ဒုတိယသမ္မတ ဦးမြင့်ဆွေ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ဒေသထွက်ကုန်ပြပွဲသို့ တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email





ရန်ကုန် မတ် ၁၆



ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ဒေသထွက်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။



အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသန်းမြင့်၊ ဦးသောင်းထွန်းနှင့် ဦးအုန်းမောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ချင်းပြည် နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ချင်းပြည်နယ် တရားလွှတ်တော်တရားသူကြီး ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များနှင့်သံတမန်များ၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုး ရေးဌာန (UK Department for International Development – DFID)၊ DaNaFacility နှင့် VDB Loi Co., Ltd တို့မှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။



ထို့နောက် ချင်းရိုးရာအကအဖွဲ့မှ ချင်းရိုးရာ ဝါးညှပ်အကနှင့် ဓားသိုင်းအကတို့ ဖြင့်ဖျော်ဖြေခဲ့ပြီး ချင်းပြည်နယ်၏ သဘာဝအလှအပနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း များကို ဗီဒီယိုဖြင့်ပြသသည်။



ယင်းနောက် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲ ဖွင့်ပွဲအခမ်း အနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်တို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။



ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတဦးမြင့်ဆွေ က ယနေ့ကျင်းပသည့် ချင်းပြည် နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲသည် ချင်းပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့်စီးပွားရေး အခွင့်အလမ်းများ အပေါ် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများသိရှိစေရန်နှင့် ချင်းပြည် နယ်တွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ဒေသထွက်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြသနိုင်ရန်ရည် ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း။



အာရှဖွံ့ဖြိုးရေးဘဏ်၏ တွက်ချက်မှုအရမြန်မာနိုင်ငံ၏ တစ်ဦးကျဝင်ငွေတိုး တက်မှုနှုန်းသည် ၂၀၁၈ ခုနှစ်တွင် (၅ ဒသမ ၉) ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၌ (၆ ဒသမ ၃) ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားပါကြောင်း။



နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် မျှတပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရင်းနှီး မြှုပ်နှံမှုဝန်းကျင်ဖန်တီးပေးနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့ပါ ကြောင်း၊ သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများအနေဖြင့် ကုမ္ပဏီများဥပဒေ အသစ်ပြဋ္ဌာန်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ပြဋ္ဌာန်းခြင်း၊ ဥပဒေနှင့်စည်းမျဉ်းမူဘောင် များကို ခေတ်မီလာအောင် ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းများလွယ်ကူချောမွေ့ စေရန်မြှင့်တင်ခြင်း၊ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ချက်အားလုံးကို အထောက် အကူပြုနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ စွမ်းဆောင်ရည်ကို ပိုမိုအား ကောင်းလာအောင်ဆောင်ရွက်ခြင်း၊ ဘဏ်လုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အပြောင်း အလဲပြုလုပ်ခြင်းများပါဝင်ပါကြောင်း။



ပုဂ္ဂလိကကဏ္ဍအတွက် လုပ်ကိုင်ခွင့်ပေးထားသည့် ပတ်ဝန်းကျင်ကို မြှင့်တင်ပေး ခြင်းသည်လည်း အစိုးရစီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်များ၏ အဓိကမဏ္ဍိုင် ပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ကာလလတ်နှင့်ကာလရှည်များ အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရေရှည် တည်တံ့စေရန်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် အဓိကရည်ရွယ်ပါ ကြောင်း။



မိမိတို့၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ရပ်အနေဖြင့် “မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP)” ကိုရေးဆွဲပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်း ၏ ရည်ရွယ်ချက်သည် စစ်မှန်၍ အားလုံးပါဝင်နိုင်ပြီး အသွင်ကူးပြောင်းသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် နည်းလမ်းများကို ထုတ်ဖော်ရာတွင် နိုင်ငံ၏ မူဝါဒ ရည်မှန်းချက်နှင့်အဖွဲ့အစည်းများအကြားအပြန်အလှန်ညီညွတ်မှုရှိစေရန်ဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းသည် နိုင်ငံပြုပြင်ပြောင်းလဲမှုအတွက်သင့်လျော်သော လမ်းပြမြေပုံတစ်ခု ဖြစ်သည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုထား ပါကြောင်း၊ ထို့အပြင်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကိုအတား အဆီးဖြစ်စေသည့် ကန့်သတ်ထားသောမူဝါဒများကိုလည်း ပယ်ဖျက်သွားနိုင်ရန်အတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။



အစိုးရအနေဖြင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်နှင့်စီးပွားရေး ဝန်းကျင်တိုးတက်စေရန် “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း” ကို ၂၀၁၈ ခုနှစ်တွင် မိတ်ဆက်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှု (Private Sector Development-PSD)သည် အရေးပါ သည့် အခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဘောင်နှင့် လုပ်ငန်းစဉ်များကို ၂၀၁၆ခုနှစ်တွင် ချမှတ်ခဲ့ပြီး ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ကိုဖွဲ့စည်းကာ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။



ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ကို ပူးပေါင်းပါဝင်သူများ၏အမြင်နှင့် လက်တွေ့ကွာဟချက်များကို ဖြည့်ဆည်းပေးရန်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိနားလည်စေရန်နှင့် လမ်းပြမြေပုံအနေဖြင့် ဆောင်ရွက်နိုင်စေရန်အတွက် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးမူဘောင်(PSD Framework)ကိုထပ်မံ၍ အဆင့်မြှင့်တင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့အဆင့်မြှင့်တင်ရာတွင်ဥပဒေနှင့် လုပ်ထုံးလုပ်နည်း ဆိုင်ရာဝန်းကျင်တိုးတက်ကောင်းမွန်စေခြင်း၊ ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင် ရွက်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ခြင်း၊ အခြေခံလူသား အရင်းအမြစ်တည်ဆောက်ခြင်းနှင့် စီးပွားရေးနှင့်ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံ၏ အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲခြင်း စသည့်မဏ္ဍိုင်(၅)ရပ်ဖြင့် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။



ယင်းသို့ကျယ်ပြန့်သည့် ပြုပြင်ပြောင်းလဲမှုများအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး၏ စီးပွားရေးဝန်းကျင်များကို မြှင့်တင်ပေးရန် ဆက်လက်ဆောင် ရွက်သွား မည်ဖြစ်ပါကြောင်း၊ ဆင်းရဲမှုနှင့် မညီမျှမှုများ၏ အဓိကစိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ပိုမိုကောင်းမွန်သည့် လူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန်အတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ၏ အင်အားကိုအသုံးပြုသွားမည် ဖြစ်ပါကြောင်း။



နိုင်ငံတော်အစိုးရအနေဖြင့် အလုပ်အကိုင်ဖန်တီးရေးနှင့်ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုး တက်ရန်အတွက် ProjectBank (စီမံကိန်းဘဏ်)မှ တစ်ဆင့်စီမံကိန်းဆောင်ရွက်မှုများ ကို ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အပါ အဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် အခြေခံအဆောက်အအုံ ဦးစားပေးစီမံ ကိန်းများကို ထုတ်ပြန်ကြေညာရန်အတွက် Project Bank ကိုမကြာခင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ Project Bank သည် အစိုးရဘတ်ဂျက် ခွဲဝေဆောင် ရွက်မှုကို ညှိနှိုင်းဆောင်ရွက်ရန်၊ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးမှု အထောက်အပံ့ များ လွယ်ကူချောမွေ့စေရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP)၏ပန်းတိုင်နှင့်မဟာဗျူဟာများအတွက်လည်းချိန်ညှိရန်ရည်ရွယ်ထားပါကြောင်း။



ယခုအချိန်သည် မိမိတို့နိုင်ငံတွင်ပြည်တွင်း/ ပြည်ပမှရင်းနှီးမြှုပ်နှံမှုများပိုမိုတိုး တက်လာစေရန်အတွက် စီးပွားရေးတံခါးကိုဖွင့်လှစ်ထားပြီးဖြစ်သည့်အတွက် လက်ရှိ ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် အခွင့် အလမ်းများကို ဖိတ်ခေါ်လျက်ရှိပါကြောင်း၊ အခြေခံအဆောက်အအုံမလုံလောက်သည့် စိန်ခေါ်မှုများရှိနေဆဲဖြစ်သော်လည်း ယင်းစိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ပါကြောင်း။



မြန်မာနိုင်ငံသည်တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြားတွင် ပေါင်းကူးနယ်မြေ ဒေသ အနေဖြင့်တည်ရှိနေပြီး အခြားသော အာဆီယံနိုင်ငံများနှင့်ပါဆက်သွယ်နိုင်သည့် ထူးခြားသောပထဝီတည်နေရာ အနေအထားကိုပိုင်ဆိုင်ထားသဖြင့် စီးပွားရေးအခွင့် အလမ်းအများအပြားရှိနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ယခုလိုမဟာဗျူဟာကျ သည့် နိုင်ငံအတွင်းမှာရှိသည့် ချင်းပြည်နယ်သည်အိန္ဒိယနိုင်ငံနှင့်နယ်နိမိတ်ခြင်း ထိစပ်မှု များသည်သိသာထင်ရှားလှသည့်ဈေးကွက်အလားအလာများကိုဖော်ဆောင်ပေးနေခြင်းပင်ဖြစ်ပါကြောင်း။



မဲခေါင်-အိန္ဒိယစီးပွားရေးစြင်္ကံသည်လည်း တိုက်ရိုက်ကုန်သွယ်မှုများနှင့် တစ်ဆင့် ခံကုန်သွယ်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် စီးပွားရေးစြင်္ကံတစ်လျှောက် တွင်ရှိသည့် စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးတိုးတက်စေရန်အတွက် လည်းအထောက်အကူပြုနိုင်မှာဖြစ်ပါကြောင်း။



ချင်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအနေဖြင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်း၊ လူထုအခြေပြုခရီးသွားလုပ်ငန်း၊ ရေအားလျှပ်စစ်နှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ရိုးရာရက်ကန်းလုပ်ငန်းစသည့် အသေးစားစီးပွားရေး လုပ်ငန်းများမှတစ်ဆင့် ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအထိရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအမျိုးမျိုးရှိနေသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း။



ချင်းပြည်နယ်သည် အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံအကြား မဟာဗျူဟာကျသည့် စီးပွားရေးစြင်္ကံပေါ်၌ တည်ရှိနေသဖြင့် အနာဂတ်တွင် နှစ်နိုင်ငံ၏ ကုန်သွယ်မှုသည် ပိုမိုများပြားလာပြီး ခိုင်မာသည့် အလားအလာကောင်းများရှိနေပါကြောင်း၊ ဆောင်ရွက် နေဆဲဖြစ်သည့် ပို့ဆောင်ဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှု များသည်လည်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအမြောက်အများကိုဖိတ်ခေါ်နေခြင်းပင်ဖြစ်ပါကြောင်း။



ယနေ့ကျင်းပသည့်ပွဲသည် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများအတွက် ချင်းပြည်နယ်တွင်ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို သိရှိနားလည်စေရန် နှင့် အမိအရဆုပ်ကိုင်နိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟုယုံကြည်ပါကြောင်း၊ ထို့အပြင်ဧည့်သည်တော်များအနေဖြင့် ချင်းပြည်နယ်၏သဘာ၀ အလှအပများကို တွေ့မြင်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် အတွက်ချင်းပြည်နယ်သို့ ဖြစ်နိုင်သမျှ မြန်မြန်သွားရောက်လေ့လာစေလိုပါကြောင်းတိုက်တွန်းပြောကြားသည်။



ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့် အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။



ယင်းနောက် ဒုတိယသမ္မတဦးမြင့်ဆွေသည် ခန်းမအတွင်းခင်းကျင်းပြသထား သည့် ဌာနဆိုင်ရာပြခန်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ဆိုင်ရာပြခန်းများနှင့် ချင်းပြည်နယ်၏ ဒေသထွက်ကုန်ပစ္စည်းများ၊ ချင်းရိုးရာအထည် များနှင့် ရိုးရာယဉ်ကျေးမှု ပြခန်းတို့ကိုလှည့်လည်ကြည့်ရှု့အားပေးသည်။



ထို့နောက် အခမ်းအနားကိုအစီအစဉ်အတိုင်းဆက်လက် ကျင်းပရာအစိုးရ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ တာဝန်ရှိသူများ၊ နိုင်ငံခြားသားပညာရှင်များ က ချင်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ၊ ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ အခြေခံအဆောက်အအုံနှင့် မြို့ပြဖွံ့ဖြိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ရေအားလျှပ်စစ်နှင့်လေအားလျှပ်စစ်ကဏ္ဍ၊ အထည်အလိပ် နှင့် လက်မှုလုပ်ငန်းကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ဘဏ္ဍာရေးထောက်ပံ့မှုဆိုင်ရာ ကဏ္ဍ တို့ကိုရှင်းလင်းတင်ပြခဲ့ကြပြီး ပညာရှင်များ ပါဝင်ဆွေးနွေးသည့် စကားဝိုင်းဆွေးနွေးပွဲ တစ်ခုကို လည်းကျင်းပခဲ့သည်။



ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲသည်ချင်းပြည်နယ်၏ စီးပွား ရေဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးရန်၊ ချင်းပြည်နယ် စီးပွားရေးအခွင့်အလမ်းများအပေါ် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ သိရှိစေရန်နှင့် ချင်းပြည်နယ်တွင် ရှိသည့်စီးပွားရေးလုပ်ငန်းများ၏ဒေသထွက်ကုန်များ နှင့်ဝန်ဆောင်မှုများကို ပြသနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီးအဆိုပါပြပွဲတွင် ပြခန်း ပေါင်း (၆၀)ကျော် ခင်းကျင်းပြသထားပြီး ဖျော်ဖြေမှုအစီအစဉ်များနှင့်အတူ မတ်လ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။