ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် မတ် ၂၂
 
မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာမြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
 
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးသူရအောင်ကို၊ ဒုတိယဝန်ကြီးဦးတင်မြင့်၊ ဦးကြည်မင်းနှင့် ဦးလှမော်ဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်နှင့် မန္တလေးအနုပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံ သမိုင်းအဖွဲ့၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဗိသုကာလက်ရာပညာရှင်များအသင်း၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
 
အစည်းအဝေးတွင် ဒုတိယသမ္မတ က မြန်မာနိုင်ငံတွင် ရှေးနှစ်သန်းပေါင်းများစွာ ကတည်းက ပေါ်ထွန်းခဲ့သည့် ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းများကိုရှာဖွေတွေ့ရှိခဲ့ပါ ကြောင်း၊ ထို့အတူနိုင်ငံသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်စသည့် သမိုင်း မတင်မီခေတ်များကိုဖြတ်သန်းလာခဲ့သည်ကိုလည်းရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားများအရသိရှိနိုင်ပါကြောင်း၊ သမိုင်းတင်ခေတ်တွင်လည်း ပျူ၊ မွန်၊ ရခိုင်တို့၏ ရှေးဟောင်းမြို့တော်များတွင် ယဉ်ကျေးမှုများ အသီးသီးထွန်းကားခဲ့ပါကြောင်း၊ ပထမမြန်မာ နိုင်ငံတော်အဖြစ် ပုဂံခေတ် စတင်ထွန်းကားခဲ့ပြီးပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့် ကုန်းဘောင်စသည်ဖြင့် ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည်ကို တွေ့ရှိနိုင်ပါကြောင်း၊ ခေတ် အဆက်ဆက်ပေါ်ထွန်းခဲ့သည့် ရှေးဟောင်းမြန်မာ့သမိုင်းကြောင်းတစ်လျှောက်တွင် လူများ ဖန်တီးခဲ့သည့် အနုပညာလက်ရာများနှင့်ဗိသုကာလက်ရာများကိုဒြပ်ရှိယဉ်ကျေးမှုများအဖြစ် နိုင်ငံတဝှမ်းတွင်အမြောက်အမြားတွေ့ရှိနိုင်ပါကြောင်း၊ထို့အတူခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည့်ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ပွဲတော်များစသည့် ဒြပ်မဲ့ယဉ်ကျေးမှုများကိုလည်းမြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသား လူမျိုးစုအားလုံးတွင် တွေ့ရှိနိုင်ပါကြောင်း၊ ထိုသို့ခေတ်အဆက်ဆက်ပေါ်ထွန်းတည်ရှိခဲ့သည့် ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ယဉ်ကျေးမှုအမွေအနှစ်များမှ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာစသည့် ပျူမြို့ဟောင်း (၃)မြို့ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ၂၂ရက်တွင် ကမ္ဘာ့ အမွေအနှစ်အဖြစ် တက်လှမ်းနိုင်ခဲ့ပြီးဖြစ်ပါကြောင်း။
 
အလားတူ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် မဟာလောကမာရဇိန် ကုသိုလ် တော်ဘုရား ကျောက်စာများ၊မြစေတီ(ရာဇကုမာရ်)ကျောက်စာ၊ ပုဂံရွှေစည်းခုံဘုရားရှိ ဘုရင့် နောင်မင်းတရားကြီးခေါင်းလောင်းစာတို့သည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူစွာ မှတ်တမ်းတင် နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှစ်သောင်း ဘုရားရှိ အာနန္ဒစန္ဒြ ကျောက်စာကိုလည်း ၂၀၁၈ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသတွင်းမှတ်တမ်း အမွေအနှစ် စာရင်းဝင်အဖြစ် ထည့်သွင်းသတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့မှတ်တမ်းအမွေအနှစ် သတ်မှတ်နိုင် ရေးအတွက် ၂၀၂၀ခုနှစ် UNESCO သို့ ဆက်လက် တင်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး အတွက် အဆိုပြုစာတွဲ(အပြည့်အစုံ) Nomination Dossier (Complete)ကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ အချိန်မီတင်ပြနိုင်ခဲ့ပါကြောင်း။
 
ထိုသို့တင်ပြခဲ့သည့် စာတွဲများကို နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (International Council On Monuments and Sites -ICOMOS) စုံညီအဖွဲ့ကဖတ်ရှုပြီးအဖွဲ့၏နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်က၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်မှ (၂၅)ရက်အထိပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို လာရောက် အကဲဖြတ်လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး၎င်းအဖွဲ့က မေးမြန်းလာသည့်ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်သည့်ဖြေရှင်းမည့်နည်းလမ်းများ၊ စီမံခန့်ခွဲမှုစနစ်နှင့်ပတ်သက်သည့်ရှေးဟောင်းသုတေသနဆိုင်ရာအခြေပြမြေပုံရေးဆွဲထားရှိမှု၊ ပုဂံဒေသအတွက် တစ်ခုတည်းသောမြေပုံရေးဆွဲထားရှိမှု၊ ငလျင်အခြေပြမြေပုံရေး ဆွဲထားရှိမှု၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ ယဉ်ကျေးမှုအမွေအနှစ်အပေါ်ထိခိုက်မှုရှိ၊ မရှိလေ့လာဆန်းစစ်အကဲဖြတ်ခြင်း ဆောင်ရွက် သွားမည့်အခြေအနေများ၊ ပုဂံဒေသအတွင်းရှိအဆင့်အတန်းမသတ်မှတ်ရသေးသည့် ဘုရား၊ ပုထိုးများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေမှုအခြေအနေ၊ လူမှုအသိုက်အဝန်းများ ပါဝင်ပတ်သက်မှုအခြေအနေ၊ ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် အခြေအနေတို့ကို မြန်မာနိုင်ငံမှ ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း။
 
ထို့ပြင် “ကမ္ဘာ့အမွေအနှစ်စာရင်း၊ ၂ဝ၁၉ ပုဂံ(မြန်မာ) - ကြားဖြတ်” အစီရင်ခံစာ (Interim Report and Additional Information Request) နှင့် သတင်းအချက် အလက်များကိုလည်းICOMOSထံသို့ ပေးပို့ခဲ့ပြီးဖြစ်၍ အဇာဘိုင်ဂျန်နိုင်ငံ ၊ ဘာကူမြို့၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀) ရက်မှ ဇူလိုင်လ (၁၀) ရက်ထိကျင်းပပြုလုပ်မည့် (၄၃) ကြိမ် မြောက်ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံအစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းနိုင်ရေးကို ဆုံးဖြတ်နိုင်တော့မည်ဖြစ်ပါကြောင်း။
 
ဆက်လက်၍ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖြစ်ရေးအတွက် ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့်ကော်မတီများဖွဲ့စည်း၍ အဆိုပြုစာတွဲ (Nomination Dossier)ကိုကမ္ဘာ့အမွေအနှစ်ကော်မတီသို့တင်ပြနိုင်ရေးအတွက် ကဏ္ဍ အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့သောဆောင်ရွက်ချက်များ သည် မြန်မာနိုင်ငံ၏အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အမွေနှစ်အဖြစ် တက်လှမ်းနိုင်ရန်ကြိုးပမ်းဆောင်ရွက်မှုများပင်ဖြစ်ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှု အမွေ အနှစ်များသည် မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ရှိနေပြီးထင်ရှားသည့် ယဉ်ကျေးမှုအမွေ အနှစ်များအပြင်တိမ်မြှုပ်နေသည့် ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ်ထိန်းသိမ်း ကာကွယ်သုတေသနပြုရန်လိုအပ်နေဦးမည်ဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် များကိုရေရှည်တည်တံ့အောင်ဆောင်ရွက်ကြရန် မြန်မာနိုင်ငံသား အားလုံးတွင် တာဝန်ရှိ သည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင်အတည်အလင်းဖော်ပြထားပါကြောင်း။
 
မြန်မာနိုင်ငံအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့် ရှေးဟောင်း အဆောက်အအုံများကို အဆောက်အဦဆိုင်ရာ ကာကွယ်ထိန်းသိမ်းခြင်း၊ ဓာတုဗေဒဆိုင်ရာ ကာကွယ်ထိန်းသိမ်းနည်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရန် သိပ္ပံနည်းကျသုတေသန လုပ်ငန်း များနှင့် မြေပုံများရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် ရှေးဟောင်း အဆောက်အအုံဆိုင်ရာ ကာကွယ်ထိန်းသိမ်းရေး ဥပဒေများကို ထုတ်ပြန် ကာကွယ်ထိန်းသိမ်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ (၂၈)ရက်တွင် ယဉ်ကျေးမှုအမွေအနှစ် ဒေသများကာကွယ်ထိန်းသိမ်းရေး ဥပဒေကိုအသစ်ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ အဆိုပါ ဥပဒေတွင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုသာမက ဒေသခံ လုပ်သားပြည်သူများ၏ လူနေမှုဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက် လာစေရန်နှင့် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်နိုင်စေရန် ရေးဆွဲနိုင်ခဲ့သည်ကို တွေ့ရှိရ မည်ဖြစ်ပါကြောင်း။
 
ကော်မတီဝင်များအနေဖြင့် နိုင်ငံအတွင်းရှိ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းဖော်ထုတ်ခြင်းနှင့် သုတေသနလုပ်ငန်းများကိုဆောင်ရွက်ရာတွင် မိမိ တို့နှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို အတူတကွလက်တွဲ ဆောင်ရွက်သွားနိုင်ရန် ဌာနတစ်ခုနှင့် တစ်ခုဆက်သွယ်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်း ကဏ္ဍများသည် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် အကြံဉာဏ်ကောင်းများဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေး တိုင်ပင်ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်းပြောကြားသည်။
 
ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးသူရအောင်ကို က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦများ၊ နေရာဒေသများနှင့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ် ဒေသများနှင့် ဆက်စပ်ဒေသများ ထိန်းသိမ်းစောင့်ရှောက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
 
ယင်းနောက် ဒုတိယဝန်ကြီးဦးကြည်မင်းက ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် အခြေအနေများနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့်အခြေအနေများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုရှင်းလင်းတင်ပြသည်။
 
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၇) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို အတည်ပြုနိုင်ရေး၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံရှေးဟောင်း အဆောက် အအုံများထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးဆောင်ရွက် ပြီးစီးမှု အခြေအနေများ၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ရေးဆွဲရေးအတွက် မူဝါဒများချမှတ်ပေးနိုင်ရေး၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်း သိမ်းရေး ဥပဒေကိုမှတ်တမ်းတင်ပေးနိုင်ရေး၊ မြန်မာနိုင်ငံပြတိုက်များဥပဒေ(မူကြမ်း) ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေး၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စိစစ်ရေးပညာရှင်အဖွဲ့ ဖွဲ့စည်းမှုကို မှတ်တမ်းတင်နိုင်ရေး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ၂၀၁၇ ဒီဇင်ဘာလမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအထိ ဆုကြေးငွေများချီးမြှင့်၍ စုဆောင်းခဲ့သည့် ရှေးဟောင်း ဝတ္တုပစ္စည်းစာရင်းကိုမှတ်တမ်းတင်နိုင်ရေး၊ အမျိုးသားပြတိုက် (နေပြည်တော်၊ရန်ကုန်) သို့ပြည်သူများလာရောက်လှူဒါန်းသည့် ပစ္စည်းများလက်ခံရရှိမှုနှင့် တိုက်ပိုင်စာရင်းရေးသွင်း ထိန်းသိမ်းထားရှိမှုကိုမှတ်တမ်းတင်ပေးနိုင်ရေးနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း မှတ်တမ်းပြုစု ခဲ့သည့် တိုင်းရင်းသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို မှတ်တမ်းတင်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
 
ယင်းနောက် ဒုတိယဝန်ကြီးဦးတင်မြင့်နှင့် ဦးလှမော်ဦးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးသူရအောင်ကိုနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်တို့က ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။
 
ထို့နောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ UNESCOအဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ရှာဖွေဖော်ထုတ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို မြန်မာ နိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အမျိုးသားယဉ်ကျေးမှုကို ရိုးရာဓလေ့ပင်ကိုယ်ဟန် မပျောက်ပျက်စေဘဲနိုင်ငံတကာအဆင့်မီရင်ဘောင်တန်းနိုင်အောင် ကြိုးပမ်းဖော်ထုတ်ရန် လိုသကဲ့သို့ သရုပ်ပျက်အပြုအမူများ မပေါ်ပေါက်စေရေးအတွက် စည်းကမ်း ထိန်းသိမ်းခြင်းကိုလည်းဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် အကြံပြုဆွေးနွေးချက်များနှင့် လိုအပ်ချက်များကို တက်ညီ လက်ညီဆက်လက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်တိုက်တွန်းပါကြောင်းပြောကြားသည်။