နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရွှေတိဂုံစေတီတော်အား ဖူးမြော်ကြည်ညိုပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၊ ဆေးဝါးစက်ရုံ(အင်းစိန်)နှင့် ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email



ရန်ကုန် မတ်၃ဝ



နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင်းမြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် နေပြည်တော်မှ ထွက်ခွာခဲ့ပြီးရန်ကုန်မြို့သို့ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။



နိုင်ငံတော်သမ္မတသည် ရွှေတိဂုံစေတီတော်သို့ရောက်ရှိပြီး ပတ္တမြား မျက်ရှင်ဘုရားအား ရွှေကြာသင်္ကန်းကပ်လှူကာစေတီတော်အထွဋ်ရှိ စိန်ဖူးတော်အား တက်ရောက်ဖူးမြော်ကြည်ညိုသည်။



နိုင်ငံတော်သမ္မတသည် သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာသို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ ဖွဲ့စည်းတည်ရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေသည့်အစီအမံများကို ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။



တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတကမိမိတို့ို နိုင်ငံသည် ပြည်ထောင်စု သမ္မတနိုင်ငံဖြစ်ပါကြောင်း၊ ပြည်ထောင်စုဆိုသည်မှာတိုင်းရင်းသားလူမျိုးများ အားလုံး စုပေါင်းပါဝင်မှ သာပြည်ထောင်စုနိုင်ငံဖြစ်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာသို့ လာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများအပန်းဖြေလေ့လာရာတွင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၌ တိုင်းရင်းသားအားလုံး၏ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာများကို ပကတိအနေအထားအတိုင်း တစ်စုတစည်းတည်း လေ့လာနိုင်အောင် စနစ်တကျထိန်းသိမ်းပြသထားရန်လိုကြောင်း၊ ယင်းသို့ စနစ်တကျစုစည်းပြသထားခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုပေါ်လွင်စေပါကြောင်း၊ မိမိတို့တိုင်းရင်းသားများမှာသမိုင်းအစဉ်အဆက်တွင် အေးအတူပူအမျှ အတူတကွ နေထိုင်ခဲ့ကြသူများဖြစ်ပါကြောင်း၊ မိမိတို့ခံယူထားသည်မှာတိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်၊ ဓလေ့၊ ထုံးတမ်းအစဉ် အလာများကိုဖွံဖြိုးတိုးတက်အောင်၊ မပျောက်ပျက်အောင် ဆောင်ရွက်ပေးရန် မူဝါဒများရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာများစနစ်တကျရှိစေရန် လိုအပ်ချက်များကိုအချိန်နှင့်တပြေးညီဖြည့်ဆည်းပေးစေလိုကြောင်း၊ယင်းမှာမိမိနိုင်ငံ၊ မိမိတို့တိုင်းရင်းသားများ၏ ဂုဏ်သိက္ခာဖြစ်ပါကြောင်း။



ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ ပြည်တွင်း၊ ပြည်ပဧည့်သည်များ၊ အများပြည်သူများ၊ယခုထက်ပိုမိုလာရောက်စေရန် သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ သန့်ရှင်းသာယာလှပလာပါက ဧည့်သည်များ ပိုမိုလာရောက်ကြမည်ဖြစ်သည့်အတွက် ဝင်ငွေပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် မိမိတို့နိုင်ငံ၏ ပြယုဂ်ဖြစ်ပါကြောင်း၊ အလားတူမိမိတို့ ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှများအတူတကွ ချစ်ခင်စွာနေထိုင်ကြသည့် သင်္ကေတလည်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကိုယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက် သွားရန်လိုကြောင်းမှာကြားသည်။



ယင်းနောက် နိုင်ငံတော်သမ္မတသည်တိုင်းရင်းသားကျေးရွာကပွဲခန်းမတွင် ယဉ်ကျေးမှုသရုပ်ပြ ဝန်ထမ်းများက ဖျော်ဖြေတင်ဆက်သည့် ရိုးရာယဉ်ကျေးမှု အကများအား ကြည့်ရှုကာ ဖျော်ဖြေတင်ဆက်ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေ များကို ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။



ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အတွင်းလှည့်လည်ကြည့်ရှုကြသည်။



ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် စက်မှုဝန်ကြီးဌာနဆေးဝါးစက်ရုံ (အင်းစိန်)သို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ဆေးဝါးစက်ရုံ(အင်းစိန်)နှင့် မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံများမှ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။



တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ဆေးဝါးထုတ်လုပ်မှုနှင့် အမြတ်ငွေ တိုးတက်ရရှိမှုမှာသုံးစွဲသူနှင့် ဈေးကွက်တိုးတက်လာသည့်အတွက်ဖြစ်ပါကြောင်း၊ သုံးစွဲသူများပြားလာသည်နှင့်အမျှသုံးစွဲသူများ၏ အန္တာရာယ်ကင်းရှင်းရေးအတွက် အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထုတ်လုပ်မှု၊ထုတ်ပိုးမှုစနစ်ကောင်းမွန် စေရန်နှင့် ဆေးဝါးများအရည်အသွေးမီပြီး ခေတ်မှီရန်လိုအပ်ပါကြောင်း၊ အတုအပ မထုတ်လုပ်နိုင်အောင်လည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးဝါးထုတ်လုပ်မှု များနှင့် စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်ဆောင်ရွက်ပြီးဈေးကွက် တိုးတက်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြွေဆိပ်ဖြေဆေးကို ပြည်တွင်း လိုအပ်ချက်ပြည့်မီရုံသာမက ပြည်ပတင်ပို့မှုကိုလည်း ပိုမိုအောင်မြင်စေရန် ကြိုးစား ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းမှာကြားသည်။



ထို့နောက် နိုင်ငံတော်သမ္မတသည် မြွေဆိပ်ဖြေဆေးထုတ်လုပ်မှု၊ ဆေးဝါးစက်ရုံ (အင်းစိန်)မှ အသစ်ထုတ်လုပ်ထားသည့်ဆေးဝါးများ၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ် သည့် လူနာတင်ယာဉ်၊ Snake Farm၌ မြွေဆိပ်ထုတ်ယူမှု၊ ဆေးဝါးပစ္စည်း သိုလှောင် ရုံနှင့်စက်ရုံအတွင်းလိုက်လံကြည့်ရှုသည်။



ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အင်းစိန်ဘူတာသို့ရောက်ရှိပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီးဦးကျော်မျိုးတို့နှင့်အတူ RBE ရထားဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုသည်။



ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရန်ကုန်ဘူတာကြီးသို့ရောက်ရှိရာ ရန်ကုန်ဘူတာကြီး အစည်းအဝေးခန်းမ၌ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းဆောင် ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ရထားလမ်းနှင့်မလွတ်ကင်းသည့် ပျံကျဈေးသည်များအား စနစ်တကျနေရာချထားပေးမှုနှင့် ရန်ကုန်မြို့ပြလူထုရထား ပို့ဆောင်ရေးစီမံကိန်း (YUMRT) လေ့လာဆန်းစစ်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။



တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတကမိမိတို့အနေဖြင့် ပြည်သူများ၏ သွားလာရေးအဆင်ပြေပြီးသက်သောင့်သက်သာဖြစ်စေလိုပါကြောင်း၊ သို့ဖြစ်၍ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍကို ကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ပတ်ရထားလမ်းများဆောင်ရွက်ရာတွင် အချက်ပြစနစ်ကောင်းမွန်ရန် လိုအပ်ပါ ကြောင်း၊ ပြည်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းကူးတံတားများ ဆောင်ရွက် ရန်လိုပါကြောင်း၊ ရထားလမ်းနှင့် ကားလမ်းဆုံရာနေရာများတွင် ပြည်သူများ အန္တရာယ်ကင်းစေရေး၊ မြို့ပတ်ရထားလမ်းပတ်ဝန်းကျင်နှင့် လမ်းတစ်လျှောက် ဘူတာများသန့်ရှင်းသပ်ရပ်ရေးအတွက် ဆောင်ရွက်သွားရန် လိုကြောင်း၊ ရထားစီးခရီးသည်များတိုးတက်လာသည်နှင့်အမျှ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ပြီးဌာနအတွက်လည်းဝင်ငွေတိုးတက်လာမည်ဖြစ်ပါကြောင်းမှာကြားသည်။



အဆိုပါ စီမံကိန်းကိုခရီးသည်များသက်သောင့်သက်သာဖြင့် ရထားစီးနင်း နိုင်စေရန်၊ မြန်နှုန်းမြှင့်ပြေးဆွဲနိုင်စေရန်၊ ပြေးဆွဲချိန်လျော့နည်းစေရန်၊ ရထားအသုံး ပြုသည့် ခရီးသွားသူများပိုမိုတိုးတက်လာစေရန်နှင့် ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်တည်းမှုကိုတစ်ထောင့် တစ်နေရာမှ ဖြေရှင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။