နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တနင်္သာရီတံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တနင်္သာရီတံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား  ကြည့်ရှုစစ်ဆေး
မြိတ် မေ ၄
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာ ကြပြီး မြိတ်မြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံများ က မြိတ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မြိတ်မြို့ တစ်ဘက်ကမ်း ကျွန်းစု မြို့နယ်အတွင်းရှိ ပထက်တောင်အတုလရံသီရွှေသာလျောင်းဘုရားကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပြီး အလှူငွေများပေးအပ် လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရွှေသာလျောင်းဘုရားကြီးအား လှည့်လည် ဖူးမြော်ပြီး ဂေါပကအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
 
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မြိတ်ကမ်းနားလမ်း ထားဝယ်စု ရပ်ကွက်ရှိ သဘာဝ ဇီဝစိုးငှက်သိုက်အိမ်သို့ ရောက်ရှိကြပြီး လေ့လာကြည့်ရှုရာ တာဝန်ရှိသူများက ဇီဝစိုးငှက်များ အသိုက်ပြုလုပ်ပုံ၊ ငှက်သိုက်ထုတ်ယူမှု လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် တနင်္သာရီ မြို့သို့ရောက်ရှိကြပြီး တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် တနင်္သာရီတံတားတည်ဆောက်ရေး စီမံကိန်းအား သွား ရောက် ကြည့်ရှုစစ်ဆေးသည်။
 
နိုင်ငံတော်သမ္မတအား စီမံကိန်းရှင်းလင်းဆောင်၌ တံတားဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရွှေလေးက တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်း၊ တံတားများ တည် ဆောက်ပေးထားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ တနင်္သာရီတံတားနှင့် သမုတ်-လွတ်လွတ်တံတား စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာငွေရရှိမှုနှင့် ဆောင် ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးနှင့်ပြည်နယ်များ တပြေးညီဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေများကို မျှဝေသုံးစွဲ ဆောင်ရွက်နေပါကြောင်း၊ ခွင့်ပြုပေးသော ဘဏ္ဍာငွေနှင့် လျော်ညီသည့် အရည် အသွေး၊ စံချိန်စံညွှန်းများ ကိုက်ညီရန်လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေများသုံးစွဲ ဆောင် ရွက်ရာတွင် လေလွင့်ဆုံးရှုံးမှု မရှိစေရန် စနစ်တကျ ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ ယခုတံတား တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်း သွားလာသည့် အခါ တံတားခံနိုင်ဝန်နှင့် ဖြတ်သန်းမည့် ယာဉ်တန်ချိန်များ မျှတအောင် အထူးကြပ် မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်း၊ တံတားများ တည်ဆောက်ရာတွင် သတ်မှတ်အချိန် ကာလအတွင်း ပြီးစီးရန်လို အပ်သကဲ့သို့ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်များနှင့် ကိုက်ညီရမည်ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန်ပြီးပါက ပြည်သူများ မြန်မြန် အကျိုးခံစားနိုင်မည် ဖြစ်ပါကြောင်း၊ လမ်း၊ တံတားနှင့် လျှပ်စစ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာပါက ကျေးလက်နေပြည်သူ များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများပါ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပြီး လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင် သူများအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတတ်ကျွမ်းသည့် ပညာဖြင့် ကြိုးစားပါဝင် ဆောင်ရွက်စေလိုပါကြောင်းနှင့် မိမိတိုင်းပြည်၊ နိုင်ငံသူ နိုင်ငံသားများနှင့် နောင်လာနောက်သားများအတွက် စံနမူနာပြဖြစ်အောင် ကြိုးစား လုပ်ဆောင်ပေးကြစေလိုပါကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တနင်္သာရီတံတားတည်ဆောက် ပြီးစီး မှုအခြေအနေကို ကြည့်ရှုသည်။
 
တနင်္သာရီတံတားသည် အာဆီယံလမ်းမကြီး (AH 112) ဖြစ်သည့် ထားဝယ်-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းလမ်း မိုင်တိုင် (၄၉/၄)နှင့် (၄၉/၆)အကြား တွင်ရှိပြီး တနင်္သာရီမြစ်ကို ဖြတ်သန်းတည်ဆောက်မည့် တံတားဖြစ်ကာ အရှည်ပေ ၁၄၄၄ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ်(တစ်ဖက်လျှင်) ၄ ပေစီရှိပြီး ခွင့်ပြုယာဉ်အလေးချိန် ၇၅ တန် နှစ်လမ်းသွား သံပေါင်၊ သံကူကွန်ကရစ် ကြမ်းခင်း တံတားဖြစ်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မြိတ်မြို့မှ တပ်မတော် အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်။