အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ

Printer-friendly versionSend by email
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် 
သဲကုန်း- ညောင်အိုင်ပန်းတာသစ်အပြီးသတ်တည်ဆောက်နေမှုအား
သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၄
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ဧရာဝတီတိုင်းဒေကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီးဦးလှကျော်နှင့် ဦးကျော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေကျပ် ၉၉ဝ ဒသမ ၈၆၈ သန်းဖြင့် တည်ဆောက်နေသည့် ဧရာဝတီဟင်္သာတ ဇလွန်မြို့နယ်အပိုင်း သဲကုန်း- ညောင်အိုင်ပန်းတာသစ်အပြီးသတ် တည်ဆောက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီယူသည် ယနေ့နံနက်ပိုင်းတွင် ဇလွန်မြို့သို့ ရောက်ရှိရာ ဇလွန်မြို့ မြတ်ဇလွန်ခန်းမ၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်က ဧရာဝတီတိုင်းဒေသကြီး ဇလွန် မြို့နယ် သဲကုန်းရွာအနီးတွင်တည်ဆောက်လျက်ရှိသည့် သဲကုန်း- ညောင်အိုင်ပန်းတာ သစ်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က သဲကုန်း- ညောင်အိုင်ပန်းတာအနီး ဧရာဝတီ မြစ်ကြောင်းထိန်းသိမ်းခြင်းနှင့် မြစ်ကမ်းထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေများနှင့်စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတကသဲကုန်း- ညောင်အိုင်ပန်းတာသစ် တည်ဆောက်ခြင်း လုပ်ငန်းအားမိုးမကျမီ အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်ရာတွင် အရည်အသွေးထိန်းသိမ်းခြင်းကိုလည်း အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ရေရှည် အားဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဧရာဝတီမြစ် ရေလမ်းကြောင်းကျယ်ဝန်းကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည့် တာတမံအနီး ကမ်းထိန်းခြင်းလုပ်ငန်းများနှင့် သောင်တူးခြင်းလုပ်ငန်းများကို နှစ်စဉ်ဘဏ္ဍာငွေ လျာထားသတ်မှတ်၍ ဖိဖိစီးစီးဆောင်ရွက်သွားရန်လိုကြောင်း၊ ယင်းသို့ ဆောင်ရွက် နေစဉ် ကာလအတွင်း မြစ်ရေကြီးခြင်း၊ ကမ်းပြိုခြင်းများဖြစ်ပေါ်လာပါက ဒေသတွင်း ရေလွှမ်းမိုးပျက်စီးခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာနက ယခုပန်းတာသစ်ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဧရာဝတီ ဟင်္သာတတာထိန်းသိမ်းခြင်းလုပ်ငန်းအားဌာနနှစ်ခုမှ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မြစ်ကမ်းထိန်းသိမ်းခြင်းနှင့် ရေလမ်းကြောင်း ကောင်းမွန် ရေးအတွက်ဆောင်ရွက်ရာတွင် ဒေသနှင့် ကိုက်ညီသည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်၍ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီးဆောင်ရွက်နိုင်ရန် ကုန်ကျမည့် ပမာဏအားတွက်ချက်ထားရန် လိုအပ်ကြောင်းမှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် သဲကုန်း- ညောင်အိုင်ပန်းတာ သစ်အားစက် ယန္တာရားများဖြင့် အပြီးသတ်တည်ဆောက်နေမှု၊ ပန်းတာအနီးအိုးဖိုဒေါင့်ကြီးသောင် အားရေကြောင်းပြောင်းလဲရန်အတွက် သောင်တူးစက်များဖြင့် သောင်တူးနေမှု၊ ရေပေါ် ရေလွဲှတန်း၊ နှုံးဖမ်းတန်းများဖြင့် မြစ်ကမ်းကာကွယ်ရေး ဆောင်ရွက်ထားမှုနှင့် ကမ်းရင်းတာမိုင် ၂၂/၂မိုင်အနီးတွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းရင်းတာကျိုးပေါက် နေမှုကိုလိုက်လံကြည့်ရှုစစ်ဆေးသည်။
ယခုတည်ဆောက်နေသည် ပန်းတာသစ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဇလွန်မြို့နယ် ဧရာဝတီဟင်္သာတ တာမိုင်၂၂/၄-မှ ၂၄/ဝ သဲကုန်း-ညောင်အိုင်ရွာအနီးတွင် တည်ရှိပြီးယခင်ကမ်းရင်းတာမှာ တာမိုင်၂၂/၃အနီးတွင် တာနှင့်မြစ်ကမ်း အကွာအဝေးသည် ပေ၄ဝအနီးသို့ရောက်ရှိနေပြီးအက်ကြောင်းများ ဖြစ်ပေါ်နေကာမြစ်ကမ်းပါးနိမ့်ကျ၍ ကမ်းရင်းတာအားထိခိုက်လာသည့်အတွက် ယခု သဲကုန်း- ညောင်အိုင်ပန်းတာ သစ်ကိုမိုးရာသီမတိုင်မီအပြီး တည်ဆောက်ခြင်း ဖြစ်ကြောင်းသိရသည်။
သဲကုန်း-ညောင်အိုင်ပန်းတာသစ်မှာယခုအခါ ၉၇ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ပန်းတာအသစ် တည်ဆောက်ခြင်းအားဖြင့် ဇလွန်၊ ကျုံပျော်၊ ရေကြည်၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ငါးသိုင်းချောင်းမြို့နယ်များရှိလယ်မြေဧက (၃)သိန်းကျော်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၇၆) စု၊အိမ်ထောင်စု (၂၈၆၆၁၅)၊ လူဦးရေ (၁၂၅၅၁၆၈)ဦးကို ရေးဘေးအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
 
အိုးဖို - သဲကုန်းကျေးရွာ မြစ်ကမ်းထိန်းလုပ်ငန်းနှင့် ဒေါင့်ကြီးရေလမ်း ကောင်းမွန် ရေးသောင်တူးလုပ်ငန်းတို့ကို ၂ဝ၁၈- ၂ဝ၁၉ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၂၉၆သန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် သန်း ၂ဝဝ တို့ဖြင့် Steel Cable Groyneတည်ဆောက်ခြင်း၊ တစ်တန်းသွားအုန်းတိုင်စိုက်ရေကာ၊ အခြေထိန်းမျောကျောက်ဖြည့်ရေကာနှင့် သဲအိပ်အလေးဝန်ထည့် ကတ္တရာပေပါတွဲ များချထားခြင်း၊ ဝါသာလှတူးမြောင်းဝသောင်နှင့် အိုးဖို - သဲကုန်းကျေးရွာရှေ့ တစ်ဖက် ကမ်းသောင် တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားအတွက် အလှူငွေများကိုပေးအပ်လှူဒါန်းပြီး ဇလွန်မြို့မှမော်တော်ယာဉ် ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာမွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။