ဒုတိယသမ္မတ ဦးမြင့်ဆွေ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နဝမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးမြင့်ဆွေ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နဝမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၂



ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နဝမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။



အစည်းအဝေးသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးဝင်းခိုင်၊ ဦးအုန်းမောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးအောင်ထူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ လုပ်ငန်းကော်မတီ(၅)ရပ်မှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။



အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ယနေ့ကျင်းပသည့် အစည်းအဝေးမှာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နဝမအကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါကိစ္စရပ်များအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၇၉/၂၀၁၆ ဖြင့် လုပ်ငန်းတာဝန် (၅)ရပ် ချမှတ်ကာ အဖွဲ့ဝင် (၂၀)ဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ သက်တမ်းအားဖြင့် (၂)နှစ်ခွဲရှိပြီဖြစ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်း တာဝန် (၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ (၅)ခုကို ဖွဲ့စည်းပြီး လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။



ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ (၂၈)ရက်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း (၄)ကြိမ်၊ ၂၀၁၈ ခုနှစ်အတွင်း (၃)ကြိမ်နှင့် ယခုအကြိမ်သည် ၂၀၁၉ ခုနှစ်အတွင်းတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ်မှ အဋ္ဌမအကြိမ်အထိ အစည်းအဝေးဆုံးဖြတ်ချက် စုစုပေါင်း (၆၉)ချက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအချက် (၆၄)ချက်နှင့် ဆောင်ရွက်ဆဲ (၅)ချက် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲ (၅)ချက်ကိုလည်း အမြန်ပြီးပြတ်အောင် အချိန်ကာလသတ်မှတ်ပြီး ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။



နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ကုန်သွယ်မှုကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင်တည်ရှိပြီး အဆိုပါကုန်သွယ်မှုကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍသည် ၈၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းအကြား ပါဝင်နေသည်ကို ကိန်းဂဏန်းများအရ တွေ့ရပါကြောင်း၊ ထို့အပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက် အကူပြုနိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ (၂၆)ကြိမ် တွေ့ဆုံခဲ့ပြီး (၂၅)ကြိမ်အထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက် စုစုပေါင်း (၃၃၉)ချက် အားလုံးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြား ပေးခဲ့ပြီးဖြစ်ကြောင်း။



အဆိုပါပြန်ကြားချက်များအားလုံးတွင် အချို့အချက်များသည် အချိန်ယူ၍ ဆက်လက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ အဆိုပါ ဆက်လက်ဖြေရှင်း ဆောင်ရွက်ပေးရ မည့် လုပ်ငန်းများကိုလည်း လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင် သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆွေးနွေးပွဲများ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်သည့် ကဏ္ဍအလိုက် အကောင်အထည်ဖော်ရာတွင် အချို့အချက်များသည် တိုးတက်မှုနှေးကွေးသည်ကို တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိတို့ ဆောင်ရွက်မည့်လုပ်ငန်းများ တိုးတက်မှု မြန်ဆန်လာအောင် အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါ ကြောင်း၊ ထို့ပြင် လုပ်ငန်းကော်မတီ (၅)ရပ်အနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များ အလိုက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များကို စနစ်တကျရေးဆွဲပြီး အကောင် အထည် ဖော်ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း။



နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ်၊ မတ်လအထိ ဖမ်းဆီးအရေးယူမှု (၄၃၆)ကြိမ်၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၅ ဒသမ ၁၄၅ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း။



ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာတွင် ဆောင်ရွက်သကဲ့သို့ အဆင်ပြေချောမွေ့စေရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ဆောင်နိုင်မှုအဆင့်များ တိုးတက်လာစေရန်နှင့် ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ် ညှိနှိုင်းပြီး လိုအပ်သည်များ အချိန်နှင့် တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ကို လုပ်ငန်းတာဝန် (၁၂)ချက် ချမှတ်ကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ (၁၃)ဦး ဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းအဖွဲ့ အောက်တွင် ညွှန်းကိန်းတစ်ခုချင်းအလိုက် အထောက်အကူပြုအဖွဲ့ (၁၀)ဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်မည့် Ease of Doing Business Ranking တွက်ချက်ရေးအတွက် ကမ္ဘာ့ဘဏ်က မေးလာသည့်မေးခွန်းများကို ၂၀၁၉ ခုနှစ်၊ ဧပြီလကုန် တွင် အပြီးသတ်ဖြေကြားခဲ့သည့်အပြင် ၂၀၁၉ ခုနှစ်၊ ဧပြီ ၃ ရက်၊ ၄ ရက်များတွင်လည်း သက်ဆိုင်ရာ ညွှန်းကိန်းအလိုက် အဖွဲ့များနှင့် ကမ္ဘာ့ဘဏ်ရုံးချုပ်မှ တာဝန်ရှိသူများ Video Conferencing ပြုလုပ်ခဲ့ကြသည် ဟု သိရပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆောင်သည့် အဖွဲ့ကလည်း Action Plan to April ကို ချမှတ်ကာ အညွှန်းကိန်းအလိုက် အထောက်အကူပြုအဖွဲ့များတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ် (၂၇)ခု ချမှတ်ပြီး ဆောင်ရွက် ခဲ့သည်ကို တွေ့ရပါကြောင်း။



ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်နေရခြင်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်မည့် Doing Business အစီရင်ခံစာအတွက် ဖြစ်သလို Ease of Doing Business လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် တိုးတက်လာစေရန် အတွက်လည်း ဖြစ်ပါကြောင်း၊ ယခုလို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန အသီးသီးအနေဖြင့် သက်ဆိုင်ရာ အညွှန်းကိန်းများအလိုက် ပြုပြင်ပြောင်းလဲမှုများကို ကာလတို၊ ကာလရှည်သတ်မှတ်ပြီး အောင်မြင်အောင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။



သို့မှသာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်ရေး၊ သိုလှောင်ရုံ ဆောက်လုပ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ချေးငွေရရှိရေး၊ အခွန်ပေးဆောင်ရေး စသည့် ကိစ္စရပ် များကို အချိန်တိုအတွင်း ကုန်ကျစရိတ်အနည်းဆုံးဖြင့် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် Ease of Doing Business Ranking တိုးတက်ရေးအတွက် ဆက်စပ်သည့်ဌာနများအားလုံးအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရန်၊ လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် နည်းပညာသစ်များကို အသုံးပြု၍ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်သွားရန်၊ နိုင်ငံတော်အစိုးရမှ ဆုံးဖြတ်ချက်များချမှတ်ကာ ဆောင်ရွက်နေမှုများကို ဌာနဆိုင်ရာများနှင့် ပြည်သူများအားလုံး ကျယ်ပြန့်စွာ သိရှိနိုင်ရေးဆောင်ရွက်သွားရန်နှင့် အစည်းအဝေးဆုံးဖြတ်ချက်များကိုလည်း လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ထို့အပြင် လာမည့် ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်မည့် Doing Business အစီရင်ခံစာအတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် (Reform Action Plan) များကိုလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ဆောင်ရွက်ထားကြရန် ပြောကြားလိုပါကြောင်း။



နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည် ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ အနေနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် ဒေသတွင်းနိုင်ငံများတွင် လုပ်ဆောင်နေသည့် အောင်မြင်သည့် နည်းစနစ်များ၊ စံနှုန်းများကို လေ့လာအတုယူပြီး မိမိဝန်ကြီးဌာန အဖွဲ့အစည်းအတွင်းတွင်လည်း ပြုပြင်ပြောင်းလဲသင့်သည့် ကိစ္စရပ်များကို ပြုပြင်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပြုပြင်ပြောင်းလဲသည့် နေရာတွင်လည်း မိမိတို့ ဝန်ကြီး ဌာနစံနှုန်းဖြင့် တိုင်းတာခြင်းထက် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။



ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် Ease of Doing Business Ranking တိုးတက် စေရေးအတွက် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ Ease of Doing Business Ranking တိုးတက် စေရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြား သည်။



ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကုန်သွယ်မှု ဆိုင်ရာ အခွင့်အလမ်းများနှင့် အခက်အခဲများ၊ နယ်စပ်ကုန်သွယ်မှုအခြေအနေနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။



ယင်းနောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး၊ အမြဲတမ်း အတွင်းဝန် ဦးအောင်စိုးက အဋ္ဌမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။



ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က “အခြေခံ လူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ” နှင့်စပ်လျဉ်း၍လည်းကောင်း၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက “ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ” နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က “ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်တိုးတက် ကောင်းမွန်စေရေးလုပ်ငန်းကော်မတီ” နှင့်စပ်လျဉ်း၍လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက “ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ” နှင့်စပ်လျဉ်း၍လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် က "စီးပွားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တွင် နိုင်ငံ၏အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေးလုပ်ငန်းကော်မတီ”နှင့်စပ်လျဉ်း၍လည်း ကောင်း၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။



ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော အခြေအနေ များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်နေမှုများနှင့ျ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ကမ္ဘာ့လှည့်ခရီးသွားများ ပိုမို ဝင်ရောက်မှု အခြေအနေနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာအကြံပြုချက်များကို ဆောင်ရွက်ပေးနေမှု အခြေ အနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေရရှိနိုင်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ချေးငွေရရှိရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အကြံပြုဆွေးနွေးကြသည်။



ထို့နောက် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး က Doing Business Ranking နှစ်အလိုက် ရရှိမှုအခြေအနေနှင့် အဆင့်တိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။



ယင်းနောက် Doing Business အစီရင်ခံစာနှင့် ပတ်သက်၍ ညွှန်းကိန်းနယ်ပယ်အလိုက် ဆက်လက်ဆွေးနွေးတင်ပြရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်လွင်၊ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာကြည်ညွန့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်း၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တို့က ၎င်းတို့နှင့် သက်ဆိုင်သည့် ညွှန်းကိန်းနယ်ပယ်အလိုက် Ease of Doing Business Ranking တိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။



ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။