ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကမ္ဘာ့ရေနေ့(၂ဝ၁၉)အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကမ္ဘာ့ရေနေ့(၂ဝ၁၉)အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မတ် ၆

ကမ္ဘာ့ရေနေ့ (၂ဝ၁၉) အထိမ်းအမှတ်အခမ်းအနားကိုယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ အမျိုးသား အဆင့်ရေ အရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူတက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့် နှင့် ဦးစိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ရန်ကုန်နှင့် မန္တလေးမြို့တော်ဝန်များ၊Water Mothers Organization နာယက ဒေါက်တာရွှေလွှမ်း၊ အမျိုးသားအဆင့်ရေ အရင်းအမြစ်ကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ပါမောက္ခချုပ်များ၊ သံတမန်များ၊NGO ၊ INGO များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ရေကဏ္ဍနှင့်ဆက်နွှယ် သက်ဆိုင်သူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ က အမျိုးသားအဆင့်ရေ အရင်းအမြစ် ကော်မတီကို၂ဝ၁၃ ခုနှစ်တွင်စတင် ဖွဲ့စည်းပြီး၂ဝ၁၄ခုနှစ်မှစတင်၍ ကမ္ဘာ့ရေနေ့ အထိမ်းအမှတ် အခမ်းအနားများကိုကျင်းပခဲ့ပါကြောင်း၊ ရေနှင့်ပတ်သက်၍ ပိုမိုအလေး ထားဆောင်ရွက် စေရန်၊ ရေနှင့်ဆက်နွှယ်သက်ဆိုင်သူများ အကြားအတွေ့အကြုံနှင့် နည်းပညာများဖလှယ်ရန်၊ ရေနှင့်ပတ်သက်သည့်သုတေသနနှင့် နည်းပညာများအား ကောင်းစေရန်၊ ရေနှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများအကြားဆက်သွယ်ဆောင်ရွက်ရာ တွင် အထောက်အကူပြုနိုင်ရန် စသည့်ရည်ရွယ်ချက်များချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း။

ယခုနှစ် ၂ဝ၁၉ ခုနှစ်ကမ္ဘာ့ရေနေ့အတွက်အထူးပြုအကြောင်းအရာ “Theme” မှာလူသားအခွင့်အရေးအရ ဒုက္ခသည်များအပါအဝင် “မည်သူ့ကိုမျှ နောက်ချန် မထားခဲ့ရေး”“Leaving No One Behind” ဖြစ်ပါကြောင်း၊ လုံခြုံဘေးကင်း သည့်ရေ၊ကောင်းမွန်သည့် ရေနှင့်သန့်ရှင်းမှုစနစ်တို့ကို လက်လှမ်းမမီဘဲကျန်ရှိခဲ့သူများစွာ အတွက် အကြောင်းရင်းများအလေးထားရှာဖွေဖြေရှင်းကြရန်ရည်ရွယ်၍ UN-Water အနေဖြင့် အဆိုပါအထူးပြုအကြောင်းအရာ “Theme” ကိုသတ်မှတ်ထားခြင်းဖြစ်ပါ ကြောင်း။

ယနေ့ ကမ္ဘာ့လူဦးရေ (၁) ဘီလီယံခန့်သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိနိုင်သေးသည့်အတွက် ၎င်းတို့၏ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများအပေါ် သက်ရောက်မှုများရှိနေပါကြောင်း၊ ကမ္ဘာ့လူဦးရေ (၂ဒသမ၃) ဘီလီယံခန့်သည် ကောင်းမွန်သည့်မိလ္လာစနစ်ဖြင့် အလှမ်းဝေးကွာဆဲဖြစ်သည့်အတွက် ၎င်းတို့၏သက်ရှည်ကျန်းမာမှုများအပေါ် သက်ရောက်မှုများခံစားနေကြရဆဲဖြစ်ပါကြောင်း။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့်ရေနှင့် ဆက်နွှယ် သည့်အခက်အခဲပြဿနာများကိုကမ္ဘာ့နေရာအနှံ့အပြားတွင်တွေ့ကြုံနေကြရပါကြောင်း၊ ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု၊ လေပြင်းမုန်တိုင်းကျရောက်မှုစသည့် သဘာဝဘေး အန္တရာယ်များကြောင့် လုံခြုံဘေးကင်းသည့်သောက်သုံးရေ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ စိုက်ပျိုးရေရရှိရေးအပါအဝင် ကဏ္ဍစုံထိခိုက်စေမှုများကြောင့် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် နိုင်ငံများ၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ကြီးမားသည့်သက်ရောက်မှုများဖြစ်ပေါ်နေဆဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူရေနှင့်ပတ်သက်သည့် အခက်အခဲပြဿနာများကို တွေ့ကြုံ ခံစားနေရပါကြောင်း။

မိမိတို့နိုင်ငံသည်ရေအရင်းအမြစ်ကြွယ်ဝပြီးအာဆီယံ(၁ဝ)နိုင်ငံ၏ရေ (၁၆)ရာခိုင်နှုန်း ခန့်နှင့် အာရှတိုက်တစ်တိုက်လုံး၏ ရေ(၁၂)ရာခိုင်နှုန်းခန့်အထိပိုင်ဆိုင်သည့် ရေအရင်း အမြစ်များပေါကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ သို့သော်မိုးရွာသွန်းမှု ကွဲပြားခြား နားမှု၊ လူဦးရေတိုးပွားမှု၊လူနေထူထပ်မှု၊စက်မှုဇုန်နှင့် စီးပွားရေးဇုန်များတိုးတက်များပြား လာမှုစသည့်လူနေမှုစနစ်များ ပြောင်းလဲလာမှုတို့ကြောင့် ရေလိုအပ်မှုသည်လျင်မြန်စွာ ပိုမိုများပြားလာပြီးလူတိုင်းအတွက် ရေဖူလုံစွာရရှိနိုင်ရေးတွင် အခက်အခဲများဖြစ်ပေါ် နေပါ ကြောင်း၊ အခြေခံလိုအပ်ချက်များဖြစ်သည့် ဘေးကင်းသော သောက်သုံးရေရရှိနိုင်မှု၊ မိလ္လာနှင့် ရေဆိုးစွန့်ပစ်မှုစနစ်အတွက် ရေလိုအပ်မှုများသည်လည်းနေရာအများစုတွင် ပြဿနာရပ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါကြောင်း၊ စနစ်တကျသန့်စင်ခြင်းမရှိဘဲ မြစ်ချောင်း များအတွင်းသို့ စွန့်ထုတ်လိုက်သည့်ရေဆိုးများနှင့် ဓာတုပစ္စည်းများကြောင့်လည်း ရေထု ညစ်ညမ်းမှုပြဿနာဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အဆိုပါအခက်အခဲများကို ဖြေရှင်းရန် နှင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲရေးကို စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ရေအရင်းအမြစ်စီမံခန့်ခွဲမှုအတွက်ရေတို၊ ရေလတ်နှင့် ရေရှည်အစီအမံများချမှတ် ဆောင်ရွက်ကြရမည် ဖြစ်ပြီးအစီအမံများချမှတ် ဆောင်ရွက်ရာတွင်လည်း အားလုံးပါဝင် ဆောင်ရွက်ကြမှသာ လုပ်သာကိုင်သာရှိသည့်ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲမှုအတွက် အားလုံးပူးပေါင်းပါဝင်၍ အတူ တကွရေရှည်ဆောင်ရွက်သွားမှသာ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသည့် ရေအရင်းအမြစ်များကို ထိထိရောက် ရောက် အကျိုးရှိရှိ စီမံဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မ တီကို ၂ဝ၁၃ခုနှစ်တွင်စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂ဝ၁၆ခုနှစ်တွင် ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းမှုနှင့် အတူအမျိုးသားအဆင့်ရေ အရင်းအမြစ်ကော်မတီကို ပြန်လည် ဖွဲ့စည်းပြီးရေနှင့်ဆက်နွှယ်သည့် ကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး၊ ရေအရင်း အမြစ်များကိုထိရောက်စွာစီမံခန့်ခွဲရေးနှင့်အကျိုးရှိစွာအသုံးချနိုင်ရေး၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ထိရောက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရန် အထောက် အကူပြုရေး၊ ရေ အရင်းအမြစ်ဆိုင်ရာ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အခက်အခဲ များရှိပါက ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး တို့အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၊ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့်လည်း ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဆွေနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လေ့လာမှုများနှင့် စီမံကိန်းများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့်လည်း ASEAN ပူးပေါင်းဆောင်ရွက်မှု၊ Mekong River Commission, Lancang-Mekong Cooperation စသည့် ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါ ကြောင်း။

ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး ကော်မတီများ အနေဖြင့်လည်း ရေပိုမိုသိုလှောင်နိုင်ရေးအတွက် အခြေခံအဆောက် အဦများ ပိုမိုတည် ဆောက်ခြင်း၊ ရေပြုန်းတီးလေလွင့်မှုလျော့ပါးစေရေးလုပ်ငန်းစဉ်များနှင့် ရေချွေတာရေးဆိုင်ရာ လှုပ်ရှားမှုများကိုရန်ပုံငွေရရှိမှုအပေါ် မူတည်ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ထို့အတူရေနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာ စေရေး အစီအမံများဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အ စည်းများ အားလုံးပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းများတိုက်ခတ်မှု၊ ရေကြီးရေလျှံမှု၊ ပင်လယ်လှိုင်းများဖြစ်ပေါ်မှုတို့ကိုစောင့်ကြည့်၍ အချိန်နှင့်တစ်ပြေးညီ ကြိုတင်သတိပေး ချက်များထုတ်ပြန်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရေးအတွက် သဘာဝဘေးအန္တရာယ်လျော့ပါး သက်သာစေမည့် အခြေခံအဆောက်အဦများ တည်ဆောက်ပြုပြင်ခြင်း၊ ဆက်နွှယ် သက်ဆိုင်သူများအတွက် ပညာပေးလုပ်ငန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်း များဆောင်ရွက်ခြင်းတို့အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း။

ရေကဏ္ဍဘက်စုံစီမံခန့်ခွဲမှု အောင်မြင်ရေး ဆောင်ရွက်ရာတွင် ဘက်စုံအလွှာစုံတက် ကြွစွာပါဝင်လှုပ်ရှားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ရေပေးဝေမှုနှင့် မိလ္လာစနစ်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ရေသွင်းစိုက်ပျိုးမှု၊ ရေအားလျှပ်စစ်၊ သဘာဝအခြေပြုခရီးသွားလာမှု၊ သယ်ယူပို့ဆောင်မှုစသည့် ကဏ္ဍမျိုးစုံတိုးတက်မှုရှိလာစေ ရန်အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကဏ္ဍများ ၏အခြေခံလိုအပ်ချက်သည်ရေဖြစ်ကြောင်းနှင့် ရေသည်ရှားပါးသည့် အရင်းအမြစ် ဖြစ်ကြောင်း သိနားလည်ပြီးရေအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက် သင့်ကြောင်း နှင့်အသိအမြင်ရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရေအသုံးပြုသူများအကြား ရေရှည်တည်တံ့သည့် ရေအသုံးချနိုင်မှုနှင့်ပတ်သက်သည့်အသိပညာ၊ ဗဟုသုတ၊ နည်းပညာ၊ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးတိုင်ပင်မှု နှင့်အကျိုးတူပူးပေါင်း ဆောင်ရွက် မှုများကို တိုးမြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ရေကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်မှုသည် အရေးပါသည့်အတွက် ၂ဝ၁၈ခုနှစ်မှ ၂ဝ၂၈ခုနှစ်အထိ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေကဏ္ဍဆိုင်ရာဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ဆယ်စုနှစ်ဟူ၍ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှ သတ်မှတ်ထား ပါကြောင်း။

ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဦးဆောင်၍ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာပူးပေါင်းဆောင်ရွက်နေသည့်မိတ်ဆွေနိုင်ငံများ၊ အစိုးရမဟုတ်သည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ အနေဖြင့် ဆက်လက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အလေးထား ပြောကြားလိုပါ ကြောင်း၊ရေဆိုင်ရာလုပ်ငန်းများသည် နိုင်ငံအတွက်သာမကနိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုး တက်မှုများအတွက် မဖြစ်မနေလုပ်ဆောင်ကြရမည့် လုပ်ငန်းများဖြစ်သည့်အတွက် မှန်ကန် သောအကျိုးရလဒ်များရရှိစေရန် ကမ္ဘာ့ကုလသမဂ္ဂကချမှတ်ထားသည့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ(Sustainable Development Goals)ကိုအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း အပ်ပါကြောင်းပြောကြားသည်။

ထို့နောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်း Video ကိုပြသသည်။

ယင်းနောက် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ထို့နောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဦးသန့်စင်မောင်ဦးဆောင်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကိုဆက်လက် ကျင်းပသည်။

အခမ်းအနားတွင် Water Mothers Organization နာယကဒေါက်တာရွှေလွှမ်း က ကမ္ဘာ့ရေနေ့ ၂ဝ၁၉ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “မည်သူ့ကိုမျှ နောက်ချန်မ ထားခဲ့ရေး”“Leaving No One Behind” နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီးပါမောက္ခ ဒေါက်တာခင်နီနီသိန်းဦးဆောင်၍ ဒေါက်တာရွှေလွှမ်း၊ ဦးထွန်းလွင်ဦး၊ ဦးလှမောင်သိန်းနှင့် ဒေါ်သင်းနွယ်စိုး တို့ပါဝင်ဆွေးနွေးကြသည်။

ယင်းနောက် ရေနှင့်စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် သီးခြား စီဆွေးနွေးခဲ့ကြသည်။