နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ(နေပြည်တော်) ဖွင့်ပွဲအခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်

Printer-friendly versionSend by email
နေပြည်တော် မတ် ၂၂
နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ(နေပြည်တော်)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ ဖွင့်လှစ်ပေးသည်။
 
အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေနှင့် ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသာဦး၊ ဦးအောင်ထူးနှင့် ဦးမောင်မောင်ဝင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် အသင်း အဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အလှူရှင် များ၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
ရှေးဦးစွာ နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ(နေပြည်တော်) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် ကိုရီးယားစက်မှုဘဏ်(IBK)မှ အမှုဆောင် အရာရှိချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
 
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် MSMEs လုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကျင်းပခဲ့ရာ မန္တလေး၊ မကွေး၊ ပုသိမ်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်နှင့် မြိတ်မြို့တို့တွင် စုစုပေါင်း (၉) ကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း။
 
ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လုပ်ငန်းများကို အမျိုး အစားအလိုက်ရွေးချယ်ပြီး ဆုများချီးမြှင့်ပေးခဲ့ရာတွင် အသေးစားလုပ်ငန်းအနေဖြင့် ပထမဆု (၉)ခု၊ ဒုတိယဆု (၁၁)ခု၊ တတိယဆု (၁၉)ခု စုစုပေါင်းလုပ်ငန်း (၃၉)ခုကို ဆုချီးမြှင့်နိုင်ခဲ့ ကြောင်း၊ အငယ်စားလုပ်ငန်းအနေဖြင့် ပထမဆု (၉)ခု၊ ဒုတိယဆု (၁၄)ခု၊ တတိယဆု (၂၀)ခု၊ စုစုပေါင်းလုပ်ငန်း (၄၃)ခုကို ဆုချီးမြှင့်နိုင်ခဲ့ကြောင်း၊ အလတ်စားလုပ်ငန်းအနေဖြင့် ပထမဆု (၉)ခု၊ ဒုတိယဆု (၁၃)ခု၊ တတိယဆု (၁၈)ခု၊ စုစုပေါင်းလုပ်ငန်း (၄၀) ခုတို့ကို လုပ်ငန်းရှင် စုစုပေါင်း (၁၂၂)ဦးတို့အား ဆုများ ချီးမြှင့်နိုင်ခဲ့ပါကြောင်း။
 
ယခုနေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲသည် မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ(၉)ခု၌ ဆုရရှိခဲ့သော MSME များကို ထပ်မံယှဉ်ပြိုင်ပြီး နိုင်ငံတော်အဆင့်ဆုများ ရွေးချယ်ချီးမြှင့်သွားမည့် ပြပွဲနှင့် ပြိုင်ပွဲဖြစ်ကြောင်း၊ ယခုလို MSMEs ပြပွဲ၊ ပြိုင်ပွဲများကို ဒေသ အလိုက်မှသည် နိုင်ငံတော်အဆင့်အထိ ကျင်းပပြုလုပ်ရခြင်းသည် နိုင်ငံတော်၏ စီးပွားရေး မူဝါဒ(၁၂)ချက်အနက် ဒုတိယအချက်တွင် ဖော်ပြထားသည့် “အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်”ဆိုသည့် မူဝါဒ နှင့်အညီ MSME များ ဈေးကွက် ချဲ့ထွင်နိုင်ရေး၊ ဒေသအသီးသီးရှိ ထုတ်လုပ်မှုကဏ္ဍများနှင့် ရောင်းဝယ်မှုကဏ္ဍများ အချင်းချင်း ချိတ်ဆက်မှုဖြစ်လာရေး၊ MSME များ၏ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာရေး၊ နည်းပညာနှင့် စီးပွားရေး ဆိုင်ရာ အသိဉာဏ်မြင့်မားမှုနှင့်အတူ ပြည်တွင်း/ပြည်ပ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လာနိုင်ရေး၊ သွင်းကုန် အစားထိုးထုတ်ကုန်များ ပိုမိုများပြားလာရေးနှင့် တီထွင်ကြံဆမှု၊ စွန့်စားမှုများနှင့် ဆန်းသစ်သည့် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေးတို့ကို မျှော်မှန်းပြီး ကျင်းပပေးခြင်းဖြစ်ပါကြောင်း။
 
MSMEs ထုတ်ကုန်ပစ္စည်း ပြပွဲနှင့် ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ထုတ်ကုန်များကို လုပ်ငန်းကော်မတီ၏ အသိအမှတ်ပြုအမှတ်တံဆိပ် (MSME Logo) အသုံးပြုခွင့်ပေးမည်ဖြစ် ကြောင်း၊ MSME Logo ကို အသုံးပြုခွင့် ရရှိသည့် လုပ်ငန်းများအနေဖြင့် ဈေးကွက်က တုံ့ပြန် လာသော အကြံပြုချက်များကို လက်ခံပြီး စားသုံးသူများအကြိုက် အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများ ဖြစ်စေရေးအတွက် မိမိတို့လုပ်ငန်းများ၏ အားသာချက်ကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် စဉ်ဆက်မပြတ် တိုးတက်အောင် ကြိုးစားသွားရမည်ဖြစ်ပါကြောင်း။
 
နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နှင့် ရေရှည်အကျိုးဖြစ်ထွန်းမှုကို ရှေးရှုသည့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု ဟန်ချက်ညီရန်တို့အတွက် MSME များသည် အဓိကမောင်းနှင်အားများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအနက် ၉၉ ရာခိုင်နှုန်းသည် MSME များဖြစ်၍ MSME များ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံ့ MSME များအတွက် လိုအပ်သော နည်းပညာများ ပံ့ပိုးရေး၊ ရင်းနှီးမြှုပ်နှံမှုများ ရရှိရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ ဈေးကွက်အသစ်များ ဖော်ထုတ်နိုင်ရေးတို့ကို ပြည်ထောင်စုအစိုးရ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
 
ယခုလိုဆောင်ရွက်မှသာ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ရည်မှန်းချက် (၄)ချက်အနက် ဒုတိယအချက်တွင်ဖော်ပြထားသည့် “တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေးအခြေအနေကောင်းများ ရရှိရေး ဆောင်ရွက်ရန်”ဆိုသည့် အချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများကိုလည်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဌာနများ၊ ကျွမ်းကျင်ပညာရှင်များ နှင့်ပူးပေါင်းပြီး ရေးဆွဲလျက်ရှိရာ ယခုဆိုလျှင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် ရေးဆွဲပြီးဖြစ်ကြောင်း၊ ယခုလို မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်းသည် နိုင်ငံတော် အစိုးရအနေဖြင့် ဒေသအလိုက် ဦးစားပေးကဏ္ဍများအပေါ် ထိထိရောက်ရောက် ပံ့ပိုးကူညီပေး သွားနိုင်မည်ဖြစ်ပြီး နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် လက်တွဲပူးပေါင်းနိုင်ရေးကို ဖိတ်ခေါ် ဆောင်ရွက်သွားနိုင်မည်ဖြစ်၍ MSMEs လုပ်ငန်းများအတွက် အလွန်အကျိုးရှိစေမည်ဖြစ် ပါကြောင်း။
 
MSME များအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိရန် ချေးငွေအစီအစဉ် များ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြစ်သည့် SME ချေးငွေကျပ် (၃၀) ဘီလီယံ ၊ အပေါင်မဲ့အာမခံစနစ်(CGI) ချေးငွေကျပ် (၇ ဒသမ ၃၉၃) ဘီလီယံ၊ ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) ချေးငွေအဖြစ် JICA Two Step Loan ချေးငွေဂျပန်ယန်း (၂၀) ဘီလီယံ၊ မြန်မာ့စီးပွားရေးဘဏ်ချေးငွေကျပ် (၂၅၀) ဘီလီယံ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ စိုက်ပျိုးရေးချေးငွေကျပ် (၂၀၀)ဘီလီယံ ၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KfW) ချေးငွေယူရို (၁၅ ဒသမ ၃၀) သန်း စသည့်ချေးငွေများကို ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့်ပူးပေါင်းပြီး MSMEs လုပ်ငန်းရှင်များသို့ ထုတ်ချေးပေးလျက်ရှိပါကြောင်း။
 
မြန်မာနိုင်ငံ၏ MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေများ ရရှိစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီနည်းပညာများနှင့် သင်တန်းများ ပံ့ပိုးကူညီပေးရေး၊ စီးပွားရေးစီမံချက်များနှင့် မူဝါဒကောင်းများ ပေါ်ထွက်လာစေရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်ပေး ကြသည့် ဂျာမနီနိုင်ငံ၊ Friedrich Naumann Foundation (FNF)နှင့် ဂျာမန်ဖွံ့ဖြိုးမှု နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)၊ နယ်သာလန်နိုင်ငံ၊ PUM နယ်သာလန်စ်နည်းပညာ ပြန့်ပွားရေးအဖွဲ့၊ ဒိန်းမတ်အစိုးရ၏ တာဝန်သိစီးပွားရေးလုပ်ငန်းရန်ပုံငွေ(RBF)၊ ဂျပန်နိုင်ငံ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ ဂျပန်-မြန်မာအသင်း(JMA)၊ ထိုင်းနိုင်ငံ၊ ကာဆီကွန် ဘဏ်(KBank)၊ Entrepreneurship Development Network Asia (Myanmar) Co., Ltd. (EDNA)၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျွန်ဘွတ် Root စက်မှုအသင်း (JROOT)၊ ဂျွန်ဘွတ် မော်တော်ယာဉ်နည်းပညာသိပ္ပံ(JIAT)၊ ကိုရီးယားနည်းပညာတိုးတက်ရေးသိပ္ပံ (KIAT)၊ ကိုရီးယားစက်မှုဘဏ်(IBK)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)၊ ကနေဒါ နိုင်ငံ၊ ကနေဒါအမှုဆောင်လုပ်ငန်းအဖွဲ့ (CESO) ၊ ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) တို့ကို ကျေးဇူးတင်ရှိပါကြောင်းနှင့် အဆိုပါအဖွဲ့အစည်းများကိုလည်း ယနေ့အခမ်းအနားတွင် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း။
 
ယနေ့အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ၊ အဓိကကမကထပြုသူ(Main Sponsor) အဖြစ် ကူညီပေး ခဲ့သည့် ကိုရီးယားစက်မှုဘဏ်(IBK)၊ အလှူရှင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့်အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ MSMEs လုပ်ငန်းရှင်များ နှင့် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြား သည်။
 
ထို့နောက် MSMEs ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ကိုရီးယားစက်မှု ဘဏ် (IBK) နှင့် Good Brothers Co., Ltd တို့က အလှူငွေများ ပေးအပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
 
ဆက်လက်၍ MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိသော အဖွဲ့အစည်းများကို ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေနှင့် ဒေါက်တာ မျိုးသိမ်းကြီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
 
ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ အတွင်း၌ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည် ကြည့်ရှုအားပေးသည်။
 
ယနေ့ကျင်းပသည့် နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို မတ် ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြပွဲတွင် အိမ်သုံးနှင့်လက်မှုပစ္စည်း လုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းလုပ်ငန်း၊ စက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ချည်မျှင်နှင့် အထည် လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စက်မှုဝန်ကြီးဌာနတို့မှပြခန်း စုစုပေါင်း(၂၇၁)ခန်း ပါဝင်ပြသခဲ့ပြီး MSMEs ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ၏ ဆက်စပ်အခမ်းအနားများအဖြစ် "မြန်မာ့ ကုန်စည် ကမ္ဘာဆီသို့" ခေါင်းစဉ်ဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်များက Panel Discussion ဆွေးနွေးပွဲများ ဟောပြောပို့ချခြင်းများ ပြုလုပ်ကြသည်။ ထို့ပြင် MSMEs ထုတ်ကုန် မိတ်ဆက် အခမ်းအနားနှင့် Knowledge Sharing ကျင်းပပြုလုပ်ခြင်း၊ City Mart ၊ Gandamar Whole Sale စသည့် အသင်းအဖွဲ့များက လုပ်ငန်းရှင်များနှင့် Business Matching ချိတ်ဆက်ခြင်းစသော အခမ်းအနားများကိုလည်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။