျော်က လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင် အထည်ဖော်ရေးအဖွဲ့၏အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ OECD က တိုင်းတာသည့် SME Policy Index အချက်(၈)ချက်အပေါ် အခြေခံ၍ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။



ထို့နောက် MSMEများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါ်သီတာထွန်းက ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် MSMEs လုပ်ငန်းရှင်များအား ချေးငွေများ ထုတ်ပေးထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။



ယင်းနောက် MSMEများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူတို့ကသက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခွင့်အလမ်းများ တည်ရှိနေမှု အခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ အခြေအနေ၊ ဆက်လက် ဆောင်ရွက်သွားမည့်အစီအမံများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။



ထို့ပြင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက MSME များအတွက်ပြည်တွင်း/ပြည်ပ ဘဏ်များက ချေးငွေများ ထုတ်ချေးပေးနိုင်မှု အခြေအနေနှင့် အလားအလာရှိသည့် MSME များအား သေချာစွာစိစစ်ရွေးချယ်ကာ ချေးငွေများကို ထိရောက်အကျိုးရှိစွာထုတ်ချေးပေးနိုင်ရေးအတွက် လိုအပ်သည့်အကြံပြုချက်များကို လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင် ဦးကျော်ဝဏ္ဏ၊ MSME များဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဝင် ဦးရဲမင်းဦး နှင့် တာဝန်ရှိသူများက MSME များဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်ပူးပေါင်း ကူညီဆောင်ရွက်နေမှု၊ လိုအပ်သည့် နည်းပညာများ အကူအညီပေးရေး၊တွေ့ကြုံနေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကိုလည်းကောင်းရှင်းလင်းတင်ပြကြသည်။



ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက် များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။