ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မန်းချောင်းအပန်ဖြေဆင်စခန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှု

Printer-friendly versionSend by email



နေပြည်တော် မတ် ၁၇

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မတ် ၁၆ ရက်က ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မန်းချောင်းအပန်ဖြေဆင်စခန်း၊ ကော်ဖီနည်းပညာဖွံ့ဖြိုး ရေးခြံ(နတ်ရေကန်)နှင့် မျိုးကောင်းမျိုးသန့် နွားမွေးမြူရေးခြံတို့အား လှည့်လည်ကြည့်ရှု ၍ လိုအပ်သည်များ မှာကြားသည်။



ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်မြင့်နွယ်၊ ဒေါက်တာ ရဲမြင့်ဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၁၆ ရက် နံနက်ပိုင်းက မော်တော်ယာဉ် များဖြင့် ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဉ် စီမံကိန်း ရှင်းလင်း ဆောင်သို့ ရောက်ရှိကြသည်။



ရှင်းလင်းဆောင်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က နိုင်ငံအ တွင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းတည်ထောင်ထား ရှိမှု၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်လျက်ရှိသည့် ဘေးမဲ့တောများအခြေအနေ၊ ရွှေစက်တော်တော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဉ် နောက်ခံသမိုင်းအကျဉ်း၊ ဖွဲ့စည်းတည်ထောင်ရသည့် ရည်ရွယ်ချက်၊ ဘေးမဲ့တောဆိုင်ရာ အချက်အလက်များ၊ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားရှိမှုနှင့် ဒေသခံပြည်သူ များအား အကျိုးပြုမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။



ထို့နောက် ဒုတိယသမ္မတက ဥယျာဉ်အတွင်း လျှပ်စစ်မီးရရှိရေးအတွက် သက် ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ဥယျာဉ်အတွင်း ကြယ်လိပ်များ မွေးမြူထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က လိုက်လံရှင်းလင်းပြသသည်။



ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲတောကို မြန်မာ့ရွှေသမင်များနှင့် ယင်းတို့ ၏ ကျက်စားဒေသများကို ကာကွယ်ရန်၊ ဒေသခံပြည်သူများအား ထိန်းသိမ်းရေးဆိုင်ရာ သိမြင်နိုးကြားမှုမြှင့်တင်ရန်၊ မုန်းနှင့် မန်းချောင်းတို့၏ ရေဖမ်းတောများကို ထိန်းသိမ်းရန်၊ သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်းဖြင့် ဒေသခံများဖွံ့ဖြိုးရေးကို အထောက်အကူပြုရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။



ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင် မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်အတွင်းတည်ရှိပြီး ဘေးမဲ့တောတွင် ကမ္ဘာပေါ်၌ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင်သာ တွေ့ရှိရသည် ရှားပါးမျိုးစိတ်များဖြစ် သည့် မြန်မာ့ဒေသမျိုးစိတ်ရင်းများဖြစ်သော မြန်မာ့ရွှေသမင်နှင့် မြန်မာ့ကြယ်လိပ်တို့ကို အောင်အောင်မြင်မြင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိပြီး မြန်မာ့ဒေသရင်းငှက် မျိုးစိတ်များဖြစ်သည့် နဖားကြူးအမြီးဝိုင်း၊ ငှက်မင်းသားဗိုက်ဖြူ၊ စွေ့၊ ချိုးလင်းပြာ၊ ဗွတ်မွဲနှင့် ဘီလုံးတို့ကိုလည်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိသည်။



မြန်မာ့ကြယ်လိပ်သည် ကမ္ဘာ့အလှပဆုံး ကုန်းလိပ်များစာရင်းတွင် တစ်မျိုး ဖြစ်ပြီး မျိုးသုဉ်းလုနီးပါးလိပ်မျိုးစိတ် တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့အခြားမည်သည့် နေရာတွင်မှ မတွေ့ရှိနိုင်ပဲ မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့သစ်တောများတွင်သာ တွေ့ရှိရသည့် မြန်မာလူမျိုးတို့၏ဂုဏ်ယူဖွယ်ရာ ဇီဝရတနာဖြစ်ပါကြောင်း၊ သဘာဝ တောတွင်းနေ မြန်မာ့ကြယ်လိပ်များ မျိုးသုဉ်းမှုမှ ကယ်တင်နိုင်ရန် ရွှေစက်တော် ဘေးမဲ့တောနယ်မြေအတွင်း ခြံခတ်မွေးမြူခြင်းမှ ပေါက်ဖွားလာသော မြန်မာ့ ကြယ်လိပ်များကို သင့်တင့်လျောက်ပတ်သည့် ကာကွယ်ရေးနယ်မြေများသို့ ပြန်လွှတ်ပေးခြင်းအား မြန်မာနိုင်ငံသစ်တောဦးစီးဌာန၊ သားငှက်ထိန်းသိမ်း ရေးအဖွဲ့နှင့် လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့တို့မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။



ထို့ပြင် ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မြန်မာနိုင်ငံ၏ အမျိုး အစားစုံလင်လှသော ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ရန် သတ်မှတ်ဖွဲ့စည်းထားသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၄၃ ခုအနက် တစ်ခု အပါ အဝင်ဖြစ်ပြီး နို့တိုက်သတ္တဝါ ၁၄ မျိုး၊ ငှက် ၁၄၆ မျိုး၊ ကုန်းနေရေနေတွားသွားသတ္တဝါ ၄၃ မျိုး၊ လိပ်ပြာမျိုး ၃၉ မျိုး၊ ရေချိုငါးမျိုးစိတ် ၂၂ မျိုး၊ သစ်မျိုး ၈၉ မျိုး၊ သစ်ခွ ၃ မျိုးနှင့် ဆေးဘက်ဝင်အပင် ၂၆ မျိုးရှိကြောင်း သိရသည်။



ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မန်းရွှေစက်တော်ဘုရားသို့ သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးတို့ ဆက်ကပ်လှူဒါန်းပြီး ဂေါပကအဖွဲ့ထံ အလှူငွေ များပေးအပ်လှူဒါန်းကာ မန်းရွှေစက်တော်ဘုရားဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။



ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းသို့ရောက်ရှိရာ သစ်တောဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးလှမိုးအောင်က ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများ၊ ဆင်စခန်းများ၏ အနာဂတ်မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များ၊ မန်းချောင်းအပန်း ဖြေဆင်စခန်းဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းအကျဉ်း၊ မန်းချောင်းအပန်းဖြေဆင်စခန်း ဆိုင်ရာ အချက်အလက်များ၊ ဆင်စခန်းရှိ ဆင်အင်အားဖွဲ့စည်းမှု၊ ဆင်စခန်း၏ ဝန် ဆောင်မှုလုပ်ငန်းများ၊ ဝင်ငွေရရှိမှုနှင့် ဝင်ငွေအပေါ်အကျိုးအမြတ်ခွဲဝေမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။



ယင်းနောက် ဒုတိယသမ္မတက မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံပိုင်ဆင် ၃၀၀၀ ခန့်နှင့် ပုဂ္ဂလိကပိုင်ဆင် ၂၅၀၀ ခန့် ရှိသည်ဟု တငျပွခကြျမြားအရ သိရပါကြောင်း၊ ယခုအခါ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ဆင်ထိန်းသိမ်း ရေးအခြေပြုခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေမှုသည် အထိုက်အလျောက် အောင်မြင်နေသည်ကိုလည်း ကြားသိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်းရှိ နိုင်ငံပိုင်ဆင်များသာမက ပုဂ္ဂလိကပိုင်ဆင်များကိုလည်း ရေရှည်တည်တံ့ရေးအတွက် နည်းလမ်းကောင်းများရှာ ကြံ၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်ရေးမှာကြားပြီး ဆင်စခန်းအတွင်း ဆင်များအား ထိန်းသိမ်းကာကွယ်စောင့် ရှောက်ထားရှိမှု အခြေအနေများကို ကြည့်ရှုကာ အစားအစာ များကျွေးမွေးသည်။



မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာနတွင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြု ခရီးသွားလုပ်ငန်း စခန်း ၂၀ ကို ဖွင့်လှစ်ထားရှိပြီး အစိမ်းရောင်စီးပွား ရေးဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။



ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အခြေခံသော ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုး တက်လာစေရန်၊ ဆင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော Community Based Tourism လုပ်ငန်းများထွန်းကားစေရန်၊ ဆင်များ၏ အလေ့အထ၊ အမူအကျင့်နှင့် နေထိုင်မှု သဘာဝကို သိရှိနားလည်ပြီး ဆင်များအပေါ် ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်လာစေရန်၊ Ecotourism ဆင်စခန်းများ ဖွင့်လှစ်တည်ထောင်ခြင်းဖြင့် မြန်မာ့သဘာဝတောတောင် ရေမြေများ၏ အလှအပတရားများကို ခံစားလာတတ်ပြီး ပူးပေါင်းကာကွယ်ထိန်းသိမ်း စောင့်ရှောက်လိုစိတ်များ ပေါ်ပေါက်လာစေရန်နှင့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းဖြင့် နိုင်ငံတော်၏ ဝင်ငွေရရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဆင်စခန်းများ ဖွင့်လှစ်ခြင်းဖြစ် ကြောင်း သိရသည်။



မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မင်းဘူးခရိုင် ငဖဲမြို့ နယ်၌ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲက တာဝန်ယူဆောင်ရွက်လျက် ရှိသည့် ကော်ဖီနည်းပညာဖွံ့ဖြိုးရေခြံ(နတ်ရေကန်)သို့ရောက်ရှိရာ စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ကော်ဖီခြံဆိုင်ရာ အချက်အလက်များ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် ပြည်ပသို့တင်ပို့နိုင်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။



ထို့နောက် ဒုတိယသမ္မတက မိမိတို့နိုင်ငံရှိ ကမ္ဘာ့အဆင့်အတန်းမီ ကော်ဖီ မျိုးများကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စိုက်ပျိုး၍ အရည်အသွေးမြင့် ကော်ဖီများ ထုတ်လုပ်ပြီး ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး ကြိုးစား ဆောင်ရွက်ကြရန်မှာကြား၍ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)မှ စိုက်ပျိုးထုတ်လုပ်ထားသည့် ကော်ဖီ ကုန်ကြမ်းများ၊ ထုတ်ကုန်နမူနာများနှင့် စနစ်တကျ စိုက်ပျိုးထားသည့် ဖြစ်ထွန်း အောင်မြင်လျက်ရှိသော ကော်ဖီပင်များကို လှည့်လည် ကြည့်ရှုပြီး ဒေသခံပြည်သူ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။



တွေ့ဆုံစဉ် ဒေသခံပြည်သူများက စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးဆိုင်ရာလိုအပ်ချက်များကို တင်ပြကြရာ ဒုတိယသမ္မတက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။



ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)သည် မကွေးတိုင်းဒေသကြီး ငဖဲမြို့ နယ်အတွင်းတည်ရှိပြီး ဧရိယာ ၄၀ ဒသမ ၈၅ ဧက ကျယ်ဝန်းကြောင်း၊ ခြံအတွင်း ကုန်းမြင့်ကော်ဖီဖြစ်သည့် အာရေးဗီးကားမျိုးစိပ်များဖြစ်သော ကက်တီမိုးစသည့် အရည်အသွေးမြင့် ကော်ဖီမျိုးများကို ၂၀၀၁ ခုနှစ်တွင် စတင်စိုက်ပျိုးပြီး မကွေးတိုင်း ဒေသကြီးအနောက်ခြမ်းဒေသများသို့ ကော်ဖီပျိုးပင်များဖြန့်ဖြူးပေးလျက်ရှိပြီး ကော်ဖီ စိုက်ပျိုး ထုတ်လုပ်မှုနည်းပညာပေးသင်တန်းများ ဒေသအရောက်နှစ်စဉ် ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ရခိုင်ပြည်နယ် အရှေ့ခြမ်းဒေသရှိ ကော်ဖီစိုက်ပျိုးလိုသော ကျေးရွာများသို့ ကော်ဖီပျိုးပင်များဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။



ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မြို့သစ်မြို့နယ် ရေပြည့်ကျေး ရွာရှိ Good brothers ကုမ္ပဏီ၏ မျိုးကောင်းမျိုးသန့် ပြန့်ပွားရေး နွားမွေးမြူရေးခြံသို့ ရောက်ရှိရာ ကုမ္ပဏီပိုင်ရှင် ဦးလှဦးနှင့် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးဦးတို့က မွေးမြူရေးခြံဆိုင်ရာ အချက်အ လက်များ၊ မျိုးကောင်းမျိုးသန့်နွားများအား စနစ်တကျ မွေးမြူထားရှိမှု၊ နွားနို့နှင့် နို့ထွက် ပစ္စည်းများ ထုတ်လုပ်နေမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။



ထို့နောက် ဒုတိယသမ္မတသည် နွားစာမြက်များ စိုက်ပျိုးထားရှိမှုနှင့် မျိုးကောင်း မျိုးသန့်နွားများအား စနစ်တကျမွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး မိမိတို့နိုင်ငံသည် သဘာဝပထဝီအနေအထားအရ ပတ်ဝန်းကျင်တွင် ကြီးမားသည့် ဈေးကွက်ကြီးများကို ပိုင်ဆိုင်ထားပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်နွားများကို ကျယ်ကျယ် ပြန့်ပြန့်မွေးမြူ၍ ပြည်ပသို့ ပိုမိုတိုးချဲ့တင်ပို့နိုင်ရေးကို ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဒေသခံတောင်သူများ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း မှာကြားသည်။



ညနေပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များ ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။