ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဟားခါး - မတူပီလမ်းပိုင်း လမ်းတာချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး၊ ဆူရ်ခွားမြို့ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ

Printer-friendly versionSend by email





ဟားခါး ဧပြီ ၂၈



ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့တွင် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ဆက်သွယ် သည့် မတူပီ - ဟားခါးလမ်းပိုင်း လမ်းတာချဲ့ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ ဆူရ်ခွားမြို့တွင် ဒေသခံပြည်သူ လူထုနှင့် တွေ့ဆုံသည်။



ရှေးဦးစွာ ဒုတိယသမ္မတနှင့် အဖွဲ့သည် မတူပီမြို့မှ တဆင့် မော်တော်ယာဉ် များဖြင့် ထွက်ခွာလာရာ လမ်းတစ်လျှောက်ရှိ မြို့၊ရွာများမှ ဒေသခံပြည်သူများက ရိုးရာ ဓလေ့အတိုင်း ဂုဏ်ပြုကြိုဆိုကြပြီး ဒုတိယသမ္မတ က ဒေသခံပြည်သူများ၏ လိုအပ်ချက်များအား ညှိနှိုင်း ပေါင်းစပ်ဖြေရှင်းပေးသည်။



ထို့နောက် ဦးမျိုးကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောင်ရွက်နေသည့် ဟားခါး - မတူပီလမ်း (၁၂၈ ဒသမ၇ဝကီလိုမီတာ) (၈ဝ/ဝ)မိုင်မှ (၁၂၉ ဒသမ ဝဝ ကီလိုမီတာ) (၈ဝ/ ၁ ဒသမ ၅မိုင်) အတွင်း လမ်းတာချဲ့ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိ သူများက လက်ရှိ လမ်းတာချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။



ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။



မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဆူရ်ခွားမြို့သို့ ရောက်ရှိကြပြီး စော်ဘွားကြီး ဦး VAN KIO ၏နေအိမ်တွင် ချင်းရိုးရာ ပစ္စည်းများ ခင်းကျင်းပြသ ထားသည့် ပြတိုက်ကို ကြည့်ရှုလေ့လာသည်။



ဆက်လက်၍ ဒုတိယသမ္မတသည် ဆူရ်ခွားမြို့ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။



အခမ်းအနား၌ ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ရောက်ရှိလာခဲ့သည့်အခါ ဆူရ်ခွား ကျေးရွာကို မြို့အဆင့်သို့ နိုင်ငံတော်မှ တိုးမြှင့်ပေး သည့် အချိန်အခါသမယနှင့် တိုက်ဆိုင်သည့်အတွက် အားလုံးအတွက် ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံသည့် အချိန်အခါဟု ပြောလိုပါကြောင်း။



ဆူရ်ခွား ကျေးရွာကို ၁၈၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် မြို့ပြအုပ်ချုပ်ရေးရုံး ကို ဖွင့်လှစ်ပြီး ဝန်ထောက်ရုံး စိုက်ခဲ့ပါကြောင်း၊ ၁၉၆၆ ခုနှစ်မှ စတင်ပြီး၁၉၇၄ ခုနှစ်အထိ ဆူရ်ခွားကျေးရွာအုပ်စု ကို လက်ထောက်မြို့ပိုင်ရုံးစိုက်သည့် မြို့နယ်ခွဲအဖြစ် သတ်မှတ်ပြီး လက်ထောက်မြို့ပိုင်တစ်ဦးကို အုပ်ချုပ်စေခဲ့ပါကြောင်း၊ သို့သော်၁၉၇၄ ခုနှစ် မှစတင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့နယ်ခွဲမှ ကျေးရွာအုပ်စု အဆင့်ကို ပြန်လည် လျှော့ချခဲ့ပါကြောင်း၊ သို့သော် ဒေသခံပြည်သူများ၏ တင်ပြချက်၊ လိုလား ချက်အရ ၂ဝ၁၉ခုနှစ် ဧပြီ ၂၅ ရက်တွင် ဆူရ်ခွားကျေးရွာအုပ်စုကို မြို့အဆင့် တိုးမြှင့် သတ်မှတ်ခဲ့ ပါကြောင်း။



ဆူရ်ခွားကျေးရွာနှင့်ပတ်သက်ပြီး ၁၉၇၈ ခုနှစ်တွင် ၁၆ ခုတင် ဆံ့ဆေးရုံနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲကင်းကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ အလားတူ ၁၉၉၁ ခုနှစ်တွင် အခြေခံ ပညာအထက်တန်းကျောင်း၊ မူလတန်းကျောင်း၊ နယ်မြေမီးသတ်စခန်းများ ကိုလည်း နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ပေးခဲ့ ပြီးဖြစ်ပါကြောင်း၊ ယခု မြို့အဆင့် တိုးမြှင့်သတ်မှတ် ခဲ့ခြင်းကြောင့် အခြားမြို့အင်္ဂါရပ်နှင့် ဆက်စပ်သည့် ရုံးလုပ်ငန်း၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများကိုလည်း နိုင်ငံတော်အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုအဆင့်မှ မြို့အဆင့်သို့ တိုးမြှင့် သတ်မှတ်ပေးခြင်းသည်လည်း နယ်မြေဒေသ၏လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးများကို အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန်အတွက် ယခုကဲ့သို့ဖွဲ့စည်းပေးခြင်းကြောင့် နိုင်ငံတော်အစိုးရ၏ စေတနာကိုလည်း ဒေသခံပြည်သူများအားလုံးက အလေးအနက် သိရှိနားလည် သဘောပေါက်ပေးစေလို ပါကြောင်း။



ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့် ဒေသဖြစ်သည့် အတွက်ကြောင့် အစစအရာရာတွင် နောက်ကျကျန်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ဆင်းရဲ မွဲတေမှုသည် ၂၆ ရာခိုင်နှုန်းခန့် ပျမ်းမျှ ရှိပြီး ချင်းပြည်နယ်တွင် ၇၄ ရာခိုင်နှုန်းရှိပါ ကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ အနေဖြင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် တို့ထက် ပိုမိုကြိုးစားရမည် ဖြစ်ပါကြောင်း။



ထိုသို့ ပိုမိုကြိုးစားနိုင်စေရန် ယခုကဲ့သို့ကျေးရွာအုပ်စုများအား မြို့အဆင့်သို့ တိုးမြှင့်သတ်မှတ် ပေးခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေ သည့်အချိန်တွင် ဒေသခံ ပြည်သူ အားလုံး၏ ပူးပေါင်းဆောင် ရွက်မှုသည် အလွန်အရေး ကြီးပါကြောင်း။



အစိုးရနှင့်ပြည်သူတက်ညီလက်ညီနှင့် ပူးပေါင်းဆောင်ရွက်မှသာလျှင် လိုလားသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ဆူရ်ခွားကို မြို့ အဆင့် သတ်မှတ် ပေးသကဲ့သို့ လက်ရှိအစိုးရသုံးနှစ်သက်တမ်းအတွင်း ချင်းပြည်နယ် တွင် ကျေးရွာအုပ်စုအဆင့်မှ မြို့အဆင့်သို့ မြို့ ၅ မြို့ကို တိုးမြှင့် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ချင်းပြည်နယ်တောင်ပိုင်းတွင် ကျင်ဒွေးရွာ၊ မကွီအိမ်နူးရွာနှင့် ယခုမြောက်ပိုင်းတွင်လည်း နှာဟရိန်မြို့၊ ဆူရ်ခွားမြို့နှင့် ဝေဘူလ မြို့တို့ကိုလည်း ကျေးရွာအုပ်စုအဆင့်မှ မြို့ အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါကြောင်း။



ချင်းပြည်နယ်၏ အဓိက နောက်ကျကျန်ခဲ့သည့်အကြောင်း အရင်းသည် လမ်းပန်းဆက်သွယ်ရေးကြောင့် ဖြစ်ပါကြောင်း၊ ယခုအခါလမ်းပန်းဆက်သွယ်ရေး သာ မက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ကို အရှိန်အဟုန်ဖြင့် တိုးတက်လာရန်အတွက် ကြိုးစားဆောင်ရွက်နေသည့် အချိန်ဖြစ်ပါကြောင်း၊ မြန်မာနိုင် ငံ၏ သမိုင်းကြောင်းတစ် လျှောက်တွင် ချင်းတိုင်းရင်းသားလူမျိုးများ သည် အမျိုးသား အရေးတွင် အခြားပြည်ထောင် စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများ နှင့်အတူ တက်တက်ကြွကြွဖြင့် လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်း များကို ထိန်းသိမ်းပြီး လာမည့်နှစ်များ တွင် နိုင်ငံသူနိုင်ငံသား များအားလုံး၏ အဓိက လိုလားတောင့်တနေသည့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် ခိုင်မာသည့် ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူပြီးနိုင်ငံတော်အစိုးရ၏ ကြိုးစားဆောင် ရွက်ပေးနေမှုအပေါ်တွင် ဒေသခံပြည်သူ များအနေဖြင့် တက်တက်ကြွကြွပူးပေါင်းလက်တွဲပြီး ပါဝင်ဆောင်ရွက် သွားကြစေလိုပါ ကြောင်း ပြောကြားသည်။



ယင်းနောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို မြို့မိမြို့ဖ တစ်ဦးက တင်ပြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးဖြည့်ဆည်းပေးသွားမည့် အစီ အစဉ်များကို ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ဦးရွှေထီးယို၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။



ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။