ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား



နေပြည်တော် မေ ၇



အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။



အစည်းအဝေးတွင်  ဒုတိယသမ္မတက နိုင်ငံတော်၏မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ် အသုံးချနိုင်ရေးအတွက် လိုအပ်နေသည့် အမျိုးသားမြေအသုံးချမှု မူဝါဒကို ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒကို မြို့ပြ၊ ကျေးလက်များအပါအဝင် နိုင်ငံတော်အတွင်းရှိ မြေအသုံးချမှုနှင့် လုပ်ပိုင်ခွင့် များကို မူဝါဒပါရည်ရွယ်ချက်များနှင့်အညီ စနစ်တကျအောင်မြင်စွာ အကောင်အထည်ဖော် စီမံဆောင်ရွက်နိုင်ရန် ဦးတည်ပြီး မြေနှင့်သက်ဆိုင်သည့် တည်ဆဲဥပဒေများ၏ ညီညွတ် မျှတမှု၊ ယင်းဥပဒေများကို အကောင်အထည်ဖော်မှု အပါအဝင် အမျိုးသားမြေ ဥပဒေသစ် တစ်ရပ် ပြဌာန်းနိုင်ရေးအတွက်လည်းကောင်း၊ မြေအသုံးချမှု သို့မဟုတ် မြေလုပ်ပိုင်ခွင့်တို့ နှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အားလုံးက အဆုံးအဖြတ်ပေးရမည့် ကိစ္စရပ်များအတွက်လည်းကောင်း လမ်းညွန်ဖြစ်စေရမည်ဟု အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါကြောင်း။



အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန်နှင့် အမျိုးသားမြေအသုံးချမှု မူဝါဒကိုအခြေခံပြီး အမျိုးသားမြေဥပဒေ ရေးဆွဲရေးနှင့် မြေအရင်းအမြစ်များ စီမံခန့်ခွဲရေးတို့နှင့်စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးရန် ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာ ၂ ရက်မှ ၃ ရက်အထိ အမျိုးသားမြေအသုံးချမှု မူဝါဒ ဆိုင်ရာဖိုရမ် ကျင်းပခဲ့ပါကြောင်း။



အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်မှ ဖော်ထုတ်ရရှိသည့် ရလဒ်များကို အခြေခံပြီး အနာဂတ်မြန်မာနိုင်ငံတွင် စနစ်တကျ ကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုစနစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန် အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွန်မူ များနှင့် အခြေခံမူများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားမြေ အသုံးချမှုကောင်စီ၏ ဒုတိယအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၇)ချက်ကို ချမှတ် အကောင်အထည်ဖော်စေခဲ့ရာတွင် ဆောင်ရွက်ဆဲအဆင့်သာ ရှိသေးသည့်အတွက် အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တိုက်တွန်းလိုပါကြောင်း။



နောက်တစ်ဆင့် လုပ်ငန်းများအနေဖြင့်တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကျန်ရှိနေသေး သည့် ခရိုင်အဆင့်၊ မြို့နယ် အဆင့်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့် မြေအသုံးချမှုကော်မတီ များ ဖွဲ့စည်းပြီး မြေယာစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) မြေအသုံးချမှုကော်မတီများက အရှိန်အဟုန်မြှင့်ပြီး ဆက်လက်ဆောင်ရွက်ရန်၊ အမျိုးသားမြေဥပဒေ ရေးဆွဲအကောင်အထည်ဖော်ရန်၊ အမျိုးသား မြေအသုံးချမှု စီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ ဖော်ထုတ်ရေးဆွဲ အသုံးပြုရန်၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံ စနစ်ဆက် လက်အကောင်အထည်ဖော်ရန်၊ စိုက်ပျိုးရေး မဟာဗျူဟာပါ မြေယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန်နှင့် အမျိုးသားမြေအသုံးချမှုကောင်စီ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီ၊ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်စသည့် မြေယာစီမံခန့်ခွဲမှု ဆိုင်ရာအဖွဲ့အများအကြား  အမျိုးသားမြေအသုံးချမှု မူဝါဒလမ်းညွှန်ချက်များနှင့်အညီ   ဆက်လက်၍ ထိရောက်စွာ ညှိနှိုင်း ပေါင်းစပ်သွားရန်တို့အတွက် အမျိုးသားမြေအသုံးချမှု ကောင်စီက အဖွဲ့ဝင်များအားလုံး နှင့်အတူ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း။



၂ဝ၁၉ မတ်၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့တွင် အမျိုးသားမြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရေး အမျိုးသားမြေအသုံးချ မူဝါဒကို ပြန်လည် သုံးသပ်ပြီး မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကိုလည်း အမျိုးသားလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါကြောင်း။



လက်ရှိမြန်မာနိုင်ငံ၏ မြေယာစီမံခန့်ခွဲနေမှုများကို သုံးသပ်ကြည်သည့်အခါ မြေယာ ဆိုင်ရာဥပဒေများ သဟဇာတဖြစ်စေရန် အထူးလိုအပ်နေကြောင်းကို တွေ့ရှိရသည့်အတွက် အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်ကို လှိုက်လှဲစွာ ကြိုဆိုပြီး အမျိုးသားမြေအသုံးချမှု ကောင်စီအနေဖြင့် အမျိုးသားမြေဥပဒေကို အမျိုးသားမြေအသုံးချမှုမူဝါဒ၏ မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။



အမျိုးသားမြေအသုံးချမှု မူဝါဒအပိုင်း(၁ဝ)၊ ဥပဒေများ သဟဇာတဖြစ်စေခြင်းနှင့် ဥပဒေ အသစ်ပြဌာန်းခြင်းတွင် အမျိုးသားမြေဥပဒေ ရေးဆွဲရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖော်ပြထားရာတွင် ပထမဦးစွာ ရေးဆွဲရသည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အများပြည်သူနှင့် အကျိုးသက်ဆိုင်သူများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသိပေးရန်၊ ဥပဒေမူကြမ်းအတွက် ပါဝင်သင့်သည့် အချက်များကို စုဆောင်းပြုစုရာတွင် လည်းကောင်း၊ မူကြမ်းရေးသားရာတွင်လည်းကောင်း၊ မူကြမ်းကို ချပြဆွေးနွေးအကြံပြုချက်များ ရယူရာတွင်လည်းကောင်း  တိုင်းရင်းသား လုပ်သား ပြည်သူများအားလုံး ပူးပေါင်းပါဝင် ညှိနှိုင်းဆွေးနွေးသည့် လုပ်ငန်းစဉ်များဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်သွားရန်၊ မူကြမ်းပြုစုရာတွင်လည်း အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း အခြားနိုင်ငံများ၏ အတွေ့အကြုံ၊ နိုင်ငံတော်၏ ပြောင်းလဲနေသည့် နိုင်ငံရေး စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအနေအထားနှင့် အခြားထူးခြားသည့် အခြေအနေများ၊ ၂၁ ရာစု ပင်လုံညီလာခံက သဘောတူထားသည့် မြေယာ၊ သယံဇာတ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မှုဆိုင်ရာ အခြေခံသဘောတရားများ၊ လက်ရှိကြုံတွေ့နေရသည့် ပြဿနာများ၊ မြေအသုံးချသူ ပြည်သူများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး အန္တိမမျှော်မှန်းချက် စသည်တို့ကို အခြေခံ ပြီး ပြည်ထောင်စုလွှတ်တော်၏ လမ်းညွှန်မှု၊ ပူးပေါင်းပါဝင်မှု၊ တိုင်းရင်းသားလူမျိုးစုနှင့် လုပ်သားပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် မူကြမ်းကို ရေးဆွဲသွားရန်တို့ ပါရှိပြီး အပြီးသတ်မူကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွားရန် ဆက်လက် ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။



ယင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်သည့်နေရာတွင်လည်း “အမျိုးသား မြေအသုံးချမှုကောင်စီ”၏ လမ်းညွှန်မှု၊ နည်းပညာအကြံပေးအဖွဲ့ ပံ့ပိုးမှု၊ အခြားလုပ်ငန်း ကော်မတီများ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)တို့၏ မြေအသုံးချမှု ကော်မတီများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။



ယခုကျင်းပသည့် အစည်းအဝေးတွင် သက်ဆိုင်ရာကောင်စီအဖွဲ့ဝင်များက မိမိတို့ ဆိုင်ရာ မြေအသုံးချမှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေမှု အနေအထား၊ အောင်မြင်မှု များ၊ စိန်ခေါ်မှုများအပေါ်အခြေခံ၍ ကောင်စီ၏လမ်းညွှန်မှု လိုအပ်နေသော ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း တင်ပြစေလိုပါကြောင်း၊ ကောင်စီအနေနှင့်လည်း တင်ပြချက် များအပေါ် "လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ"၊ "ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့"၊ "မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေးဗဟိုကော်မတီ"၊ "မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်" တို့နှင့် လိုအပ်သလိုတိုင်ပင်ညှိနှိုင်း ပြီး လိုအပ်သည့်လမ်းညွှန်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါကြောင်း။



အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် မြေသယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အစဉ်အမြဲ သုံးသပ်ပြီး အဆိုပါလုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် အဖွဲ့ဝင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။



ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမျိုးသားမြေအသုံးချမှုကောင်စီ၏ ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။



ယင်းနောက် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(one map Myanmar) စီမံကိန်း လုပ်ငန်းများ ၏ ဗွီဒီယိုမှတ်တမ်းကို ပြသသည်။



ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒေါက်တာအောင်သူ၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်မည့် အချက်များနှင့် မြေအသုံးချမှု လုပ်ငန်းများအတွက် ဆောင်ရွက်သင့်သည့်များကို အကြံပြုဆွေးနွေး ရှင်းလင်းတင်ပြကြ သည်။



ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ၊ ပြည်နယ်ဝန်ကြီးချုပ် များက သက်ဆိုင်ရာ ကောင်စီနယ်မြေ၊တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်  မြေအသုံးချမှု အခြေအနေများ၊ ကော်မတီဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များဆောင်ရွက်နေမှု၊ သစ်တောဧရိယာများ မပျက်စီးစေရေးထိန်းသိမ်းဆောင်ရွက်နေမှု၊ မြေယာနှင့်ပတ်သက် ပြီး လက်ရှိရင်ဆိုင်နေရသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။



ထို့နောက် အမျိုးသားမြေယာအသုံးချမှုကောင်စီ ဥက္ကဋ္ဌ ဒုတိယသမ္မတက ကောင်စီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်မြေအသုံးချမှုကော်မတီများ အမြန်ဆုံး ဖွဲ့စည်းအကောင်အထည်ဖော်သွားကြရန်နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့် မြေအသုံးချမှုကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်သွား ကြရန် လိုကြောင်း။



အမျိုးသားမြေအသုံးချမှုကောင်စီသည် အမျိုးသားမြေအသုံးချမှု မူဝါဒအရ နိုင်ငံတော်၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် လက်ရှိ ဖွဲ့စည်းဆောင်ရွက် လျက်ရှိသော ပြည်ထောင်စုအဆင့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီများ၊ အဖွဲ့များ၏ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်များကို ကြီးကြပ်လမ်းညွှန်နိုင်ရန်နှင့် ကော်မတီများနှင့် အဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်းပေးရန်အတွက် ယန္တရားတစ်ခု ဖော်ဆောင်ခြင်းသည် အရေးကြီး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း။



အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သောအဆိုဖြစ်သည့် အမျိုးသားမြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရေးအတွက် အမျိုးသားမြေအသုံးချ မူဝါဒကို ပြန်လည် သုံးသပ်ပြီး မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချမှု မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံတွင် စနစ်တကျ ကောင်းမွန် သော မြေယာစီမံခန့်ခွဲမှု တိုးတက်ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ကြရန် တိုက်တွန်း ပြောကြားသည်။