ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ပဉ္စမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ပဉ္စမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၈ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council – NRSC)၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြော ကြားသည်။ အစည်းအဝေးသို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးများ၊ ဆပ်ကော်မတီအတွင်းရေးမှူးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)အစည်းအဝေးများ ကို ၂ဝ၁၆ ခုနှစ် NRSC စတင်ဖွဲ့စည်းပြီးကတည်းက ကငြျးပခဲ့သည်မှာ ယခုဆိုလျှင် (၅)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ယာဉ်တိုက်ခိုက်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများလျော့နည်း ကျဆင်း စေရန်၊ ၂ဝ၂ဝပြည့်နှစ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေကို တွက်ချက် မှုအခြေခံနှစ်ဖြစ်သည့် ၂ဝ၁၃ခုနှစ်သေဆုံးမှု၏ ၅ဝ ရာခိုင်နှုန်းအထိ လျော့နည်း ကျဆင်းလာစေရေးဆိုသည့် အဓိကရည်မှန်းချက်ကို မျက်ခြေမပြတ် စေရန်၊ Road Safety Action Plan(2014-2020)နှင့်အညီ အရှိန်အဟုန်မြှင့်တင် အကောင် အထည်ဖော်ဆောင်ရွက်ရန်ရည်ရွယ်ချက်များဖြင့် NRSC အစည်းအဝေးများတွင် တိုင်ပင်ဆွေးနွေးဆုံးဖြတ်ကြပြီး ကြိုးစားဆောင်ရွက်လာခဲ့ကြသည်မှာ ယခုဆိုလျှင် Action Plan ၏ နောက်ဆုံးနှစ်ဖြစ်သည့် ၂ဝ၂ဝပြည့်နှစ်ကို နီးကပ်လာနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့်ကျန်သည့်ကာလအတွင်း မည်သို့ကြိုးပမ်းဆောင်ရွက် သွားကြမည်ကို ဝိုင်းဝန်းသုံးသပ်အဖြေရှာနိုင်ရန် ယနေ့အစည်း အဝေးကိုခေါ်ယူခြင်း ဖြစ်ပါကြောင်း။ မကြာမီကထုတ်ပြန်ခဲ့သည့် Global Status Report on Road Safety 2018 အစီရင်ခံစာအရယနေ့အိမ်နီးချင်းအာဆီယံနိုင်ငံများ အပါအဝင် တစ်ကမ္ဘာလုံးတွင် ယာဉ်တိုက်မှုကြောင့်သေကြေ၊ ဒဏ်ရာရ၊ ဆုံးရှုံးပျက်စီးမှုများသည် ဆက်လက် မြင့်တက် နေဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မီနိုင်ရန်အလှမ်းကွာနေသေးသည့် အနေအထားကိုလေ့လာတွေ့ရှိရပါကြောင်း၊ NRSC ၏ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံတော်အတွက်အရေးပါပြီး ပြည်သူလူထု၏ အသက်အန္တရာယ်လုံခြုံမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုအတွက်အထူးအရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သည့် အတွက် 2020 Target များကိုပြည့်မီအောင် ကျန်သည့်အချိန်ကာလအတွင်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အထူးအားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။ NRSC ၏ (၃)နှစ်တာခြေလှမ်းများကိုပြန်လည်သုံးသပ်ရာတွင် အထောက် အကူဖြစ်စေမည့် NRSC၂ဝ၁၈ခုနှစ်နှစ်ချုပ်အစီရင်ခံစာကို စီမံခန့်ခွဲရေး ဆပ်ကော်မတီက ပြည့်ပြည့်စုံစုံပြုစုထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ယင်းနှစ်ချုပ် အစီရင် ခံစာကိုလေ့လာကြည့်ပါက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေကြသည့် ဆပ်ကော်မတီများ၊တိုင်းဒေသကြီး/ပြည်နယ် RSCများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မည်သည့်ကဏ္ဍများတွင် အားနည်းချက်၊ လစ်ဟာချက်များရှိနေသည်၊ မိမိတိုင်းဒေသကြီး၊ ပြည်နယ်သည် မည်သည့် အဆင့်အထိ ရောက်နေသည်၊ မည်သည့်အချက်များကိုအလေးထား အကောင် အထည်ဖော်ဆောင်ရွက်ကြရမည်ဆိုသည့် ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင် မည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များကို ဖိဖိစီးစီးကြိုးပမ်းဖော်ဆောင်ကြခြင်းအားဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်ဆုံးရှုံးမှုများကိုလျှော့ချနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ မော်တော်ယာဉ်အမျိုးအစားအလိုက် ယာဉ်တိုက်မှုနှုန်းကိုလေ့လာကြည့်ပါက ၂ဝ၁၈ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် မော်တော်ဆိုင်ကယ်ယာဉ်မတော်တဆနှုန်း သည် ၄၉ ရာခိုင်နှုန်းရှိပြီး ၂၃၇၆ဦးသေဆုံး၊ ၁၂၉၈၅ ဦး ဒဏ်ရာရရှိခဲ့သည်ကို လေ့လာ တွေ့ရှိရပါကြောင်း။ ယာဉ်တိုက်မှုဖြစ်စဉ်ထက်ဝက်ခန့်သည် မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွား နေသည်ကို သတိမူပြီး ပြီးခဲ့သည့် စတုတ္ထအကြိမ် NRSC အစည်းအဝေးတွင် မော်တော်ဆိုင်ကယ် တိုက်ခိုက်မှု၊ သေဆုံး၊ ဒဏ်ရာရမှုလျှော့ချရေးအတွက် မော်တော်ဆိုင်ကယ်ဦးထုပ်အရည်အသွေးစံချိန်စံညွှန်းများ ထွက်ပေါ်လာရေးနှင့် စပ်လျဉ်းပြီး စီမံခန့်ခွဲရေးဆပ်ကော်မတီအနေဖြင့် မော်တော်ဆိုင်ကယ် မောင်းနှင် စီးနင်းသူများအတွက် မိမိတို့နိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် Safety Helmet Standard ပြုစုပြဋ္ဌာန်းနိုင်ရန် Regional Workshop on Motorcycle Helmet and Minimum Safety Requirements for cars အလုပ်ရုံဆွေးနွေးပွဲကို Suu Foundation နှင့်ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်ဇူလိုင်လအတွင်းနေပြည်တော်၌ ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် UN Regulation 22(Safety Helmet)ကို Adoption ပြုလုပ်နိုင်ရေးအတွက် အမျိုးသားစံချိန်စံညွှန်းများကောင်စီ (NSC)သို့ တင်ပြထား သည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါကြောင်း။ မိမိတို့နိုင်ငံအတွက် ဆိုင်ကယ်ဦးထုပ်"စံ"သတ်မှတ်ချက်အဖြစ် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီUN Regulation 22 ကိုလက်ခံကျင့်သုံးပြီး E-mark ပါသည့် ဦးထုပ်များအသုံးပြုနိုင်မည်ဆိုပါက ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံး နေရခြင်းများကို သိသာထင်ရှားစွာလျော့ကျလာစေမည်ဖြစ်ပြီး တစ်နိုင်ငံလုံးက မော်တော် ဆိုင်ကယ်စီးနင်းသူအားလုံးအတွက် အမှန်တကယ်ထိရောက်အကျိုးရှိစေ မည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်များ၏ အားသာ ချက်များကို ပြည်သူများကြားထဲတွင် စိမ့်ဝင်စွဲမြဲပြီး စနစ်တကျသုံးစွဲလာစေရန်၊ လူတိုင်း ဝတ်ဆင်စေရန်ကိုလည်း ဆက်လက်အသိပညာပေး ဆောင်ရွက်ကြရဦး မည်ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံ၏ ယာဉ်မတော်တဆမှုအချက်အလက်များကောက်ခံသည့် လက်ရှိ DataCollecting စနစ်၏ အားနည်းချက်များကိုပြုပြင်နိုင်ရန်အတွက် ADB ၏ TA 8987 အစီအစဉ်အရRoad Crash Database System ကို ၂ဝ၁၈ ခုနှစ် အတွင်း ရေးဆွဲပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂ဝ၁၉ခုနှစ် ဇန်နဝါရီ (၁)ရက်ကစပြီး Road Crash Database System အသစ်ကို ပြောင်းလဲကျင့်သုံးဆောင်ရွက်နေပြီဖြစ်ပါကြောင်း။ ယာဉ်မတော်တဆမှုဆိုင်ရာ စာရင်းဇယား၊ အချက်အလက်များ တိကျ မှန်ကန်ပြည့်စုံမှသာ NRSC အနေဖြင့် ထိရောက်အောင်မြင်သည့် လုပ်ငန်းစဉ်/ မူဝါဒများကို ချမှတ်ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Road Crash Database System စတင်ကျင့်သုံးမှုထိရောက်အောင်မြင်စေရေးအတွက် သက်ဆိုင် ရာ ဆပ်ကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကညနတို့ပူးပေါင်းပြီး အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း။ လာမည့် မေလတွင် ကမ္ဘာနှင့်အဝန်း ကျင်းပပြုလုပ်မည့် UN Global Road Safety Week နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ် RSC များကို မှာကြား လိုပါကြောင်း၊ WHO ၏ ဦးဆောင်မှုဖြင့် UN Global Road Safety Weekကို (၂)နှစ် တစ်ကြိမ်သတ်မှတ်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်ကျေပွန်စွာအစဉ်အဆက် ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် မေလ(၆)ရက်မှ (၁၂)ရက်အထိ ပဉ္စမအကြိမ် မြောက် ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုကာလ (5th UN Global Road Safety Week)အဖြစ် သတ်မှတ်ပြီးဆောင်ပုဒ်အနေဖြင့် "လူ့အသက်များကယ်ဆယ်ရန်၊ Road Safety အကြောင်းများများပြောကြစို့(Save Lives - # Speak Up)" ဟူ၍ သတ်မှတ်ထားပါ ကြောင်း၊ နေပြည်တော်၊တိုင်းဒေသကြီး/ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ဌာနများ ညှိနှိုင်းပူးပေါင်းပြီး UN Global Road Safety Weekဆိုင်ရာလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့်ထိထိရောက်ရောက် ကျင်းပစီမံဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း။ ထို့ပြင် Global Road Safety Week ၏ ယခုနှစ်ဆောင်ပုဒ်ကိုအခြေခံပြီး NRSC ၏ Road Safety ဆိုင်ရာလုပ်ငန်းစဉ်များတွင် မည်သို့အစီအမံများ ထပ်တိုးဆောင်ရွက်သွားသင့်သည်၊ မည်သို့ပြုပြင်ပြောင်းလဲဆောင်ရွက်လျှင် ပိုမိုထိရောက်အကျိုးရှိနိုင်မည်ကိုလည်း တက်ရောက်လာကြသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးကြစေလိုပါကြောင်း၊ ဆွေးနွေးအကြံပြုချက်များအရ ပေါ်ထွက်လာ သည့် လုပ်ငန်းစဉ်တိုင်းကိုလည်း အမှန်တကယ်အကျိုးကျေးဇူးရရှိနိုင်အောင်၊ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်အောင်မြင်အောင် ဆပ်ကော်မတီအားလုံး၊ ဒေသ RSC အားလုံးက အလေးထားကြိုးပမ်းအကောင်အထည်ဖော်ကြရမည်ဖြစ်ပါကြောင်း။ NRSC ၏ ၂ဝ၁၈ခုနှစ်နှစ်ချုပ်အစီရင်ခံစာအရ (၁ဝ)နှစ်တာကာလအတွင်း တောက်လျှောက်အတက်ဘက်ကိုသာဦးတည်လာခဲ့သည့် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှု နှင့် သေဆုံးမှုအခြေအနေများသည့် ၂ဝ၁၈ခုနှစ်တွင် အနည်းငယ် ပြန်လည် လျော့ကျလာခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂ဝ၁၈ခုနှစ်တွင် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှုများလျော့ကျအောင် စွမ်းဆောင်နိုင်ခဲ့ သည်ကိုကြိုဆိုရ မည်ဖြစ်သော်လည်း၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းနှစ်လတွင် သေဆုံးမှုသိသိ သာသာမြင့်တက်လာသည်ကိုစိစစ်တွေ့ရှိနေရပါကြောင်း၊ ယင်းကို NRSC အနေဖြင့် အထူးသတိပြု ကြိုးစားကိုင်တွယ်ဖြေရှင်းကြရမည်ဖြစ်ပါကြောင်း။ စိစစ်တွေ့ရှိချက်များအရ ခရီးသည်တင်အဝေးပြေး ဘတ်(စ်)ယာဉ်ကြီးများ တွင် ခရီးသည်များအသက်ကယ် ခါးပတ်မပတ်ကြခြင်း၊ အချို့ယာဉ်များဆိုလျှင် ခရီးသည်က အသက်ကယ်ခါးပတ်ပတ်ချင်သော်လည်း ထိုင်ခုံများတွင် ခါးပတ် ပြည့်ပြည့်စုံစုံ မပါရှိခြင်း၊ အချို့မှာလည်းပူးပေါင်းအဖွဲ့စစ်ဆေးချိန်များတွင်သာ ဟန်ပြခါးပတ်ပတ်ကြပြီး ကျန်ခရီးစဉ်တစ်လျှောက်ခါးပတ်မပတ်ဘဲစီးကြခြင်း စသည်ဖြင့် အမျိုးမျိုးရှိကြပါကြောင်း၊ ထိုအခြေအနေများကြောင့် အမှန်တကယ် ယာဉ်တိမ်းမှောက်မှု၊ယာဉ်တိုက်မှုများနှင့် ကြုံရသည့်အခါခရီးသည်အများစုသည် ဖြစ်သင့်ဖြစ်ထိုက်သည်ထက်သေကြေ၊ဒဏ်ရာရပျက်စီးဆုံးရှုံးမှုများပိုမိုကြီးမားခဲ့သည်ကိုသုံးသပ်တွေ့ရှိရပါကြောင်း။ ထို့ကြောင့် သက်ဆိုင်ရာဆပ်ကော်မတီများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်RSC များအနေဖြင့် အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် မောင်းနှင်နေ ကြသည့် ယာဉ်အားလုံးတွင် စီးနင်းသူအားလုံးအတွက် ထိုင်ခုံတိုင်း အသက်ကယ် ခါးပတ်ပြည့်ပြည့်စုံစုံတပ်ဆင်ပါရှိစေရေး၊ ပြည့်ပြည့်စုံစုံတပ်ဆင်ပါရှိမှုမရှိပါက ချက်ချင်းထိရောက်ဟန့်တားသည့် ပြစ်ဒဏ်ချမှတ်အရေးယူရေး၊ ယာဉ်မောင်းသူ သာမကယာဉ်ပေါ်ပါ စီးနင်းသူအားလုံးခရီးစဉ်အစအဆုံး အသက်ကယ်ထိုင်ခုံ ခါးပတ်ပတ်စေရေး စသည်တို့ကို ဆောလျှင်စွာစီမံခန့်ခွဲဆောင်ရွက်သွားရန် လိုအပ်သလို ယာဉ်ရပ်နားစခန်းများတွင်မဟုတ်ဘဲ ကြားစခန်းများတွင်လည်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် စစ်ဆေး၊ပညာပေး၊ အရေးယူမှုများကိုလည်း အရှိန်အဟုန်မကျစေဘဲ အလေးထားကြပ်မတ်ထိန်းချုပ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယာဉ်တိုက်ခိုက်မှု၊ သေဆုံးမှု၊ ဒဏ်ရာရမှု၊ မော်တော်ဆိုင်ကယ်ကြောင့် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားနေမှု၊ မော်တော်ဆိုင်ကယ်ဦးထုပ်များ အရည်အသွေးပြည့်မှီရန် ဆောင်ရွက်ရမည့် အခြေ အနေ၊ ကုလသမဂ္ဂ၏ ရည်မှန်းချက်ပြည့်မီရေးနှင့် ၂ဝ၂ဝပြည့်နှစ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့်သေဆုံးသူဦးရေကိုတွက်ချက်မှုအခြေခံနှစ်ဖြစ်သည့် ၂ဝ၁၃ခုနှစ်သေဆုံးမှု၏ ၅ဝ ရာခိုင်နှုန်းအထိလျော့နည်းကျဆင်းလာစေရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။ ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ၂ဝ၁၈ ခုနှစ် နှစ်ချုပ်အစီရင်ခံစာပါ အကြောင်းအရာများကို အနှစ်ချုပ် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စီမံခန့်ခွဲရေးကော်မတီ၊ ပညာပေးရေးနှင့်စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ် ကော်မတီတို့မှ အတွင်းရေးမှူးများက ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက် ချက်များနှင့် စတုတ္ထအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်/တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးနေလင်းကအရှေ့တောင်အာရှနိုင်ငံများနှင့် ကမ္ဘာလုံးဆိုင်ရာ ယာဉ်တိုက်ခိုက်မှုအခြေအနေများကို လေ့လာသုံးသပ်တင်ပြပြီးကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်ဖြူဖြူဝင်းက ယာဉ်မတော်တဆဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရမှုမှ ကာကွယ်ပေးသည့် Child Safety Seats နှင့် Child Restraint System ဆိုင်ရာကိစ္စရပ်များကို တင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ယာဉ်စည်း ကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မှု၊ စနစ်တကျ စောင့်ကြည့်မှု၊ အရေးယူဆောင် ရွက်မှု၊ ပြည်သူများအား အသိပညာပေးမှု၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေမှု၊ ယာဉ်အန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆောင်ရွက်ရမည့် အချက် များအား ပြည်သူများသိရှိနိုင်ရန် အသိပညာပေးရေး၊ လမ်းကြောင့်အန္တရာယ်ဖြစ်ပေါ် နိုင်သည့်နေရာများအား ပြုပြင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးသည်။ ထို့နောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ၂ဝ၁၈ခုနှစ်တွင် တစ်နိုင်ငံလုံးဆိုင်ရာယာဉ်တိုက်ခိုက်မှု၊ဒဏ်ရာရမှု၊သေဆုံးမှုများ လျော့ကျလာအောင်ကြိုးပမ်းစွမ်းဆောင်တာဝန်ကျေပွန်မှုများကို အသိအမှတ်ပြုပါ ကြောင်း၊ ၂ဝ၁၉ ခုနှစ် နှစ်ချုပ်တွင် ယခုနှစ်ထက်ပိုမိုကောင်းမွန်သည့် ရလဒ်ကောင်း များရရှိအောင်၊၂ဝ၂ဝ Action Plan ၏ ရည်မှန်းချက်များကို အတတ်နိုင်ဆုံး ပြည့်မီအောင် ယနေ့ ယခုအချိန်ကစပြီးကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ် ဖော်ဆောင်သွားကြရန် အလေးအနက်တိုက်တွန်းပါကြောင်း၊ အထူးသဖြင့် မော်တော်ဆိုင်ကယ်စီးဦး ထုပ်မဆောင်းကြသည့်အတွက် ဦးထုပ်ဆောင်းသည့် သူများထက်ဒဏ်ရာရမှုမှာ (၂ ဒသမ ဝ၄၄)ဆ၊သေဆုံးမှုမှာ (၃ ဒသမ ၆၅၃)ဆ ပိုမိုနေသည်ကို NRSC အတွင်းရေးမှူးကဖော်ထုတ်တင်ပြသွားပါကြောင်း၊ ထို့ကြောင့်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူ၊ စီးနင်းသူအားလုံးဆိုင်ကယ်စီးဦးထုပ်များကို မေးသိုင်းကြိုးမြဲမြံစွာတပ်ဆင်၊ ဝတ်ဆင်ပြီးစီးနင်းကြစေရန်၊ ဦးထုပ်မှာလည်းအသက်အန္တရာယ်ကို အမှန်တကယ် ကာကွယ်ပေးနိုင်သည့်အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်များကို ရွေးချယ်အသုံးပြုကြစေရန် ပညာပေး၊ စစ်ဆေး၊ အရေးယူမှုများကို ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ အလားတူ ကားမောင်းနှင်၊ စီးနင်းစဉ်တွင် အသက်ကယ်ထိုင်ခုံခါးပတ်ကို အသုံးမပြုသည့်အတွက်၂ဝ၁၈ခုနှစ်အတွင်းဒဏ်ရာရ(၆၂၇၆)ဦး၊သေဆုံး(၁၂၁၄)ဦးရှိခဲ့ပါကြောင်း၊ အသက်ကယ်ထိုင်ခုံခါးပတ်မပတ်ခြင်းသည် ခါးပတ်ပတ်ခြင်းထက် ဒဏ်ရာရမှုမှာ၂ ဆနီးပါးနှင့် သေဆုံးမှုမှာ၄ ဆနီးပါးပိုမိုသည်ကိုနှစ်ချုပ် အစီရင်ခံစာ တင်ပြချက်များအရ အားလုံးသိကြပြီးဖြစ်ပါကြောင်း။ ထို့ကြောင့်သေဆုံးမှု၊ဒဏ်ရာရမှုများကိုလျှော့ချနိုင်ရန် ယာဉ်များပေါ်တွင် မောင်းနှင်သူရော၊လိုက်ပါစီးနင်းသူအားလုံးခရီးစဉ်အစကနေအဆုံးအထိခါးပတ်ပတ်စေရန်၊ ယာဉ်များအားလုံးအထူးသဖြင့် ခရီးသည်တင်အဝေးပြေး ဘတ်(စ်) ယာဉ်ကြီး များအားလုံးထိုင်ခုံတိုင်းတွင် အသက်ကယ်ထိုင်ခုံခါးပတ်များ ပြည့်စုံစွာတပ်ဆင် ပါရှိပြီးဖြစ်စေရန် စီမံချက်တစ်ရပ်အသွင်ဖြင့် စစ်ဆေး၊ကြပ်မတ်၊ အရေးယူမှုများ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ထို့ပြင် အသက်ကယ်ထိုင်ခုံခါးပတ်တပ်ဆင်မောင်းနှင်ခြင်းသည် ယာဉ်မတော် တဆ မှုဖြစ်ပွားပါကမိမိတို့၏ အသက်အန္တရာယ်ကိုအမှန်တကယ် အကာအကွယ် ပေးနိုင်သည်ဆိုသည့် ယုံကြည်မှုကိုပြည်သူများ၏ ကိုယ်ပိုင်အသိစိတ်အထိ ပျံ့နှံ့လက်ခံစေရေး၊ပြည်သူများ Road Safety ဆိုင်ရာအသိအမြင်မှန်ကန်ပြီး စနစ်တကျလိုက်နာကျင့်သုံးစေရေးအတွက်အသိပညာပေးဟောပြောဆွေးနွေးမှုများကိုလည်းခရိုင်၊မြို့နယ်၊ရပ်ကျေးအဆင့်အထိကွက်ပြည့်ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။ မကြာမီမြန်မာတို့၏ ရိုးရာမဟာသြင်္ကန်ပွဲတော်ကြီးကိုရောက်ရှိတော့မည် ဖြစ်ပါကြောင်း၊ မဟာသြင်္ကန်ကာလများအတွင်းယာဉ်မတော်တဆမှုများ၊ ထိခိုက် သေဆုံး၊ ဒဏ်ရာရမှုများ ရှိလာနိုင်မည်ကိုလည်းကြိုတင် မျှော်တွေးပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် မဟာသြင်္ကန် ကာလအတွင်းယာဉ်မတော်တဆမှု (၃၁၇)မှု၊ဒဏ်ရာရ (၁ဝ၆)ဦး နှင့် သေဆုံး (၆၄၂)ဦး ရှိခဲ့သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် ယာဉ်မတော်တဆ မှုအနည်းဆုံးနှင့် မဟာသြင်္ကန်ပွဲတော်ကြီးကိုဖြတ်သန်းနိုင်ရန် အတွက်သက်ဆိုင်ရာ ဆပ်ကော်မတီများ၊ နေပြည်တော်/တိုင်းဒေသကြီး/ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီများအနေဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ပညာပေး၊ စစ်ဆေးကြပ်မတ်မှုများကို ပုံမှန်ကာလများထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြစေလိုပါကြောင်း။ မြန်မာနိုင်ငံ၏ မှတ်ပုံတင်ယာဉ်စီးရေသည် National Road Safety Action Plan (2014-2020)စတင်ခဲ့သည့် ၂ဝ၁၄ခုနှစ်တွင် စုစုပေါင်း(၄ ဒသမ ဝ၁)သန်းသာရှိခဲ့ရာက ယခု ၂ဝ၁၉ခုနှစ်ဖေဖော်ဝါရီလစာရင်းအရစုစုပေါင်း(၇ ဒသမ ၂၉)သန်းအထိနှစ်ဆနီးပါးတိုးလာခဲ့သည်ကိုတွေ့ရှိရပါကြောင်း။ ယာဉ်စီးရေတိုးပွားလာမှုနှင့် ယာဉ်မတော်တဆမှုသည် တိုက်ရိုက်အချိုးကျ သည့် သဘောသဘာဝရှိသည့်အပြင် ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်း များကို ခြုံငုံသုံးသပ်ကြည့်သည့်အခါလူကြောင့်ဖြစ်သည့် ယာဉ်တိုက်မှုသည် (၉၈ ဒသမ ဝ၂) ရာခိုင်နှုန်း ဖြစ်သည့်အတွက်ပြည်သူအားလုံး၏ Road Safety ဆိုင်ရာ အသိပညာ ပြည့်ဝမှု၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာမှု၊ အင်တိုက် အားတိုက် ကိုယ်ရောစိတ်ပါပူးပေါင်းပါဝင် ဆောင်ရွက်မှုများ မရှိမဖြစ်လိုအပ်ပါ ကြောင်း။ ပြည်သူလူထုပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရနိုင်သည့် လုပ်ငန်းတာဝန် မျိုးဖြစ်သည့်အတွက် ပြည်သူကိုအသိပညာဖြန့်ဝေစည်းရုံးပြီး ပြည်သူအားလုံး နိုးကြားတက်ကြွစွာ အသိစိတ်ဓာတ်ရှိရှိပူးပေါင်းပါဝင်ဆောင်ရွက်လာအောင် တိုးမြှင့်စည်းရုံးဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ Road Safety ဆိုင်ရာ တစ်ကမ္ဘာလုံး မျှော်မှန်းချက်ဖြစ်သည့် "Towards Zero Together" ဆိုသည့် "Vision"ကို အမှန်တကယ်ရောက်ရှိလာနိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။